Wednesday, October 14, 2015

ခရီးသည်စာရင်း၌မပါသောသူ


စာရေးသူ ►►►ကျော်မြင့်ဇော်
Not On The Passenger List by Barry Pain, From "Five Ghost Stories"


မိုးသက်မုန်တိုင်းက ပြင်းထန်သဖြင့် ကျွန်ုပ် အိပ်၍မရ၊ သင်္ဘောတစ်စင်းလုံးလည်း ခရီးသည်များ၏ အော်ဟစ်သံများ၊ လေတိုက်သံ၊ မိုးရွာသံ၊ မိုးခြိမ်းသံတို့ဖြင့် ဆူပွက်လျက်ရှိသည်။ အရာရာတိုင်းသည် ဘယ်ညာယိမ်းထိုးလျက်ရှိသဖြင့် ကျွန်ုပ်ကုတင်အောက်ရှိ သေတ္တာကြီးမှာ တစ်ချိန်လုံး တောင်ဘက်လျှောလိုက်၊ မြောက်ဘက်ရွေ့လိုက်နှင့်အလုပ်အများဆုံး ဖြစ်နေ၏။

တစ်ခါတစ်ရံ ယင်းသေတ္တာသည် ကြမ်းပြင်တစ်လျှောက် လျှောတိုက်၍ အခန်းတံခါးဆီသို့ ခပ်ဖြည်းဖြည်း
ရွေ့သွားစဉ် သေတ္တာခပ်သေးသေးတစ်လုံးကပါ ချောင်ထဲမှ လျှောထွက်လာကာ ပထမသေတ္တာရွေ့သွားရာ လမ်းအလယ်တွင် ရပ်နေ၏။ ထို့ကြောင့် အခန်းတွင်းရှိ မီးခလုတ်ကို ကျွန်ုပ်ပိတ်ပစ်လိုက်၏။ ယင်းသေတ္တာနှစ်လုံးကို အမှောင်ထဲတွင် တိုက်ချင်တိုက်၊ ကွဲချင်ကွဲ၊ ဖြစ်လိုရာဖြစ်စေသဘောမျိုးဖြင့် အမှောင်ချထားလိုက်၏။ ကျွန်ုပ်ကြိုးစားပြီး ကြိတ်မှိတ်၍ အိပ်လိုက်သည်။ အိပ်မက်ထဲတွင် ထူးထူးဆန်းဆန်း အကြောင်းအရာများ မြင်မက်ခဲ့၏။

နံနက်လင်းသော် မုန်တိုင်းက ငြိမ်သက်နေပြီဖြစ်၍ ကျွန်ုပ်သည် မျက်နှာသစ်၊ ရေမိုးချိုး၊ ကိုယ်လက်သုတ်သင်ရန် ရေချိုးခန်းအတွင်းသို့ ဝင်လိုက်သောအခါ ရေများပြည့်လျှံနေပြီး ဘောင်ဘင်ခတ်၍ တစ်ကိုယ်လုံး စိုရွှဲကုန်သည်။
ရေမိုးချိုးပြီးသောအခါ ကျွန်ုပ်၏ အခန်းသို့ ပြန်လာစဉ် ကျွန်ုပ်၏ အခန်းဆီ သင်္ဘောစားပွဲထိုးမှ နံနက်စာ လက်ဖက်ရည်ယူလာသည်နှင့် ဆုံနေသည်။
သူက ကျွန်ုပ်ကို ရာသီဥတု ကောင်းသွားပြီဖြစ်ကြောင်း ပြောခဲ့သည်။ ထိုနေ့က မနက်စာစားချိန်တွင် လူနည်းနည်းသာရှိသည်။ ကျွန်ုပ်သည် စားသောက်ခန်းသို့ သွားသောအခါ ထိုအခန်းတွင် ကျွန်ုပ်ထက်အရင်ရောက်နေသူများထဲ၌ မစ္စက်ဒဲရစ်ဆင် တစ်ယောက်အပါအဝင်ဖြစ်ပြီး ကျွန်ုပ်ကအဝင် သူမကအထွက်ဖြစ်၏။
သူမ၏ မျက်နှာ မသာမယာဖြစ်နေပြီး မနေ့က ရာသီဥတု ဆိုးဝါးသောကြောင့် နေထိုင်မကောင်း ဖြစ်ချင်၍ မအီမသာ ခံစားနေရပေသည်ဟု ကျွန်ုပ်တွက်ဆလိုက်သည်။ ထိုစဉ် သူမက ကျွန်ုပ်ကို စတင်၍ စကားပြောသည်။

► ရှင့်ကို ကျွန်မ ပြောစရာရှိတယ်..  အဲဒါ ရှင် မနက်စာစားပြီးရင် ကျွန်မနဲ့ တွေ့နိုင်မလားဟင်...

မစ္စက်ဒဲရစ်ဆင်မှာ ခရီးသွားအတွေ့အကြုံရှိသူ မဟုတ်သဖြင့် ကျွန်ုပ်ကို သူမသိလိုသည့် အချက်များအား မကြာခဏ မေးမြန်းခဲ့ဖူးသဖြင့် ကျွန်ုပ်အား ယခုကဲ့သို့ ရင်းရင်းနှီးနှီး ပြောဆိုခြင်းဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်သည် နံနက်စာစားပြီးသောအခါ မစ္စက်ဒဲရစ်ဆင်နှင့် သွားရောက်တွေ့ဆုံရာ သူမသည် ကုလားထိုင်တစ်လုံး၌ ထိုင်လျက်ရှိပြီး နွေးထွေး၍ တန်ဖိုးကြီးသော ဝတ်စုံကို ဝတ်ဆင်ထား၏။ ထို့ကြောင့် မစ္စက်ဒဲရစ်ဆင်မှာ ပင်လယ်တောက်ခြင်း မဟုတ်နိုင်ဟုကျွန်ုပ် ကောက်ချက်ချခဲ့၏။

► ကျွန်မ ညက အိပ်လို့မရဘူးရှင့်...

► ဟုတ်တယ်..ကျွန်တော်လည်း ညက အိပ်လို့မရပါဘူးဗျာ..  အိပ်မက်တွေကလည်း ထူးထူးဆန်းဆန်း ကယောင်ကတန်းနဲ့ မက်လိုက်တာ ဘာတွေမှန်းလည်းမသိဘူး...

ထိုစဉ် မစ္စက်ဒဲရစ်ဆင်မှာ ပြတင်းပေါက်မှတစ်ဆင့် ပင်လယ်ရေပြင်ကို ငေးမောလျက်ရှိပြီး ကျွန်ုပ်၏ စကားကိုပင် သူမ ကြားဟန်မတူပေ။ မစ္စက်ဒဲရစ်ဆင်မှာ အသက်သုံးဆယ့်လေး၊ သုံးဆယ့်ငါးနှစ်ခန့် ရှိမည်ဖြစ်ပြီး၊ မျက်လုံးမျက်ဖန်ကောင်းကောင်းနှင့် ဆွဲဆောင်မှုရှိသော မျက်နှာပိုင်ဆိုင်သူ ဖြစ်၏။

► ညက မုန်တိုင်းကလည်း အတော်ကြမ်းတာဗျ..  ဒီညကျမှပဲ စိတ်ချလက်ချအိပ်နိုင်တော့မှာ.. 
အခု နေရောင်လည်း တော်တော်ပွင့်နေပြီပဲ..  ကဲ..ဒါတွေထားပါတော့လေ..  မစ္စက်ဒဲရစ်ဆင် ခင်ဗျားပြောချင်တဲ့ ကိစ္စကို ပြောစမ်းပါဦး..  ကျွန်တော် ဘာအကူအညီပေးရမလဲ...

► ကျွန်မကတော့ ရှင့်ဆီကို အကူအညီတောင်းရင်လည်း..ရှင်ဘာမှတတ်နိုင်မယ် မထင်ဘူး...

တုန်ရီသောအသံနှင့် ပြောလျက်ရှိသည့် မစ္စက်ဒဲရစ်ဆင်သည် အလင်းရောင်ထဲတွင် သူမ၏ လက်ကို ထောင်လိုက်သောအခါ သေးသွယ်ပိန်လှီသည့် လက်ချောင်းကလေးများသည် တဆတ်ဆတ်တုန်လျက်ရှိသည်။

► ကျွန်မကတော့ သိပ်ကြောက်တာပဲ..  အရမ်းကိုမှပဲ ကြောက်တာပါပဲရှင်...

အသံတုန်တုန်ရီရီနှင့် ပြောနေသော မစ္စက်ဒဲရစ်ဆင်၏ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်လျက်ရှိ၏။

► မစ္စက်ဒဲရစ်ဆင်..သိပ်လည်း ကြောက်မနေပါနဲ့ဗျာ..  အခုမှ ကြောက်နေလို့လည်း ဘယ်သဘာဝကျပါ့မလဲ..  မုန်တိုင်းက ပြီးနေပြီပဲ..  မနက်ဖြန်မနက်ဆိုရင် လီဗာပူးလ်ကိုတောင် သင်္ဘောဆိုက်တော့မယ့်ဥစ္စာ..ဟုတ်လား...

► မှန်ပါတယ်..ရှင်ပြောတာကို ကျွန်မ သဘောပေါက်ပါတယ်..  ဒါပေမယ့် ကျွန်မ ကြောက်လန့်နေတာက မုန်တိုင်းမဟုတ်ဘူးရှင့်..  တခြားအကြောင်းတစ်ကြောင်း ပြောရမှာလည်း ခပ်ခက်ခက်ပဲ..  ကျွန်မ ပြောပြလိုက်ရင် ရှင်က ကျွန်မကို ဦးနှောက်သိပ်မမှန်တဲ့သူလို့ ထင်မှာလည်း စိုးသေးတယ်...

► ဟာ..ခင်ဗျား ဘယ်လိုပြောလိုက်တာလဲ..  ခင်ဗျားက အခုထိ ကျုပ်ကို အယုံအကြည် မရှိဘူးလား...

► ကောင်းပါပြီ..ကောင်းပါပြီ..  ဒါဆို ကျွန်မ ပြောပြပါ့မယ်..  ကျွန်မရဲ့ ခင်ပွန်းသည် အဲလက်ဟာ လွန်ခဲ့တဲ့ သုံးလလောက်က ဆုံးသွားခဲ့တယ်လေ..  ဒီတော့ တစ်ပင်လဲမူ တစ်ပင်ထူဆိုတဲ့ စကားအတိုင်း နောက်ထပ်
အိမ်ထောင်ထပ်ပြုဖို့ အခု ကျွန်မ အင်္ဂလန်ကို သွားနေတာပေါ့...

► အင်း..သဘောပေါက်ပါတယ်..ဆက်ပြောစမ်းပါဦး...

► အဲလက်ဟာ လွန်ခဲ့တဲ့ သုံးလလောက်ကတည်းက ဆုံးသွားခဲ့ပေမယ့် မနေ့ညကတော့ သူ့ကို ဒီသင်္ဘောပေါ်မှာ တွေ့လိုက်တယ်..  ကျွန်မ အိမ်ထောင်ပြုမှာဖြစ်တဲ့အတွက် အနှောင့်အယှက်ပြုဖို့ ဝိညာဉ်နဲ့လာတယ်လို့ ကျွန်မထင်တယ်...

► မဖြစ်နိုင်ပါဘူးဗျာ..  ဖြစ်ကို မဖြစ်နိုင်ဘူး..  အင်း..မဖြစ်နိုင်ဘူးလို့ရော ခင်ဗျား မတွေးမိဘူးလား...

► မနေ့ကတောင် ကျွန်မကိုယ်တိုင် ရှင့်လို ထင်ခဲ့သေးတယ်...

► ကဲဗျာ..ဒါဖြင့်ရင် ဒီနေ့ကော ခင်ဗျား ဘယ်လိုထင်သလဲ..  ခင်ဗျားမြင်တာ..တွေ့တာ..ခံစားရတာတွေကို ပြောဗျာ ကျုပ်တစ်ခုချင်း ရှင်းပြပေးမယ်...

► ကျွန်မ မနေ့ညက ဆယ့်တစ်နာရီက ကျွန်မအခန်းကို ပြန်သွားခဲ့ပြီးတော့ မီးဖွင့်လိုက်တယ်..  အဲဒီအချိန်မှာ ကျွန်မရဲ့ ကုတင်ပေါ်မှာ ကျွန်မရဲ့ သေသွားပြီဖြစ်တဲ့ ယောက်ျားအဲလက်ကို ငုတ်တုတ်ကြီးထိုင်နေတာ တွေ့ရတယ်ရှင့်..  မြင်ရတာက ဘေးတိုက်အနေအထားကြီး..ပြီးတော့ သူက ကျွန်မကို လှည့်မကြည့်ဘူး.. 
သူ့ခေါင်းပေါ်မှာ လျှပ်စစ်မီးလုံးက ပွင့်နေတယ်လေ..  ညဝတ်အင်္ကျီရှည်အပြာကြီးကို ဝတ်ထားပြီး ဖိနပ်က အနီရောင်စီးထားတယ် သူ မသေခင်တုန်းက ဝတ်ခဲ့တဲ့ အဝတ်အစားပေါ့..  သူ့ဝတ်ရုံရှေ့အိတ်ကြီးကလည်း ဖောင်းပြီးတွဲကျနေတယ်ရှင့်
သူအသက်ရှိစဉ်တုန်းက သူပြောဖူးတဲ့ စကားတစ်ခွန်းကို ကျွန်မ အမှတ်ရလာတယ်..ဘယ်လိုပြောခဲ့ဖူးလည်းဆိုတော့ အဲလက်က သူခရီးသွားတိုင်း သွားတိုင်း ညဘက်ဆိုရင် သူ့ညဝတ်အင်္ကျီမှာ ရှိတဲ့အိတ်ထဲကို သူ့လက်ပတ်နာရီရယ်..ငွေအားလုံးရယ်..သော့တွဲတွေရယ် စုပြီး ထည့်ထားလေ့ရှိသတဲ့ရှင့်...
အဲဒါနဲ့ အဲဒီညကအကြောင်း ဆက်ကြဦးစို့ရဲ့...ကျွန်မက သူ့ကို မျက်တောင်မခတ်ဘဲ ကြည့်နေတဲ့အခါ သူက ဆတ်ခနဲ ခေါင်းကို လှည့်လိုက်ပြီး ကျွန်မကို ပြန်ကြည့်တယ်..
ပြီးတော့ သူက ထိုင်ရာကနေ ထလိုက်ပြီး ကျွန်မဆီကို ခပ်ဖြေးဖြေး လျှောက်လာတယ်ရှင့်..  ဒီအချိန်ထိ ကျွန်မဟာ သူ့ကို ကြောက်ဖို့ထက် အံ့အားသင့်ပြီး တအံ့တသြ ကြည့်နေမိတယ်လေ..  သူခေါင်းကို တစ်ချက်နောက်ဘက်လှည့်လိုက်တဲ့ အချိန်ကျမှ ကျွန်မကြောက်ရမယ့်စိတ်က ပေါ်လာတယ်..  အဲလက်မှ အဲလက်အစစ်ပါရှင်..
မယုံမရှိပါနဲ့..ကျွန်မ မျက်လုံးဟာ ဘယ်လိုမှ မမှားနိုင်ပါဘူး..  အဲလက်နဲ့ ပတ်သက်ရင် အသးအမွှားကအစ
ကျွန်မ အလွတ်ရနေတာကိုးရှင့်...

► အင်း..စဉ်းတော့စဉ်းစားစရာပဲ..ကျုပ်တော့ ခင်ဗျားပြောတဲ့အပေါ် လက်တွေ့ကျကျ အဖြေမထုတ်နိုင်သေးဘူး...

► သေချာပါတယ်ရှင်...အဲလက်ပါ..  မျက်နှာက ပွရောင်းရောင်း..ဝိုင်းတိုင်းတိုင်းနဲ့ သူက ကျွန်မထက် အသက်ဆယ့်ငါးနှစ်ကြီးတယ်..  အဲလက်ရဲ့ မျက်နှာမှာ ပါးစပ်ပေါက်က ခပ်ကျဉ်းကျဉ်းနဲ့..ပြီးတော့ သူ့မျက်နှာဟာ လူရိုးရိုးနဲ့ မတူဘဲ ဆေးခြယ်ထားတဲ့ အသက်မဲ့ အရုပ်ကြီးလိုပဲ..  ကျွန်မကိုလည်း သူ့မျက်လုံးက ကြည့်တာမဟုတ်ဘူး..
သူ့မျက်လုံးက တစ်ဝက်ပဲပွင့်နေတယ်..  သူ မသေခင်တုန်းက ဆရာဝန်လာတော့ အသက်ကုန်လု ကုန်ခင်က မျက်နှာအနေအထားပေါ့ရှင်..  ကျွန်မဖြင့် ရင်တွေတုန်..ခေါင်းတွေကြီး..ချွေးစေးတွေလည်း ထွက်လာတယ်..
အသားတွေဟာ နတ်ကျသလို တဆတ်ဆတ်တုန်လာတယ်..  ဒါနဲ့ ကျွန်မလည်း လက်တစ်ဖက်ကို နောက်ဘက်မှာ ဖွက်ထားရင်း ခေါင်းလောင်းတီးဖို့ ခလုတ်ကို လက်စမ်းလိုက်တယ်..  တစ်ဖက်က သူ့ကို လှည့်ကြည့်ရင်း ကျွန်မ ပြောလိုက်တယ်...
ရှင် ဘာလုပ်ဖို့ ကျွန်မဆီလာတာလဲ..လို့...

မစ္စက်ဒဲရစ်ဆင်၏ မျက်နှာမှာ သွေးမရှိတော့သကဲ့သို့ ဖြူဖွေးနေကာ ခဏနားပြီး ခပ်ဖြည်းဖြည်း ဆက်၍ပြောသည်။

► ကျွန်မ ဖွက်ထားတဲ့လက်က ခေါင်းလောင်းတီးတဲ့ ခလုတ်ကို စမ်းမိတယ်..  သူ့မျက်နှာ အမူအယာက သိပုံရတယ်
သူ့ နှုတ်ခမ်းတွေက တလှုပ်လှုပ်နဲ့ တစ်ခုခုပြောနေတယ်..  အသံမထွက်ဘူး...ဒါပေမယ့် သူက ထပ်တလဲလဲကြိုးစားပြောရင်း အသံထွက်လာတယ်ရှင့်..  သူပြောတာက မင်း ငါနဲ့ အမြဲရှိနေစေချင်တယ်တဲ့..  အဲဒီအချိန်မှာ သင်္ဘောစားပွဲထိုးက ကျွန်မအခန်းတံခါးကို လာပြီးခေါက်တယ်..  တံခါးခေါက်သံနဲ့အတူ ကျွန်မယောက်ျား အဲလက်လည်း ပျောက်သွားတယ်...

► ခင်ဗျား..အဲဒီအကြောင်း စားပွဲထိုးကို ပြောလိုက်သေးသလား...

► မပြောဘူးရှင့်..ကျွန်မက လေမုန်တိုင်းအကြောင်းပဲ ပြောလိုက်ပါတယ်...

► မစ္စက်ဒဲရစ်ဆင်..ခင်ဗျားပြောနေတဲ့ ပြဿနာတွေရဲ့ အဖြေဟာ ရှင်းနေသားပဲ...

► ဘယ်လို...အဖြေက ရှင်းနေတယ်..ဟုတ်လား..  ကဲ..ကဲ ပြောစမ်းပါဦးရှင့်...

► ခင်ဗျား လှိုင်းမူးပြီး သင်္ဘောတောက်တာပေါ့..  ဒါ့ကြောင့် ကယောင်ကတမ်းတွေ မြင်တာ..ကြားတာပေါ့...

► မဟုတ်ဘူးရှင့်..ဒီတစ်ခါတော့ ရှင်လွဲသွားပြီ..  ကျွန်မ အဲဒီအချိန်က ဘာမှမဖြစ်ဘူး..  မူးဖို့ဆိုတာ ဝေးစွပဲ...

► လူတိုင်းကတော့ ငါဘာမှမဖြစ်ဘူးလို့ ထင်ကြတာပဲ..  အရက်သမားလိုပေါ့..ကိုယ့်ကိုယ်ကို ဘယ်တော့မှ မူးတယ်မပြောဘူး..  လှိုင်းကြီးလေထန်လို့ သင်္ဘော ဘယ်ညာယိမ်းတဲ့အခါ ဦးနှောက်နဲ့ ကိုယ်ခန္ဓာက တစ်ပြိုင်တည်းခံစားကြရတာ..  လူက ဒါကို သတိမထားမိဘူး..  မျက်လုံးထဲမတော့ ဦးနှောက်ထွေပြားတဲ့အတွက် စွဲမိစွဲရာ မြင်နေရတယ်လို့ ထင်မှတ်ထားတော့တာပေါ့...

► ဟုတ်ပါ့ရှင်..ရှင်ပြောသလိုပဲ ဖြစ်ပါစေတော့လို့ ကျွန်မ လိုလားလိုက်တာ..  အဲဒီလိုသာဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ...

► စိတ်ချစမ်းပါဗျာ..ဒီလိုကယောင်ကတမ်း မြင်ရတယ်လို့ ထင်တဲ့ကိစ္စ..နောက်တစ်ကြိမ်ထပ်ပြီး မဖြစ်နိုင်တော့ပါဘူး
နောက်ထပ် မုန်တိုင်းကလည်း ဒီရက်အတွင်းထပ်ပြီး မဖြစ်နိုင်ပါဘူး..မစ္စက်ဒဲရစ်ဆင်...

ထို့နောက် မစ္စက်ဒဲရစ်ဆင်က သူမ၏ ဘဝဇတ်ကြောင်းကို ဆွေးဆွေးမြည့်မြည့်နှင့် ပြောခဲ့သည်။ အဲလက်နှင့် သူမတို့ လွန်ခဲ့သော ကိုးနှစ်ခန့်က လက်ထပ်ခဲ့ကြရာ အဲလက်က သူမကို မြတ်မြတ်နိုးနိုးရှိသလောက် သူမက အဲလက်ကို လေးစားသည်မှလွဲ၍ အသည်းထဲမှချစ်မေတ္တာမှာ ပေါ်ထွက်၍မလာခဲ့။
မစ္စက်ဒဲရစ်ဆင်က ရိုးသားပွင့်လင်းစွာပင် အဲလက်ကို ထုတ်ဖော်ပြောဆို ဝန်ခံခဲ့ရာ အဲလက်က တစ်ဦးနှင့်တစ်ဦး လက်ထပ်ပေါင်းသင်းသည့် အခြေအနေပင် ရောက်ရှိခဲ့ပြီဖြစ်ပြီမို့ သူ့အပေါ်ပြန်၍ မချစ်လျှင်လည်း ပြဿနာမရှိကြောင်း၊ သူကတော့ နှစ်နှစ်ကာကာ မြတ်နိုးစုံမက်ပါကြောင်း၊ အချိန်ကြာလာလျှင် သမုဒယ သံယောဇဉ် ဝင်လာမှာဖြစ်ကြောင်း ပြောခဲ့သည်။

သူတို့၏ လက်ထပ်ပွဲမှာ အခြားစုံတွဲများကဲ့သို့ပင် ထုံးစံမပျက် ဆောင်ရွက်ခဲ့သည့်နည်းတူ အပေါ်ယံ အမြင်အားဖြင့် ပျော်ပျော်ရွှင်ရွှင်ရှိခဲ့၏။ သို့သော် မည်သို့မျှ နှစ်သက်ခြင်းမရှိဘဲ လက်ထပ်ခြင်းသည် အမှားကို ကျူးလွန်မိခဲ့ခြင်းလည်းဖြစ်၏။

အဲလက်က သူမကို နယူးရောက်မြို့ရှိ သူ၏ အိမ်ကြီး၊ ဝင်းကြီးရှိရာသို့ ခေါ်ဆောင်သွားခဲ့သည်။ ယင်းစံအိမ်ကြီးတွင် သူမတို့ လင်မယား တစ်နှစ်ခန့် နေထိုင်ခဲ့ကြရာ အစပိုင်းတွင် မည်သည့်ပြဿနာမှ မရှိခဲ့။ အဲလက်က အစစအရာရာ သူမ၏ အလိုလိုက်၊ အကြိုက်ဆောင်ခဲ့၏။ ငွေကြေးမှအစ ပြည့်ပြည့်စုံစုံ ပုံအပ်ထားခဲ့သည်။ သို့သော် ရှေးရေစက်က မပါခဲ့လေသလား မဆိုနိုင်၊ သူမ၏ ရင်ထဲတွင် အဲလက်အပေါ် ချစ်မြတ်နိုးရန် အစို့အညှောင့်ကလေးပင် ထွက်ပြူ၍ မလာခဲ့ချေ။ ကြာလာတော့ အဲလက်ဒဲရစ်ဆင်ခမျာ သူ့ချစ်ဇနီးကို လက်လွှတ်ဆုံးရှုံးရမည့်အရေး တွေး၍ စိုးရိမ်ကြောင့်ကြ ဗျာပါဒများ ပေါ်ပေါက်လာခဲ့ရတော့၏။
အဲလက်၏ ရင်ဝယ် အသက်တမျှ ချစ်ခဲ့ရသည့် မိမိ၏ ကြင်သူသက်ထားကို အခြားတစ်ပါးသော ယောက်ျားသနာအပေါ် တိမ်းညွှတ်ချစ်ခင်၊ မေတ္တာသက်ဝင်သွားမည်ကို မိမိသေရမည်ထက် စိုးရိမ်ပူပန်လျက်ရှိ၏။

ထို့ကြောင့် အဲလက်က စိတ်အပြောင်းအလဲဖြစ်ရန် သူ့ဇနီးနှင့်အတူ အင်္ဂလန်သို့ အပန်းဖြေခရီး ထွက်ဖြစ်ခဲ့သည်။
အကျိုးလို၍ ညောင်ရေလောင်း ပက်ထမ်းနဲ့တွေ့၊ ပေါ့စေလို၍ ကြောင်ရုပ်ထိုး ဆေးအတွက်လေးခဲ့ရသည့် အဲလက်၏ဘဝ။ အမေရိကန်တွင် သူ့ဇနီးသည် အခြားတစ်ပါးသော ယောက်ျားအပေါ် တိမ်းမူးမည်စိုးသဖြင့် အင်္ဂလန်သို့ ခေါ်ခဲ့ရာမှ အင်္ဂလန်တွင် သူ့ဇနီးသည်အမှန်တကယ် ချစ်ခင်စုံမက်သည့် လန်ဒန်သားတစ်ဦးနှင့် ဆုံဆည်းရတော့၏။

သူမ၏ ချစ်ရသူကား ရွယ်တူလူလှ၊ ချိုမြသော အပြုံးပိုင်ရှင်၊ ပန်းချီဆရာတစ်ဦး ဖြစ်သည်။ သူမကလည်း ခိုးကြောင်ခိုးဝှက်မလုပ်၊ တရားဝင် လင်တော်မောင် အဲလက်ကို အမှန်အတိုင်း ဖွင့်ဟပြောဆိုခဲ့ရာ အဲလက်ခမျာ မျက်စပ်ပိုးဝင် ဆံတစ်ပင်တင်းကာ ချက်ချင်းပင် အမေရိကန်သို့ ချစ်ဇနီးကို လက်ကဆွဲ၍ အမြန်ဆုံး ပြန်ခဲ့တော့၏။
ဤသည့်အခြေအနေဖြင့်ပင် ချစ်ဇနီးကို အနွံအတာခံကာ ရှစ်နှစ်လုံးလုံး မေတ္တာမပျက်ပေါင်းဖက်ခဲ့သည်။
သူမကလည်း သူမ၏အချစ်ကို သိမ်းဆည်းကာ အဲလက်အပေါ် မဖောက်မပြန်၊ မှန်ကန်စွာနေထိုင်ခဲ့၏။

သို့သော် အဲလက်၏ ရင်ထဲဝယ် သံသယအပင်ပျိုကား အကိုင်းအညွှတ်များ ဝေဆာလျက် ချစ်ဇနီးကိုလည်း ထုတ်မပြောရက်သဖြင့် တအုံနွေးနွေးနှင့် ချစ်သောကဝေဒနာကို အလူးအလဲ ခံစားရရှာသည်။ သူမကိုလည်း မျက်ခြေအပြတ်မခံဘဲ ဂရုတစိုက် ထိန်းသိမ်းခဲ့၏။  အဲလက်အနေဖြင့် အင်္ဂလန်ရှိ ပုဂ္ဂိုလ်များဖြင့် ဆက်စပ်၍ စီးပွားရေးလုပ်ငန်းရှိသဖြင့် နှစ်စဉ် တစ်နှစ်တစ်ကြိမ်ကျ အင်္ဂလန်သို့ သွားရသည့်အခါတိုင်း သူ့ဇနီးသည်ကို နယူးယောက်တွင်သာထားခဲ့သည်။ အဲလက်၏ ညီမနှစ်ယောက်ကို သူ့ဇနီးသည်နှင့်အတူ နေထိုင်စောင့်ရှောက်စေခဲ့ပြီး ချစ်ဇနီးကို လုံးဝအပျောက်မခံခဲ့။

သို့သော် မစ္စက်ဒဲရစ်ဆင်မှာ ပန်းချီဆရာ လန်ဒန်သားနှင့် လူချင်းမနီးစပ်သော်လည်း တိတ်တဆိတ် စာအဆက်အသွယ်ရှိခဲ့၏။ အဲလက် မဆုံးမီ ရှစ်နှစ်တာကာလအတွင်း စာအဆက်အသွယ် ရှိသည်ကလွဲ၍ အဆင့်မပိုခဲ့ချေ။

သို့သော် ကံတရားက ဆန်းကြယ်လှသည်။ အဲလက်မှာ (၉၆) ပါးသောဝေဒနာနှင့် သဘာဝတရားကို မလွန်ဆန်နိုင်၍ ဘဝတစ်ပါးသို့ ပြောင်းသွားသောကြောင့် မစ္စက်ဒဲရစ်ဆင်မှာ ရှစ်နှစ်လုံးလုံး မျိုသိပ်ကြိတ်မှိတ်ကာ စောင့်စည့်ခဲ့ရသည့် အတုပ်အနှောင်မှ လွတ်မြောက်ပြီဖြစ်သဖြင့် ချစ်သူရှိရာ လန်ဒန်မြို့ကြီးသို့သွားရန် ဤခရီးစဉ်တွင် ပါလာရခြင်း ဖြစ်၏။

► ဒီမှာ..မစ္စက်ဒဲရစ်ဆင်..သေပြီးသားလူဟာ ပြန်မလာနိုင်ဘူးဆိုတာ ကလေးတောင်သိတယ်..  မဖြစ်နိုင်ပါဘူးဗျာ..
ခင်ဗျား နေမကောင်းလို့ ကယောင်ကတန်း ထူးထူးဆန်းဆန်းတွေမြင်တာပါ..  တကယ်မရှိတာကို အရှိထင်နေတာပေါ့..  ခင်ဗျားကြောက်စရာ ဘာအကြောင်းမှမရှိဘူး...

မစ္စက်ဒဲရစ်ဆင်မှာ ကျွန်ုပ်၏ နှစ်သိမ့်မှုကြောင့် အခြေအနေ အတော်ကောင်းလာသဖြင့် နေ့လယ်စာစားသောအခါ အတော်စားနိုင်လာသည်။ နောက်တစ်နေ့ ထပ်တွေ့ပြန်ရာ အနှောင့်အယှက်မရှိဘဲ အားလုံးအဆင်ပြေချောမွေ့ကာ ရယ်ရယ်မောမောနှင့် ရှိနေ၏။ ထို့ကြောင့် မစ္စက်ဒဲရစ်ဆင်၏ ပြဿနာမှာ ပြီးဆုံးသွားပြီဟု ကျွန်ုပ်ထင်သည်။
တကယ်တော့ ကျွန်ုပ်၏ ထင်မြင်ချက်မှာ မှားယွင်းခဲ့သည်။ ကျွန်ုပ်တို့၏ သင်္ဘော လီဗာပူးလ်သို့ မရောက်မီ တစ်ညအလိုတွင် ကျွန်ုပ်သည် ဘတ်တလက်ဆိုသူ အဘိုးအိုနှင့် စကားပြောသည်။ သူ့ကို ကျွန်ုပ် ဤသင်္ဘောပေါ်ကျမှသာ သိကျွမ်းခဲ့ရပြီး သူနှင့် ကျွန်ုပ် မကြာခဏ အရက်အတူတူ သောက်ဖြစ်ခဲ့ကြ၏။
ထိုနေ့ညက သူနှင့် ကျွန်ုပ် ညအတော်နက်သည်အထိ ရောက်တတ်ရာရာများပြောရင်း အရက်သောက်ကြသည်။
ယင်းသို့ပြောနေရင်း စကားလမ်းကြောင်းထဲတွင် လူများ၏ မျက်နှာများကို မှတ်သားနိုင်စွမ်းဖြစ်သည့် မှတ်ဥာဏ်စွမ်းအားအကြောင်းကို ပြောဖြစ်ခဲ့၏။

► ကျုပ်တော့ လူတစ်ယောက်ကို တစ်ခါမြင်လိုက်ရင် တော်ရုံနဲ့မမေ့တော့ဘူးဗျို့..  ဒါပေမယ့် နာမည်ကျတော့ မမှတ်မိပြန်ဘူး..  အဲဒါ ဒုက္ခရောက်နေတာပေါ့..  မျက်နှာတွေကိုကျတော့ အသေးစိတ်လောက်ကို မှတ်မိတာဗျို့..
ပြောရမယ်ဆိုရင် အခုလက်ရှိ သင်္ဘေပေါ်က လူ ၇၀၊ ၈၀ လောက်ကို ကောင်းကောင်းအလွတ်ရနေပြီ...

သူ့စကားကြောင့် ကျွန်ုပ်က ကျွန်ုပ်ထင်မြင်ချက်ကို ပြောသည်။

► အခု သင်္ဘေပေါ်မှာ ၇၀၊ ၈၀ မကတော့ဘူးထင်တယ်...

► ဒါလောက်ပါပဲဗျာ..  အခုလို ဖေဖော်ဝါရီလမှာ လူတွေဟာ ဒီအတ္တလန္တိတ်သမုဒ္ဒရာကို မဖြတ်ရဲကြဘူးဗျ..
အခု လူရှစ်ဆယ် ဘယ်နည်းနဲ့မှမကျော်ဘူး..  အဲဒီလူတွေထဲမှာ လူတစ်ယောက်ကတော့ တော်တော်ထူးတယ်ဗျ..
ဘာဖြစ်လို့လဲဆိုတော့ အဲဒီလူဟာ သူ့အခန်းထဲကနေ အပြင်ကို ဘယ်တော့မှ မထွက်ဘူး..  အဲဒီလူကို မနေ့ကမှတွေ့ဖူးတယ်..  ဒီလူက ရေချိုးခန်းက ထွက်လာတာကို တွေ့လိုက်ရတာ..  ခရီးတစ်လျှောက်လုံး တစ်ခါမှမတွေ့ဖူးခဲ့ဘူး..  သူ့အခန်းထဲမှာ သူအောင်းနေခဲ့တယ် ထင်ပါရဲ့ဗျာ...

► အို..ဒီလူဖျားနာနေလို့ အခန်းထဲက မထွက်တာလည်း ဖြစ်နိုင်တာဘဲ...

► လုံးဝမဟုတ်ဘူး..  ဘာဖြစ်လို့လဲသိလား..  ကျုပ်က သင်္ဘောဆရာဝန်ကို ဒီလူလာသွားသလားဆိုတာ မေးခဲ့ပြီးပြီ..  ဆရာဝန်က ဒီလူ သူ့ဆီကို တစ်ခါမှ မလာဖူးဘူးတဲ့ဗျာ...

► ကျုပ်တောင် စိတ်ဝင်စားလာပြီ..  ဒီလူ့ပုံသဏ္ဌာန်ကို ပြောပြစမ်းပါဗျာ...

► ရပါတယ်..ဒီလူ့ပုံက မှတ်မိလွယ်တဲ့ ပုံမျိုးပဲ..  အဲဒီလူဟာ အသက် ၅၀ လောက်ရှိပြီ..  အပြာရောင် ညဝတ်အင်္ကျီနဲ့ ဖိနပ်က အနီရောင်ရှူးဖိနပ်ကို စီးထားတယ်..  ပြီးတော့ သူ့ညဝတ်အင်္ကျီအိတ်ထဲမှာ ခပ်လေးလေးပစ္စည်းတွေ ထည့်ထားပုံရတယ်..  ကျုပ်အထင်တော့ အိတ်ဆောင်နာရီနဲ့ အခြားပစ္စည်းတွေ ဖြစ်မှာပဲ..
သူ့မျက်နှာကို ကျုပ် ဂရုတစိုက် ကြည့်ထားလိုက်မိတယ်..  မျက်နှာဝိုင်းဝိုင်း..ပါးစပ်ပေါက် ခပ်ကျဉ်းကျဉ်းနဲ့ အားလုံးခြုံပြီးပြောရရင် သူ့အသွင်အပြင်က ထူးခြားလွန်းလို့ မှတ်မိနေတာပေါ့..  သူ့မျက်နှာဟာ မျက်နှာသေကြီးနဲ့ ဆေးရေးထားတဲ့ အရုပ်ကြီးလိုပါပဲဗျာ..  သူလမ်းလျှောက်တာက ဖြည်းဖြည်းလေးလေးနဲ့ တစ်ခုခုကို ပူပန်ကြောင့်ကြနေသလိုပါပဲလေ...

► အင်း..ခင်ဗျားကတော့ တကယ့်မှတ်ဥာဏ်ကောင်းတဲ့ ပုဂ္ဂိုလ်ပါပဲဗျာ..  ဒါထက် ခုန ခင်ဗျားပြောတဲ့ လူရဲ့
   အကြောင်းကို ဘယ်သူတွေကိုများ ပြောမိသေးလဲ...

► ဟင့်အင်း..  အို..မဟုတ်သေးဘူး.. 
   ဟုတ်တယ်..ဟုတ်တယ်..အမျိုးသမီးတချို့ကိုတော့ ပြောပြလိုက်မိတယ်..  ဘာဖြစ်လို့လဲ...
  
► ဘာမှမဖြစ်ပါဘူး..ခင်ဗျားလိုပဲ အဲဒီလူကို တခြားတစ်ယောက်ယောက်ကများ မြင်ဖူးသေးသလားလို့ သိချင်လို့ပါ..

► အင်း..ကျုပ်ပြောပြတဲ့ အမျိုးသမီးတွေကတော့ သူ့ကို မတွေ့ဖူးသေးပါဘူးလို့ ပြောတာပဲ..  အေး..ကျုပ်ပြောတဲ့လူပုံစံနဲ့ လူတွေဟာ တစ်ကိုယ်တည်း နေလေ့ရှိကြတယ်ဗျ...

မိနစ်အနည်းငယ်ကြာသောအခါ အဘိုးအိုကို ကျွန်ုပ် နှုတ်ဆက်ပြီး ပြန်လာခဲ့၏။ ထိုအချိန်မှာ ည (၁)နာရီနှင့် (၂)နာရီကြားဖြစ်ရာ အဘိုးအိုပြောသော အကြောင်းအရာက ကျွန်ုပ်ကို စိတ်အနှောင့်အယှက်ဖြစ်စေသည်။

ဝတ်ရုံအပြာ ဝတ်ထားသူနှင့် ကျွန်ုပ် ဆုံမိမည်ကို မလိုလားပါ။ သို့သော် မစ္စက်ဒဲရစ်ဆင်၏ အကြောင်းက ရုတ်တရက် ခေါင်းထဲသို့ ဝင်လာသည်။ ကျွန်ုပ်အတွက် ကျွန်ုပ်ပူပန်မိသည်ထက် မစ္စက်ဒဲရစ်ဆင်နှင့် ဝတ်စုံပြာပုဂ္ဂိုလ်တို့ တွေ့နေကြမည်ကို ပို၍ စိုးရိမ်စိတ် ဖြစ်လာ၏။ သင်္ဘောပေါ်တွင် အမျိုးသမီး အနည်းငယ်သာပါသည်။
အဘိုးအိုပြောသော ဝတ်စုံပြာနှင့် လူအကြောင်းကို မစ္စက်ဒဲရစ်ဆင်လည်း မလွဲမသွေကြားခဲ့ရပေလိမ့်မည်။
ဤသို့ဆိုလျှင် သူမ အလွန်ကြောက်နေမည်ဖြစ်၍ သူမ၏ အခြေအနေကို သိလိုသဖြင့် သူမ၏ အခန်းဘက်သို့ ကျွန်ုပ် လျှောက်သွားခဲ့၏။

ကျွန်ုပ် သူမ၏ အခန်းသို့ မရောက်မီကပင် သူမ၏ အခန်းတံခါးမှာ ပွင့်လျက်သားရှိနေသည်။ ထိုစဉ် မစ္စက်ဒဲရစ်ဆင်မှာ အူယားဖားယားနှင့် အခန်းတွင်းမှ ပြေးထွက်လာရာ ပါးစပ်မှာ ဟလျက်ရှိပြီး လက်တစ်ဖက်က လည်ပင်းကို ဆုပ်လျက် ကျန်လက်တစ်ဖက်က အခန်းတံခါးကို ဆောင့်၍ ပိတ်လိုက်၏။
မြင်တွေ့နေရသည့် အနေအထားက မစ္စက်ဒဲရစ်ဆင်သည် အခန်းတွင်း၌ရှိသည့် တစ်စုံတစ်ယောက်အား အပြင်သို့ ထွက်မလာစေလို၍ တံခါးကိုပိတ်သည့်ပုံဖြစ်သည်။ ကျွန်ုပ်က သူမထံ အလျင်အမြန်သွားလိုက်ရာ ကျွန်ုပ်ကို သူမ မြင်သွားသဖြင့် စိတ်လျှော့လိုက်ဟန်ဖြင့် ကျွန်ုပ်၏ ရင်ခွင်ထဲသို့ တိုးဝင်ပျော့ခွေကျသွား၏။ ပါးစပ်ကလည်း တတွတ်တွတ်ဖြင့် ပြောနေသည်။
► ကျွန်မကို သူရှိတဲ့ ပင်လယ်ထဲကို ခုန်ချခိုင်းနေတယ်..ခုန်ချ
ခိုင်းနေတယ်...

အတန်ကြာအောင် ဤစကားကိုသာ သူမ တတွတ်တွတ်ရွတ်နေရာ ခဏကြာသောအခါ ငြိမ်သက်သွားသည်။

► မစ္စက်ဒဲရစ်ဆင်..ခင်ဗျား ကယောင်ကတမ်းနဲ့ အိပ်မက်ဆိုးတွေ မက်နေပြီထင်တယ်..မကြောက်ပါနဲ့ဗျာ...

► မဟုတ်ဘူး..မဟုတ်ဘူး..အိပ်မက်မဟုတ်ဘူး...

► ကဲ..ထားပါတော့..အိပ်မက်မဟုတ်ရင် ခင်ဗျားဘာတွေဖြစ်နေတာလဲ..  အခု ကျုပ်လည်းရောက်နေပြီ..
   ခင်ဗျား ဘာမှမဖြစ်စေရဘူး..စိတ်ချ..  ခင်ဗျားကို ကျုပ်ကာကွယ်ပေးမယ်..ဟုတ်လား...

► ဟုတ်ကဲ့..ကျေးဇူးပါပဲ..လောလောဆယ်တော့ ရှင်ဘယ်ကိုမှ မသွားစေချင်သေးဘူး..  အဲလက်က အခန်းထဲမှာ ရှိနေတယ်..  ကျွန်မကို သူနဲ့တမလွန်ကို လိုက်ခဲ့ဖို့ ခေါ်နေတယ်ရှင့်...

► မဟုတ်နိုင်တာ..အဲလက်က သေပြီပဲ..  ခင်ဗျားအခန်းထဲမှာ ဘယ်လိုလုပ်ရှိနိုင်မှာလဲ..
ကဲ..လာ..လက်တွေ့သွားကြည့်ကြမယ်...

ကျွန်ုပ်က တံခါးကို ပြောပြောဆိုဆို ဆွဲ၍ဖွင့်လိုက်၏။ အတွင်း၌ မှောင်နှင့်မည်းမည်းရှိနေပြီး သူမကို ကျွန်ုပ်ကဖေးမ၍ ဖက်ထားဆဲပင် ဖြစ်၏။

► ကျွန်မ အခန်းထဲမှာ မီးဖွင့်လျက် ထားခဲ့တာရှင့်...
မစ္စက်ဒဲရစ်ဆင်က တုန်တုန်ချိချိနှင့် ပြောသည်။

► ခင်ဗျား ပြေးထွက်လာတုန်းက မီးခလုတ်ကို လက်နဲ့တိုက်မိပြီး ပိတ်သွားတာဖြစ်မှာပေါ့...

တကယ်တော့ ကျွန်ုပ်ပြောလိုက်သောစကားမှာ ဘယ်လိုမှမဖြစ်နိုင်သောအချက် ဖြစ်သည်။ သို့သော် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ သူမ စိတ်သက်သာရာရစေဖို့ ကျွန်ုပ်ပြောရခြင်းဖြစ်၏။

ကျွန်ုပ်၏ စိတ်ထဲတွင် ညီမအငယ်ဆုံးတစ်ယောက် စိတ်ဒုက္ခရောက်နေစဉ် အစ်ကိုကြီးက ဖေးမသည့်သဘောမျိုးထား၍ ကူညီပေးနေခြင်းသာ ဖြစ်၏။ သူမကို ကုတင်ပေါ်၌ နေရာချထားပေးလိုက်ပြီး ဝီစကီတစ်ခွက်ကိုပါငှဲ့၍ ပေးလိုက်ပြီး သောက်ခိုင်းခဲ့သည်။ သူမက ကျွန်ုပ်၏ လက်မောင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားဆဲဖြစ်၏။

► ကျွန်မ ဘာဖြစ်ခဲ့သလဲဆိုတာ ရှင့်ကို ပြောပြလို့ရမလားဟင်...

► အင်း..ခင်ဗျား စိတ်ချမ်းသာမယ်ဆိုရင် ပြောပေါ့ဗျာ..  ခင်ဗျား ဆောင်းတွင်းအိပ်မက် ကယောက်ကယက်တွေ မက်ခဲ့ပြန်ပြီထင်တယ်...

► ကျွန်မကတော့ ဆောင်းအိပ်မက်လို့ မထင်ဘူး..  ညက ခပ်စောစောပဲ ကျွန်မ အိပ်ရာဝင်ခဲ့တယ်.. 
မစ္စတာဘားလက်ရဲ့ ပြောပြချက်ကို ကြားခဲ့ရလို့ စိတ်ကတော့ နည်းနည်းလှုပ်ရှားမိတာ အမှန်ပဲ..  ဒီလိုနဲ့ တော်တော်လေးလည်းကြာရော ကျွန်မ အိပ်ပျော်သလိုလို မပျော်သလိုလိုနဲ့ ကျွန်မအနားမှာကပ်ပြီး အသက်ရှူသံကြားနေရတယ်ရှင့်.. 
ကျွန်မလည်း လှုပ်လှုပ်ရှားရှားလုပ်ရော အသက်ရှူသံလည်း ကျွန်မနဲ့ တဖြည်းဖြည်းဝေးသွား
တယ်..  ဒါနဲ့ ကျွန်မ မီးခလုတ်ရှိရာကိုသွားပြီး မီးဖွင့်လိုက်တယ်..
သူပေါ့ရှင်..သူ..သူ..အဲလက်ပေါ့..  စားပွဲဘေးနားမှာ မတ်တတ်ရပ်နေတယ်..  သူ့လက်ထဲမှာလည်း မောင်းချဓါးတစ်ချောင်းနဲ့ အသွားကို သူ့လက်နဲ့ ထက် မထက်စမ်းနေတယ်ရှင့်..  ပြီးတော့ ဓါးကို စားပွဲပေါ် ပြန်ချထားလိုက်ပြီး ခေါင်းကို ရမ်းနေတယ်..  ပြီးတော့ ကျွန်မဆီကို ပြန်လျှောက်လာပြီး ကုတင်အစပ်မှာ ထိုင်လိုက်တယ်..
ပြီးတော့ ကျွန်မကို သူကပြောတယ်...
[ရှီလာ..မင်း..မင်း ပင်လယ်ထဲကို ခုန်ချလိုက်စမ်း..မင်းကို ငါ့လက်နဲ့ မသတ်ရက်ဘူး..  သွား..သွား ရေထဲကို ခုန်ချလိုက်..မင်းကို ငါ ရေထဲက စောင့်နေမယ်...]
ဒီနောက်တော့ ကျွန်မလည်း သတိလစ်သလိုဖြစ်သွားပြီး ဘာမှမမှတ်မိတော့ဘူး..  ပြန်လည်း သတိဝင်လာရော ရှင့်ရင်ခွင်ထဲမှာ ကျွန်မရောက်နေတော့တာပါပဲရှင်.. ဘာပဲဖြစ်ဖြစ် ရှင်ရှိနေတာ ကျွန်မအတွက် လုံခြုံနေတယ်ရှင့်..

ကျွန်ုပ်က သူမ၏ အနားတွင် ထိုင်ချလိုက်သည်။

► နေပါဦး..ကျွန်တော်က ခင်ဗျားအနားမှာ ရှိနေရုံနဲ့ ခင်ဗျားအတွက် လုံခြုံတယ်ဆိုတာ ဘယ်လိုလဲ...

► ဒီလိုပါ..ရှင်က အဲလက်ထက် ပိုပြီး ကျန်းမာသန်စွမ်းတဲ့ လူဆိုတော့ အဲလက်က ရန်မလုပ်ရဲလို့ပေါ့ရှင်...

သူမစကားမှာပါသည့်အတိုင်းပင၊် ရှီလာ့အသက်အတွက် ကျွန်ုပ်နှင့် အဲလက်တို့ ထိုးရ၊ ကြိတ်ရဖွယ်ရှိသည်။ ထိုသို့ဖြစ်လျှင် ကျွန်ုပ်က အဲလက်ထက် ပို၍ တောင့်တင်း၊ ဗလကောင်းသဖြင့် ကျွန်ုပ်ပင် နိုင်မည်ဖြစ်သည်ကို ကျွန်ုပ် အလိုလိုနေရင်း သိနေ၏။

► ကောင်းပြီလေ..အိပ်မက်က နိုးထလာတဲ့ ခင်ဗျားကို ကျွန်တော် စာနာတဲ့အနေနဲ့ ခဏနေပေးပါ့မယ်..  ဒါထက်စကားမစပ် မစ္စတာဘားလက်က ခင်ဗျားကို ဘာပြောခဲ့သလဲ ဟင်...

► ဘားလက်က ကျွန်မကို ပြောတာကတော့ သူ အဲလက်ကို မြင်လိုက်တဲ့အကြောင်းပေါ့ရှင်..  အဲလက်ဟာ အင်္ကျီအပြာ..ဖိနပ်အနီစီးထားတဲ့အကြောင်းအပြင် အဲလက်ရဲ့ ပါးစပ်ပေါက်ကျဉ်းတဲ့အကြောင်းပါ ပါသေးတယ်ရှင့်...

► ခင်ဗျား ကျုပ်ကို ယုံယုံကြည်ကြည်နဲ့ ပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ...

စာရှုသူအဆွေ၊ ယခု ရှီလာ ခေါ် မစ္စက်ဒဲရစ်ဆင်ကို ကျွန်ုပ်ဆက်လက်ပြောသည့် စကားကိုအမှန်ဟု မယူဆစေလိုပါ။

► ဒီမှာ ရှီလာ..ဘားလက်တွေ့ခဲ့တဲ့လူဟာ အဲလက်မဟုတ်ဘူး..  ကားဝမ်း ဆိုတဲ့လူပဲ..  ဒီအကြောင်းကို စောစောကလေးကပဲ ကျွန်တော် ဘားလက်ကို ပြောခဲ့သေးတယ်...

► ဒါဖြင့်ရင် ကားဝမ်းဆိုတာ ဘယ်သူလဲ...

► ကျုပ်မိတ်ဆွေ..လျှပ်စစ်အင်ဂျင်နီယာ တစ်ယောက်ပါ..  လူကောင်းပါဗျာ..ဒီလူကို ဘားလက်က အဲလက်လို့ အထင်လွဲပြီး ပြောနေတာပါ...

► ကဲ..ရှင်..ဒါဖြင့်ရင် ကားဝမ်းရဲ့ ရှူးဖိနပ်ကိစ္စကကော...

► ဒါကတော့ တိုက်ဆိုင်မှုပဲဗျာ..  ခင်ဗျားစိတ်တွေ ရှုပ်ထွေးသွားအောင်ဖြစ်စေတဲ့ ကြုံကြိုက်မှုတစ်ရပ်ပဲ...

► အင်း..အင်း..ကောင်းပါလေရဲ့ရှင်...

မစ္စက်ဒဲရစ်ဆင်သည် အိပ်ရာပေါ်၌ လှဲချလိုက်ရင်း မှိန်းနေသည်။ သို့နှင့် ကျွန်ုပ်မှာ ထိုင်လိုက်၊ ငိုက်လိုက်နှင့် မိုးစင်စင် လင်းခဲ့ရသည်။
                                          Ж   Ж   Ж   Ж   Ж   Ж
ကျွန်ုပ်သည် ရှီလာထံမှ စာကိုရရှိရာ သူမ၏ ခင်ပွန်းအသစ်နှင့် ပေါင်းဖက်နေထိုင်ပြီဖြစ်ကြောင်း ပါရှိသည်။
ကျွန်ုပ်တို့သင်္ဘော လီဗာပူးသို့ဆိုက်စဉ်က ရှီလာကို လာကြိုနေသော သူမ၏ ချစ်သူ၊ ပန်းချီဆရာကို တွေ့ခဲ့ရသည်။
ထိုသူမှာ ရုပ်ရည်လက္ခဏာ သန့်ပြန့်၍ တည်တည်ကြည်ကြည်ရှိသည်။ သူမ၏ စာထဲတွင် သူမ၏ အိပ်မက်ဆိုးကြီးအကြောင်းပါ ထည့်၍ရေးထား၏။
ယခုထက်ထိ တစ်ခါတစ်ရံ အိပ်မက်ကဲ့သို့ ထပ်မံ၍ တွေ့နေရကြောင်း၊ ထို့ကြောင့် အိပ်မက်မဟုတ် အမှန်မြင်တွေ့ထိသိခဲ့ရကြောင်း၊ အဲလက်၏ ဝိညာဉ်က သူမကို စွဲစွဲလန်းလန်းနှင့် လိုက်လံနှောင့်ယှက်နေခြင်းဖြစ်ကြောင်း၊
ချစ်လင် ပန်းချီဆရာနှင့်မခွဲဘဲ တတွဲတွဲနေခဲ့သဖြင့် ယခုအခါ အဲလက်မှာ ပေါ်မလာတော့ကြောင်း၊ ကျွန်ုပ်အားလည်း
ကျေးဇူးတင်သဖြင့် ရွှေစီးကရက်ဘူးကလေးတစ်ခု ပို့လိုက်ပါကြောင်း၊ ရွှေအစစ်ဖြစ်၍ တန်ဖိုးကြီးပါကြောင်း ရေးထားသည်။

ကျွန်ုပ်သည် ထိုစီးကရက်ဘူးကို လူအများရှေ့တွင်ထုတ်၍ အသုံးမပြုပေ။ ဘယ်ရွေ့ဘယ်မျှ ဈေးပေးရသည်ကို မသိဘဲ အခြားသူများက စပ်စုလာပါက လက်ဆောင်ရသည့် ပစ္စည်းဖြစ်ကြောင်း၊ ဘာကြောင့် လက်ဆောင်ကို ရှီလာပေးရကြောင်း စသည့်စသည့် မယုံနိုင်စရာ ဇတ်ကြောင်းများ ပြန်မပြောလိုသဖြင့် စကားနည်းရန်ဆဲ ကျွန်ုပ် တစ်ဦးတည်း ရှိသည့်အခါမှသာ အသုံးပြုသည်။

ကျွန်ုပ် ပြန်၍ပြောရလျှင် မရှိသော ကာဝမ်းဆိုသူနှင့် ရှီလာ လှိုင်းတောက်ခြင်းဟု မမှန်သောစကားများ ပြောဆိုခဲ့ရသည်ကို ကျွန်ုပ် လိပ်ပြာမသန့်ပါ။ ရှီလာကတော့ လက်တွေ့ကျကျ ပြောနိုင်ခဲ့သည်။ မနက်ဖြန်ဆိုလျှင် ရှီလာနှင့်ကျွန်ုပ်တို့ အင်္ဂလန်သို့ စီးနင်းလိုက်ပါခဲ့သော သင်္ဘောဖြင့်ပင် ကျွန်ုပ် နယူးယောက်မှ လန်ဒန်သို့ ခရီးသွားဖြစ်ဦးမည်။ သို့ကြောင့် ထိုသင်္ဘောကို မစီးလို၍ အခြားသင်္ဘောတစ်စီးကို နောက်ထပ် ၃ ရက်ခန့် ထပ်မံစောင့်ဆိုင်းရမည်ဖြစ်၏။

ကျွန်ုပ်မှာ စာရှုသူအဆွေကို သင်္ဘောနာမည်အား ထုတ်ဖော်၍ မပြောပြခဲ့ပါ။ အဘယ့်ကြောင့်ဆိုသော် တစ္ဆေသရဲရှိသော သင်္ဘောဟု လူအများ ယုံကြည်သွားပါမူ သူတို့၏ သင်္ဘောကို လူစီးနည်းသွားပါက စီးပွားရေးထိခိုက်မည်ကို
စိုးရိမ်သော အကြောင်းကြောင့်ဖြစ်၏။ ကျွန်ုပ်စိတ်ထဲတွင် ယုံကြည်နေသည်က ယင်းသင်္ဘောပေါ်တွင် ခရီးသည်စာရင်း၌ မပါသော သူတစ်ဦး သင်္ဘောပတ်စဉ်တိုင်း လိုက်ပါလျက်ရှိသည်ဟူ၍.....။

ဖတ်ခဲ့ဖူးသည်များကို တင်ထားခြင်းဖြစ်ပါသည်။ အားလုံးကို ကျေးဇူးတင်ပါသည်။
@yexin189

မဲလ်စတုန်းမဟာတွင်းနက်ကြီး


စာရေးဆရာ ►►►မြသိန်း
A Descend Into The Maelstrom By Edgar Allan Poe


လူအိုပုံသဏ္ဍာန် ပေါက်နေသူသည် သူပြောလိုရာများကို ပြောပြီးသောအခါ ပင်ပန်းနွမ်းနယ်သွား၏။

►ဟိုတုန်းကဆိုရင် မင်းသွားလိုတဲ့ နေရာကို ငါနှံ့နှံ့စပ်စပ် လိုက်ပြနိုင်တယ်.. ဒီရေလမ်းခရီးမှာ ငါက ကျွမ်းပြီး
  သားပါ...
ဟု ထိုသူက ပြော၏။
►ဒါပေမယ့်လို့  လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဒီရေပြင်ကျယ်တစ်နေရာမှာ ငါ့တစ်သက် ကြောက်စရာအကောင်းဆုံး ဖြစ်ရပ်နဲ့ ကြုံခဲ့ရလို့ ငါမင်းကို လိုက်ပြဖို့ ဝန်လေးသွားပြီ.. မင်း ငါ့ဆံပင်ကို ကြည့်စမ်း.. ဆွတ်ဆွတ်ဖြူနေတယ် မဟုတ်လား.. အဲဒီဆံပင်ဟာ တစ်ရက်အတွင်းမှာ ဖြူသွားတာ...

ကျွန်ုပ်သည် လူအိုပုံသဏ္ဍာန် ပေါက်နေသော ထိုသူနှင့်အတူ တောင်စွန်းတစ်ခုပေါ်သို့ အတူတကွ တက်သွားကြသည်။ ၄င်းနေရာမှကြည့်လျှင် ကျယ်ပြန့်ပြီး အပြာရောင်သန်းနေသော ရေပြင်ကျယ်ကြီးကို တွေ့ရမည် ဖြစ်၏။

ကျွန်ုပ်သည် နော်ဝေးဒေသ၏ ကမ်းခြေအလှကို လေ့လာရန်နှင့် အပျော်လှေစီးရန် နော်ဝေးနိုင်ငံ မြောက်ပိုင်းသို့ ရောက်ရှိနေခြင်း ဖြစ်၏။ နော်ဝေးကမ်းခြေတစ်လျှောက်၌ ကျွန်းကြီးကျွန်းငယ်များကို ကျွန်ုပ်တို့ တွေ့ရ၏။

ကျွန်ုပ်တို့ ရောက်ခါစတွင် လေမှာငြိမ်နေသော်လည်း ဆယ်မိနစ်ခန့်အကြာ၌ လေပြင်းများ စတင် တိုက်ခိုက်လာလေတော့၏။ ကျွန်ုပ်တို့ရှိရာ နေရာရှိ ကျောက်တုံးအငယ်စားများပင် လေဒဏ်ကြောင့် လှုပ်ရှားလာ၏။
ကျွန်ုပ်တို့ နှစ်ယောက်သည် လေပြင်းနှင့်အတူ ပါမသွားရန် မြေကြီးပေါ်၌ ပြားချပ်အောင် ဝပ်နေကြရ၏။

►ဒီအခြေအနေဟာ အမြဲတမ်း မဖြစ်ဘူး.. တစ်ခါတစ်ရံမှ ဖြစ်တယ်.. မဲလ်စတုန်း မဟာတွင်းနက်ကြီးရဲ့ လှုပ်ရှားမှုတစ်မျိုး ဖြစ်တယ်...
ဟု ကျွန်ုပ် ခေါ်လာသော လမ်းပြက ပြော၏။ သူသည် မြောက်ဘက်ရှိ မှုန်ပျပျ ကျွန်းတစ်ကျွန်းကို ညွှန်ပြရင်း-
►အဲဒီကျွန်းဟာ မဲလ်စတုန်းကျွန်းပေါ့..
ဟု ပြော၏။

ကျွန်ုပ်တို့ နှစ်ယောက်သည် လေကွယ်ရာသို့ တဖြည်းဖြည်းချင်း ဆင်းသက်လာကြပြီး လုံခြုံသော နေရာအရောက်တွင် အနားယူလိုက်ကြ၏။
►ခင်ဗျားရဲ့ ဇတ်လမ်းကို ကျုပ် နားထောင်ချင်တယ်ဗျာ...
ဟု ကျွန်ုပ်က ပြော၏။
►ဖြည်းဖြည်းပေါ့...
သူက ပြောသည်။

►ဒီလိုကွ.. ငါရယ်၊ ငါ့ရဲ့ညီနှစ်ယောက်ရယ် ငါတို့ပိုင် သင်္ဘောကြီးတစ်စင်းနဲ့ နော်ဝေး၊ အင်္ဂလန်၊ ပြင်သစ် စတဲ့ဒေသတွေဘက်ကို အရောင်းအဝယ် ထွက်လုပ်ကြတယ်.. ငါးလည်းတင်တယ်.. ကုန်ခြောက်လည်း တင်တယ်..  အများဆုံးကတော့ ငါးတွေကို တင်တယ်...
►ခင်ဗျားတို့ လုပ်သက်က ဘယ်လောက် ရှိပြီလဲ...
►ခြောက်နှစ်လောက်ပေါ့...
►ခြောက်နှစ်ဆိုတဲ့ လုပ်သက်က နည်းနည်းကလေးပါ...
►ဆက်ပြောရမယ်ဆိုရင် (၁၈--)ခုနှစ်၊ ဇူလိုင်လ (၁၀)ရက်နေ့ပေါ့.. ဒီရက်ကို ငါ သေသေချာချာ မှတ်မိတယ်..
အဲဒီနေ့မှာ ငါတို့ နော်ဝေးဒေသမှာ တစ်သက်ပြောစမှတ် ဖြစ်လောက်တဲ့ ဟာရီကိန်းလေမုန်တိုင်းကြီး ပေါ်ပေါက်ခဲ့တယ်...

►ဟာရီကိန်းမုန်တိုင်းက ကမ္ဘာ့ဒေသအချို့မှာ ပေါ်ပေါက်လေ့ ရှိစမြဲပဲ မဟုတ်လား...
►ဒါပေမယ့်လို့ အခု ငါပြောမယ့် မုန်တိုင်းကတော့ တခြားမုန်တိုင်းနဲ့ မတူဘူး.. ငါပြောတာကို မင်း ဆက်နားထောင်ရင် သိလာလိမ့်မယ်...
►ပြောပါ...
►အဲဒီနေ့ရဲ့ နံနက်ပိုင်းနဲ့ နေ့လယ်ပိုင်းမှာ ငါတို့သင်္ဘောအပါအဝင် အခြား လှေသင်္ဘောကြီးငယ်တွေ သွားလာနေကြတဲ့ မြောက်ပင်လယ် ရေပြင်ဟာ ငြိမ်သက်နေတယ်.. အနောက်တောင်ဘက်ကတော့ လေပြည်လေညင်းလေးတွေ တိုက်နေလေရဲ့...
►ခင်ဗျားတို့က ဘယ်ကနေ ဘယ်ကို သွားနေကြတာလဲ...
►ငါတို့က ကုန်ပစ္စည်းတွေ တင်ပြီး နော်ဝေးကို ပြန်လာကြတာပေါ့.. အဲ-မွန်းလွဲ ၂နာရီလောက် ရောက်တော့
  ရာသီဥတုဟာ ပြောင်းလာတယ်.. လေပြင်း စတိုက်တော့တယ်..
  တိုက်ပုံတိုက်နည်းက ရှေးကနဲ့ မတူဘူး.. ပိုကြမ်းတယ်.. ငါတို့ သင်္ဘောပေါ်က လူတွေဟာ တော်ရုံတန်ရုံ လေကိုမကြောက်ဘူး.. အခုလေကိုတော့ လန့်ကြတယ်.. ကြောက်ကြတယ်.. အခြေအနေ မကောင်းဘူးကွ ဆိုပြီး ငါက ရွက်တွေကို ချခိုင်းလိုက်တယ်.. ကောင်းကင်ပြင်တစ်ခုလုံးဟာ ကြေးနီရောင် ပြောင်းသွားတယ်...

►ဒါမျိုး ဟိုတုန်းက မကြုံဖူးဘူးလား...
►နည်းနည်းပါးပါးလောက်ပဲ ကြုံဖူးတယ်.. ဒီလောက် ဆိုးတာမျိုး တစ်ခါမှ မကြုံဖူးဘူး.. လေဆင်နှာမောင်းဟေ့ သတိသာ ထားကြပေတော့ လို့ ငါတို့ရဲ့ သင်္ဘောက ဝါရင့် သင်္ဘောသားကြီးတစ်ဦးက ပြောလို့မဆုံးခင်မှာ လေပြင်းကြီး စတိုက်တော့တယ်..
  ရေတွေ သင်္ဘောပေါ်ကို ရောက်လာတယ်.. လေက မွှေ့ရမ်းပြီး တိုက်တယ်..
  သင်္ဘောဟာ ချာလပတ် လည်နေတော့တာပဲ...
  ငါကတော့ အဲဒီအချိန်မှာ သင်္ဘောရဲ့ဦးပိုင်းမှာ သောက်ရေထည့်တဲ့ ရေစည်တွေနားမှာ.. ငါက ရေမရှိတဲ့ ရေစည်တစ်လုံးကို ဖက်တွယ်ထားရင်း ရေစည်ရဲ့ လက်ကိုင်ကြိုးကွင်းကို မြဲမြဲကိုင်ထားတယ်..
  သင်္ဘောဟာ လေဆင်နှာမောင်းရဲ့ ပတ်ချာလည် ဝှေ့ယမ်းမှုဒဏ်ကို ခံရင်း ရေထဲမှာ လည်နေတယ်..
  အဲဒီလို လည်ပတ်ရင်းနဲ့ ငါတို့ သင်္ဘောကြီးက ရေဝဲကြီးထဲ ရောက်မှန်းမသိ ရောက်နေတယ်ဆိုတာ ငါသတိပြုလိုက်မိတယ်...

►ဘယ်လိုဘယ်လို.. ခင်ဗျား ပြောတာ ကျုပ် မရှင်းဘူး...
►ဒီလိုလေ.. လေဆင်နှာမောင်းက ရှိသမျှအရှိန်ကို သုံးပြီး ပတ်ချာလည် ဝှေ့ယမ်းတော့ ရေတွေကို ယတ်ထုတ်ရင်း ရေပြင်ဟာ ဂလိုင်ကြီးလို တွင်းနက်ကြီးလို ဖြစ်သွားတာပေါ့...
►လေတိုက်နှုန်းက ဒီလောက်တောင်ပဲ အင်အားကောင်းလှချည်လား...
►ငါ့တစ်သက်မှာ ဒီလောက် အင်အားကောင်းတဲ့ လေမုန်တိုင်းမျိုး မတွေ့ခဲ့ဖူးဘူးကွ..
  လေကပြင်းလေ ရေခံတွင်းနက်ကြီးက နက်လေလေပဲကွ.. ငါတို့ သင်္ဘောဟာ အဲဒီ တွင်းနက်ထဲ တလည်လည်နဲ့ ဝင်သွားတော့တာပဲ...
►ကြောက်စရာကြီးပါလား.. အဲဒီ တွင်းနက်က ဘယ်လောက်ကျယ်သလဲ...

►ခန့်မှန်းခြေအရ ပေသုံးရာဝန်းကျင် လောက်တော့ရှိမယ်ထင်တယ်.. ငါလည်း ရေမရှိတဲ့ ရေစည်လွတ်ရဲ့ ကြိုးကွင်းကို ရှိသမျှအားနဲ့ ဖက်တွယ်ထားရင်း နောက်ဆုံးတော့ တွင်းနက်ထဲကို ရေစည်နဲ့အတူ ငါပါ ကျသွားတော့တာပဲ...
မဲလ်စတုန်းမဟာတွင်းနက်ကြီးဟေ့ လို့ သင်္ဘောပေါ်က ငါကျသွားစဉ် သင်္ဘောသားကြီးတစ်ယောက်ရဲ့
အော်ပြောသံကို ငါကြားလိုက်ရတယ်...
ငါတို့ ရောက်ရှိရာ နေရာမှာ မဲလ်စတုန်းကျွန်း အနီးမှာဖြစ်လို့ မဲလ်စတုန်းတွင်းနက်ကြီးလို့ အမည်ပေးလိုက်ပုံရတယ်...
ငါလည်း ရေထဲကို သစ်သားစည်နဲ့အတူ ကျသွားတုန်း သင်္ဘောကြီးက တွင်းနက်ကြီးထဲမှာ ချာလပတ်ယမ်းရင်း ငါ့အပေါ်မှာ ရှိနေတယ်ဆိုတာ ငါသတိပြုမိတယ်.. ရေစည်ကို ဖက်တွယ်ထားတဲ့ ငါဟာ အောက်ဘက်ကို ကြည့်လိုက်မိတော့ အလွန်နက်ရှိုင်းပြီး အောက်သို့ ကြည့်လေ မှောင်မည်းမည်း ဖြစ်နေတဲ့ တွင်းနက်ကြီးက တဝေါဝေါ
နဲ့အသံ ကျယ်လောင်စွာပြုရင်း ငါ့ထံလာခဲ့၊ ငါ့ထံလာခဲ့၊ လို့ ခေါ်နေသယောင် ငါထင်မှတ်မိတယ်....
ရေကလည်း နာရီလက်တံလို လည်ပတ်နေမှုက မြန်လွန်းမက မြန်လှတယ်...

ငါလည်း သတိရတစ်ချက်မရတစ်ချက်နဲ့ စည်ပိုင်းရဲ့ လက်ကိုင်ကွင်းကို မြဲမြဲကိုင်ထားရင်း စည်ပိုင်းကို အတင်းဖက်တွယ်ထားရတယ်....
တွင်းနက်ကြီးထဲက ရေတွေဟာ ဝေါဝေါဝေါင်းဝေါင်းနဲ့ လည်ပတ်သွားလာနေတာ နားကွဲမတတ် ကျယ်လွန်းလှတယ်...
ငါလည်း ရုတ်တရက် သတိလစ်သွားတယ်.. သတိပြန်ရလို့ မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ ငါတို့ရဲ့ သင်္ဘောဟာ ရေတွင်းနက်ကြီးရဲ့ အောက်ဘက်ကို တဝဲဝဲလည်လည်နှင့် ကျဆင်းနေတာတွေ့ရပြီး ငါဖက်တွယ်ထားတဲ့ သစ်သားစည်ကလည်း သင်္ဘောအပေါ်ဘက် ပေတစ်ရာကျော်ကျော်လောက်မှာ ရှိနေတာကို အံ့သြဖွယ် တွေ့ရတယ်...

လေးလံတဲ့ အရာဝတ္ထုများသည် အောက်သို့ အကျမြန်ပြီး ပေါ့ပါးသောအရာက ရုတ်တရက် အောက်သို့မကျဆိုတဲ့ အချက်ကို ငါ ရုတ်တရက် နားလည်လိုက်တယ်..
ဆွဲငင်အားက ပေါ့ပါးတဲ့ ရေစည်ကို ရုတ်တရက် ချက်ချင်းအောက်ကို ရောက်အောင် ဆွဲငင်ခေါ်ခြင်းမရှိ ဆိုတာကို ငါ သိရှိ နားလည်လိုက်တယ်...
ငါ တွင်းနက်ကြီးထဲကို ငုံကြည့်ရင်း ကြောက်စိတ်တွေ တစ်ကိုယ်လုံး လွှမ်းခြုံသွားရာက ဆံပင်တွေအားလုံး
ထောင်သွားသည်ကို သတိပြုလိုက်မိတယ်.. အဲဒီနောက် ငါ သတိလစ်သွားပြန်တယ်..
ငါ သတိပြန်ရလို့ အောက်ကိုကြည့်လိုက်တော့ ငါတို့ သင်္ဘောဟာ တွင်းနက်ရဲ့အောက်ခြေကို ရောက်သွားတယ် ဆိုတာ မှုန်မွှားမွှား မြင်လိုက်ရပြီး ငါကတော့ တွင်းနက်ရဲ့ အလယ်မှာ ရေတွေနဲ့အတူ တဝဲလည်လည် ဖြစ်နေတယ်...

ဒီအချိန်မှာ ငါသတိပြုမိတာက တွင်းနက်ထဲက ရေတွေဟာ လည်ပတ်မှုနှုန်း နှေးကွေးလာတာပဲ ဖြစ်တယ်..
လေတိုက်နှုန်းကလည်း လျော့ကျစပြုနေပြီ.. လေတိုက်နှုန်းဟာ လေပြည်လေညင်းသာသာပဲ..
တွင်းနက်ကြီးထဲက ရေတွေရဲ့ လည်ပတ်နှုန်းကလည်း နှေးကွေးလာပြီး ရေတွေဟာ အပေါ်ကို တက်နေပြီး
ငါဖက်တွယ်ထားသော ရေစည်ဟာလည်း အပေါ်သို့ တရွေ့ရွေ့ တက်နေကြောင်း တွေ့ရတယ်..
ငါ အရမ်းဝမ်းသာသွားတယ်..
နေဝင်စပြုနေပြီ.. နေရောင် လျော့လျော့လေးက ဖြာကျနေတယ်.. ခဏအကြာမှာ ငါဟာ သစ်သားရေစည်နဲ့အတူ ပင်လယ်ရေပြင်ပေါ်ကို ရောက်လာတော့တယ်...
ငါ မသေတော့ဘူး.. သေတွင်းက လွတ်မြောက်ပြီလို့ စိတ်ကို တုံးတုံးချလိုက်တယ်.. စည်ပိုင်းကို ဖက်တွယ်ရင်း ငါ သတိလစ်သွားတယ်...
ငါသတိပြန်ရတော့ နော်ဝေးကမ်းခြေတစ်နေရာက တံငါသည်တွေရဲ့ အိမ်တစ်အိမ်ထဲ ရောက်နေတာကို သိရတယ်
အဲဒီ တံငါသည်က ငါ့ကို ကယ်ပြီး သူ့တဲကို ခေါ်လာခဲ့တာ ဖြစ်တယ်..
ငါလည်း တစ်ညလုံးလုံး သတိလစ်သွားတယ်..
ငါ့အရင်က မည်းနက်နေတဲ့ ဆံပင်တွေဟာ ဆွတ်ဆွတ်ဖြူသွားတာကို ငါ့ကိုသိတဲ့ တံငါသည်တွေက ပြောကြတယ်.. မှန်ထဲကို ကြည့်လိုက်တဲ့အခါ မှန်ကန်နေကြောင်း တွေ့ရတယ်..
ငါက ငါ့ဖြစ်ရပ်ကို ပြောပြတယ်.. သူတို့က မယုံကြဘူး.. ငါဦးနှောက်ပျက်သွားပြီး တွေ့ကရာ လျှောက်ပြောတယ်လို့ ယူဆကြတယ်..
သူတို့က ဘယ်လို ယူဆယူဆ ငါကတော့ မဲလ်စတုန်းမဟာတွင်းနက်ကြီးကို စဉ်းစားမိရင်း ကြက်သီးဖြန်းဖြန်းထပြီး သင်္ဘောနဲ့အတူ ပါသွားတဲ့ ငါ့ညီတွေနဲ့ သင်္ဘောသားတွေကို သတိရမိတယ်...

 အဲဒီနေ့ကစပြီး ငါလည်း မဲလ်စတုန်းကျွန်းဘက်ကို လုံးဝ မသွားတော့ဘူး.....///


ဖတ်ခဲ့ဖူးသည်များကို တင်ထားခြင်းဖြစ်ပါသည်။ အားလုံးကို ကျေးဇူးတင်ပါသည်။
@yexin189

စားသောက်စားပွဲမှာလူတစ်ဆယ့်သုံးယောက်


စာရေးဆရာ ►►►မြသိန်း
Thirteen At The Table By Lord Dunsany


ကျွန်ုပ်၏ အမည်မှာ လင်တန်။
ကျွန်ုပ်သည် မြေခွေးများ လိုက်လံ ဖမ်းဆီးခြင်း၌ အလွန် ဝါသနာပါသူ ဖြစ်သည်။
ဧပြီလဆန်းပိုင်း၏ ရက်တစ်ရက်တွင် ကျွန်ုပ်သည် တပည့်ကျော် ဂျိမ်းစ်နှင့်အတူ မြင်းကိုယ်စီဖြင့် ကင့်ဒေသသို့ မြေခွေးလိုက်ထွက်ခဲ့ကြ၏။ ဤဒေသမှာ ကျွန်ုပ် မြေခွေးလိုက်ထွက်နေကျ ဒေသဖြစ်၏။
လယ်ကွင်းများကို ဖြတ်ကျော်ပြီးသောအခါ ချုံနွယ်ပိတ်ပေါင်းများ ကျိုးတိုးကျဲတဲ ပေါက်နေသော ထုံးကျောက်တောင်ကုန်းငယ်များရှိရာသို့ ရောက်လာကြ၏။
ကျွန်ုပ်တို့ ဆရာတပည့်နှစ်ဦးသည် မြင်းများကို ခပ်မှန်မှန်သာ စီးလာကြ၏။ ကျွန်ုပ်၏ လက်ဆွဲတော် မြေခွေးလိုက်ခွေးနှစ်ကောင်က ကျွန်ုပ်တို့ရှေ့မှ အနံ့ခံရင်း သွားနေ၏။

ထုံးကျောက်တောင်ကုန်းဒေသကို လွန်မြောက်သောအခါ လယ်ကွင်းငယ် တစ်ခုကို တွေ့ရသည်။
၎င်းလယ်ကွင်းငယ်ရှိ လယ်တဲငယ်လေး၌ ကျွန်ုပ်တို့ ခေတ္တရပ်နားကြပြီး နေ့လည်စာကို စားကြသည်။
လယ်တဲရှင်များ မရှိကြပါ။ သို့သော် ကျွန်ုပ်သည် ဤဒေသသို့ မကြာခဏ ရောက်လာသူဖြစ်သောကြောင့် လယ်တဲရှင်များနှင့် ခင်မင်ရင်းနှီးသူဘဝသို့ ရောက်ခဲ့ကာ သူတို့ ရှိရှိ မရှိမရှိ လယ်တဲတွင် အနားယူတည်းခိုနိုင်ကြောင်း ကျွန်ုပ်ကို ပြောထားပြီး ဖြစ်၏။

လယ်တဲတွင် နှစ်နာရီခန့် နားပြီးသောအခါ ကျွန်ုပ်တို့ မြေခွေးရှာထွက်ကြ၏။ လမ်းကလည်း ကြမ်းလာ၏။
တောင်ပူစာများ၊ တောင်ကုန်းငယ်များ ပိုများလာ၏။ ချုံပုတ်ကြီးငယ်များကလည်း ပို၍ ထူလာ၏။
တစ်ခုသော တောင်ကုန်းငယ်ပေါ် အရောက်တွင် မြေခွေးတစ်ကောင်သည် ကျွန်ုပ်၏ ရှေ့ကိုက် ၅၀၀ ခန့်မှနေ၍ ရှေ့တူရူရှိ တောင်ကုန်းပေါ်သို့ တက်သွားသည်ကို မြင်လိုက်ရာ ကျွန်ုပ် ပျော်သွား၏။

ကျွန်ုပ်၏ ခွေးများကလည်း မြေခွေးကိုမြင်၏။ ခွေးနှစ်ကောင်သည် မြေခွေးနောက်သို့ အတင်း ထိုးလိုက်ကြ၏။
ကျွန်ုပ်တို့ ဆရာတပည့်နှစ်ယောက်ကလည်း မြေခွေးနောက်သို့ လိုက်ရန် မြင်းများကို အသော့နှင်လိုက်၏။
မြေခွေးသည် ရှေ့တူရူသို့သာ တည့်တည့်ပြေး၏။ ကျွန်ုပ်တို့ကလည်း တည့်တည့်လိုက်၏။
မြေပြင်အနေအထားမှာ ကြမ်းလာသော်လည်း ကျွန်ုပ်သည် မြေခွေးကို ဖမ်းမိရေးကိုသာ အာသီသထားပြီး မြင်းကို အသော့နှင်၏။ ကျွန်ုပ်၏ တပည့်နှင့် သူ၏မြင်းမှာ ကျွန်ုပ်၏ နောက်ဘက် ကိုက်တစ်ရာခန့်မှ ကွာ၍ လိုက်လာ၏။

မြေခွေးသည် ကွေ့ကွေ့ကောက်ကောက် မသွား၊ တည့်တည့်သာ သွားနေသည်မှာ ထူးဆန်း၏။ မြေခွေးသည် ကျွန်ုပ်တို့ကို တောနက်ပိုင်းသို့ သွေးဆောင် ခေါ်သွားနေပုံရ၏။
၎င်းသည် ပြေးရင်းပြေးရင်း နောက်သို့ မကြာခဏ လှည့်ကြည့်၏။ ကျွန်ုပ်၏ ခွေးနှစ်ကောင်သည် မြေခွေးကို
မီအောင် မလိုက်နိုင်သည်မှာ ထူးဆန်း၏။ ဤမျှ အပြေးမြန်သော မြေခွေးမျိုးကို ကျွန်ုပ် တစ်ခါမှ မကြုံဘူးပါ။

အမှောင်ထုက အားကောင်းစပြုလာပြီ။ ကျွန်ုပ်၏ ခွေးနှစ်ကောင်ကလည်း ဇွဲကောင်းကြ၏။ မြေခွေးကို လုံးဝ
မျက်ခြည်အပြတ်မခံဘဲ အတင်းလိုက်၏။
ကျွန်ုပ်တို့သည် ဆယ်မိုင်အကွာအဝေးသို့ ရောက်လာပြီ ဖြစ်ကြောင်း ကျွန်ုပ် တွက်ဆမိသည်။
ကျွန်ုပ်၏ တပည့်ကျော်သည်လည်း ဇွဲကောင်း၏။ သူရော သူ၏မြင်းပါ ကျွန်ုပ်နောက်မှ လိုက်လာကြ၏။ ပင်ပန်းနွမ်းနယ်မှုများလာသော်လည်း ကျွန်ုပ်တို့သည် မြေခွေးအား မျက်ခြည်ပြတ်သွားမှာကို စိုးရွံ့မိ၏။
ခွေးနှစ်ကောင်သည် မြေခွေးတက်သွားရာ တောင်ကုန်းဆီသို့ ဟောင်သံများပေးပြီး လိုက်တက်သွားကြသောကြောင့် ကျွန်ုပ်ကလည်း လိုက်တက်လိုက်သည်။ ၄င်းတောင်ကုန်းထိပ်ရှိ သစ်ပင်များကြားတွင် အဆောက်အအုံတစ်ခုကို ဘွားခနဲ ကျွန်ုပ် တွေ့လိုက်ရ၏။

ခွေးနှစ်ကောင်မှာ အဆောက်အအုံ (မြေအုတ်အဆောက်အအုံ) တံခါးဝ၌ ရပ်နေကြ၏။ ၄င်းတို့သည် လာနေကြလေပြီ။ မြေခွေး ဘယ်ရောက်သွားမှန်းမသိတော့ပါ။ အလင်းရောင်မျှင်မျှင်ကလေးသာ ကျန်တော့၏။
မြေခွေးသည် ဤအဆောက်အအုံထဲသို့ ဝင်ပြေးသွားသလော (သို့) အဆောက်အအုံနောက်ဘက်ရှိ တောအုပ်ထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားပြီလော။
မြေခွေးကို လုံးဝ မတွေ့တော့။ ကျွန်ုပ်တို့သည် မြင်းပေါ်မှ ဆင်းလိုက်ကြသည်။

အဆောက်အအုံမှာ ဟောင်းနွမ်းနေပြီဖြစ်သော ရဲတိုက်အဆောက်အအုံကြီးတစ်ခု ဖြစ်၏။
ကျွန်ုပ်သည် ပိတ်ထားသော တံခါးကြီးကို ခပ်ပြင်းပြင်း ထုလိုက်သည်။ လေးငါးခါလောက် ထုလိုက်တော့မှ တံခါးတစ်ဖက် ပွင့်လာပြီး မီးလင်းနေသော ဖယောင်းတိုင်ကို ကိုင်ထားသည့် အသက်(၆၀)ခန့် လူတစ်ယောက်ကို မြင်ရသည်။ သူသည် မျက်လုံးပြူး၍-

► ညမိုးချုပ်မှ လမ်းမှားရောက်လာကြတဲ့သူတွေ ထင်တယ်.. ဟု အသံအောအောဖြင့် ပြောသည်။
► ဟုတ်တယ်.. မြေခွေးတစ်ကောင်နောက်ကို လိုက်ရင်း ဒီကို ရောက်လာတာပါ.. ကျုပ်က လင်တန်ပါ..
   လန်ဒန်မှာ နေတယ်.. ခင်ဗျားရဲ့ အရှင်သခင်နဲ့ တွေ့ချင်တယ်...
ကျွန်ုပ်က ပြောလိုက်သည်။

► ကျုပ်က ဒီရဲတိုက်ပိုင်ရှင် ဆာရစ်ချဒ်ရဲ့ ဘာတလာ ဖြစ်ပါတယ်.. ကျုပ်ရဲ့ ဆရာထံသွားပြီး အကျိုးအကြောင်း ပြောလိုက်ပါဦးမယ်...
► ငါရောက်လာပြီ..ဘာတလာ.. ဧည့်သည်နဲ့ ပါလာသူတွေကိုလည်း အနောက်ဘက်မှာ နေရာချထားပေးလိုက်ပါ..
ဘာတလာ၏ နောက်ဆီမှ အသံတစ်သံ ထွက်လာ၏။ အသံသြဇာရှိသော သူ၏ အသံ ဖြစ်သည်။

ဘာတလာသည် နံဘေးကို ခြေတစ်လှမ်းဖယ်ပြီး ကျွန်ုပ်နှင့် ရဲတိုက်ပိုင်ရှင် အကြားတွင် ဖယောင်းတိုင်မီးကို
ကိုင်ထားသည်။ ကျွန်ုပ်သည် ရဲတိုက်ပိုင်ရှင်၏ မျက်နှာကို ဖယောင်းတိုင်မီးရောင် အကူအညီဖြင့် မြင်ရသည်။
အသက်(၇၀)နှစ် အရွယ်ရှိသူဟု ခန့်မှန်းရ၏။ သူသည် ညစာစားပွဲဝတ်စုံကို ဝတ်ထား၏။

► အထဲကို လာပါ.. ဧည့်ခန်းထဲ လာပါ...
ရဲတိုက်ပိုင်ရှင်က ဦးဆောင်၍ ကျွန်ုပ်ကို ခေါ်သွားသည်။ ဧည့်ခန်းထဲ ဝင်လိုက်သည် ဆိုရင်ပဲ ဖယောင်းတိုင်မီးများ လင်းထိန်နေ၏။ ဘာတလာမှာမူ ကျွန်ုပ်တို့နှင့် ခွဲခွာသွား၏။

► ကျုပ်အမည်က ဆာရစ်ချဒ်.. ဒီရဲတိုက်မှာ နေလာတာ နှစ်အတန်ကြာပါပြီ...
ဆာရစ်ချဒ်က ဆက်တီတစ်လုံးပေါ်တွင် ထိုင်ရင်း ပြောသည်။
► ကျွန်တော်ကတော့ လင်တန်ဖြစ်ပါတယ်.. လန်ဒန်မှာ နေတာပါ.. မြေခွေးတွေကို အမဲလိုက်ချိန်ရောက်ရင်
   ကင့်ဒေသကိုလာပြီး အမဲလိုက်ပါတယ်.. ကနေ့လည်း....။
ကျွန်ုပ်သည် ဆာရစ်ချဒ်နှင့် မျက်နှာချင်းဆိုင်ထိုင်ရင်း ဤနေရာသို့ ရောက်လာပုံကို အကျဉ်းချုံး၍
ပြောလိုက်သည်။

► ခင်ဗျား မောပန်းလာတယ်.. အဲဒီ စားပွဲငယ်ပေါ်က ရေကရားထဲက ရေကို သောက်ပါ.. လန်းဆန်းသွားမယ်...
ဆာရစ်ချဒ်က ထိုသို့ ပြောသောအခါ ရေဆာနေသော ကျွန်ုပ်သည် ရေတစ်ဖန်ခွက် ခပ်သောက်လိုက်၏။
ရေသောက်ပြီး ခဏအကြာတွင် ကျွန်ုပ်သည် ဦးခေါင်းထဲ၌ ရီတီတီ ဖြစ်လာ၏။ သို့သော်လည်း ကျွန်ုပ်သည် စိတ်ကို တင်းထား၏။ မျက်လုံးများ မှေးစင်းလာရာ ကျွန်ုပ်သည် စိတ်ကို တင်းပြီး ထိုင်ရာမှ ထရင်း-
► ကျွန်တော် ညောင်းလာလို့ ဒီအခန်းထဲမှာ လမ်းအနည်းငယ် လျှောက်ခွင့်ပြုပါ...
ဟု ခွင့်ပန်သည်။

► ကောင်းပြီ..နောက်ဆယ့်ငါးမိနစ်လောက်ကြာရင် ကျုပ်တို့ ညစာ စားကြတာပေါ့..
ဟု ဆာရစ်ချဒ်က ပြောပြီး ထိုင်နေရာမှထကာ အနောက်ဘက်အခန်းတစ်ခုထဲသို့ ဝင်သွားသည်။
အခန်းထဲ၌ မြေကြွက်ကြီး အချို့ လှုပ်လှုပ်ရှားရှား သွားလာနေကြသည်ကို ကျွန်ုပ် သတိပြု မိ၏။
ကျွန်ုပ်သည် အိပ်ချင်မူးတူးဖြင့် ဧည့်ခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေစဉ်-
ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားသော အမျိုးသမီးတစ်သိုက် ဧည့်ခန်းထဲ ဝင်လာကြသည်။ သူတို့သည်
တစ်ယောက်နှင့်တစ်ယောက် စကားမပြောကြ။ သူတို့၏ မျက်နှာအမူအရာမှာ ရွှင်ရွှင်ပျပျ မရှိကြပါ။
သူတို့သည် ကျွန်ုပ်ကို ခပ်တည်တည်ကြည့်ပြီး ဆာရစ်ချဒ်ဝင်သွားရာ အခန်းထဲသို့ ဝင်သွားကြ၏။

သူတို့အရေအတွက်မှာ အားလုံးပေါင်း (၁၁)ယောက် ဖြစ်သည်။
သူတို့ ကျွန်ုပ်၏ မြင်ကွင်းမှ ပျောက်သွားသောအခါ ဆက်တီတစ်လုံးပေါ်၌ ထိုင်ချလိုက်သည်။ အိပ်ချင်စိတ်မှာ လွန်ကဲလာ၏။
ထိုအခါ ဘာတလာသည် ကျွန်ုပ်အနား ရောက်လာသည်။
► ညစာသုံးဆောင်ဖို့ ဆာရစ်ချဒ်က ဖိတ်ပါတယ်... ဟု ပြောသည်။
ကျွန်ုပ်သည် ဒယိမ်းဒယိုင်ဖြင့် ညစာတည်ခင်းထားရာ အခန်းထဲသို့ ဝင်သွားသည်။ အခန်းထဲတွင် ဖယောင်းတိုင်မီးများ ရှိ၏။ သို့သော် ဖယောင်းတိုင်အရေအတွက်မှာ သိပ်မများပါ။

ကျွန်ုပ်သည် ဆာရစ်ချဒ်အနီးတွင် ထိုင်မိသည်နှင့်-
► ငါတို့ရဲ့ စံဂေဟာကြီးဆီ မမျှော်လင့်ဘဲ ရောက်လာတဲ့ မစ္စတာ လင်တန်ကို ကြိုဆိုဂုဏ်ပြုရင်း ငါတို့ရဲ့ စားသောက်ပွဲကြီးကို ပျော်ပျော်ပါးပါး စားသောက်ကြပါစို့...
ဟု ဆာရစ်ချဒ်က ပြောပြီး အရက်ထည့်ထားသော ဖန်ခွက်ကို ကောက်ကိုင်လိုက်၏။
ကျွန်ုပ်သည်လည်း ကျွန်ုပ်ရှေ့မှ ဖန်ခွက်ကို ကိုင်ရင်း ဆာရစ်ချဒ်ဖန်ခွက်နှင့်ထိပြီး အရက်ကို တစ်ငုံသောက်
လိုက်၏
အမျိုးသမီးများကလည်း သူတို့ရှေ့မှ ဖန်ခွက်များကိုယူကာ ကပ်လျက်ထိုင်နေသူများအချင်းချင်း ဖန်ခွက်များထိ၍ သောက်လိုက်ကြ၏။

ထို့နောက် ဆာရစ်ချဒ်က-
► အားရပါးရ စားသောက်ကြပါ.. ဟု ပြောရင်း သူက စတင် စား၏။
ကျွန်ုပ်သည် ဆာလောင်နေသူဖြစ်သောကြောင့် ဆာရစ်ချဒ် စကားဆုံးသည်နှင့် အစားအစာကို စားပါတော့သည်။
သူတို့ အားလုံးသည် စကားပင်မပြောကြဘဲ အစားများကို စားနေကြ၏။
ကျွန်ုပ်သည် အစာစားရင်း ထမင်းစားပွဲဝိုင်းရှိ လူအရေအတွက်ကို တွက်ကြည့်ရာ ကျွန်ုပ် အပါအဝင် တစ်ဆယ့်သုံးယောက်ရှိကြောင်း တွေ့ရ၏။

တစ်ဆယ့်သုံးဂဏန်း
ကံမကောင်းသော ဂဏန်းပါတကား။ ကျွန်ုပ်၏ ရင်ထဲ ထိပ်ခနဲ ဖြစ်သွားလေတော့၏။
ထမင်းစားပွဲဝိုင်းမှာ တိတ်ဆိတ်လွန်း၏။ ဆာရစ်ချဒ်၏ ဘာတလာသည် မကြာမကြာ အခန်းထဲဝင်လာကာ
ဟင်းခွက်များထဲသို့ ဟင်းများဖြည့်ပေး၏။
► မင်းကို ကျေးဇူးတင်တယ်ကွာ.. သိပ်အရသာရှိတယ်...
ဆာရစ်ချဒ်သည် ဘာတလာကို ချီးကျူး၏။
ကျွန်ုပ်သည် ဝမ်းဗိုက်ပြည့်သွားသောအခါ ဆက်မစားတော့ဘဲ ထမင်းဝိုင်းမှသူများကို မသိမသာ ကြည့်နေမိ၏။
ချောမောလှပသော အမျိုးသမီးငယ်လေးတွေ၊ ဆာရစ်ချဒ်နှင့် ဘာတော်ပါလိမ့်။
ဆာရစ်ချဒ်အနီးတွင် ကပ်လျက်ထိုင်နေသော အမျိုးသမီးကြီးတစ်ယောက်ကလွဲလျှင် ကျန်အမျိုးသမီးများမှာ အသက်နှစ်ဆယ်ကျော် အစိတ်ဝန်းကျင်များသာ ဖြစ်ကြ၏။

ဝမ်းဗိုက်ပြည့်သွားသောကြောင့် ကျွန်ုပ်သည် အိပ်ငိုက်လာ၏။ ငိုက်ခနဲ ဖြစ်သွားရာ သတိကြီးစွာ ထားနေရ၏။
ထမင်းစားဝိုင်းမှာ တိတ်လွန်းလှ၏။ ထိုအခိုက် ကျွန်ုပ်၏ မျက်လုံးများ ပြူးကျယ်သွား၏။
ဆာရစ်ချဒ်အပါအဝင် ထမင်းဝိုင်းရှိသူများ အားလုံးမှာ (ကျွန်ုပ်မှအပ) ထမင်းဝိုင်းစားပွဲပေါ်၌ ဦးခေါင်းများ ငိုက်စိုက်ကျပြီး အိပ်သွားသောကြောင့် ဖြစ်၏။
ထူးဆန်းပေစွ။
ကျွန်ုပ်သည် ဘာလုပ်ရမှန်းမသိ။ ထိတ်လန့်နေသည့်ကြားထဲ ကျွန်ုပ်၏ အိပ်ချင်စိတ်သည်လည်း ပြန်ပေါ်လာ၏။
ထို့ကြောင့် ကျွန်ုပ်သည် ဧည့်ခန်းသို့ ထသွားပြီး ဆက်တီရှည်ကြီးပေါ် လဲလျောင်းလိုက်ရာ တစ်ခဏချင်း
အိပ်ပျော်သွားလေတော့၏။

ကျွန်ုပ် အိပ်ရာမှ လန့်နိုးလာသောအခါ နံနက်လင်း၍ အလင်းရောင်က အားကောင်းလာ၏။ ငှက်ကလေးမျး၏ မြည်သံများမှာ ဆူညံနေ၏။
ကျွန်ုပ်သည် ငေါက်ခနဲ ထထိုင်လိုက်၏။
ကျွန်ုပ် အိပ်နေသည့် နေရာမှာ သစ်သားခုတင်ပျက်ကြီး ဖြစ်နေသည်ကို တွေ့ရ၏။ ဧည့်ခန်းအလယ်တွင်ရှိ
စားပွဲဟောင်းပေါ်တွင် ညက ကျွန်ုပ် သောက်ခဲ့သော ရေကရားနှင့် ဖန်ခွက်ကို တွေ့ရ၏။
ကျွန်ုပ်သည် စားသောက်ခန်းထဲသို့ ဝင်သွား၏။

► ဟင်..ဘာမှ မရှိပါလား.. ဘယ်သူမှလဲ မရှိတော့ဘူး.. သူတို့ ဘယ်ရောက်သွားပါလိမ့်...
ညတုန်းက ကျွန်ုပ်နှင့်အတူတူ စားသောက်ခဲ့သော ဆာရစ်ချဒ်တို့ လူသိုက်ကို လုံးဝမတွေ့ရ။
► ဘာတလာရော...
ကျွန်ုပ်၏ တပည့် ဂျိမ်းစ် သည်သာလျှင် မြင်းများနှင့် ကျွန်ုပ်ကို စောင့်နေ၏။
► မင်း ညက စားရ၊ အိပ်ရတာ အဆင်ပြေရဲ့လား...
ကျွန်ုပ်က မေးလိုက်သည်။
► ပြေပါတယ်.. ဘာတလာက ကျွန်တော့်ကို အစားကောင်းကောင်းကျွေးပါတယ်.. မြင်းနဲ့ခွေးတွေကိုလည်း
   အစာတွေ ကျွေးပါတယယ်.. ကျွန်တော်လည်း အစာစားပြီးတာနဲ့ ခုတင်ပျက်တစ်ခုပေါ်မှာ အိပ်လိုက်တာ မိုးလင်းမှ နိုးပါတော့တယ်...
ကျွန်ုပ်၏ တပည့်က ပြော၏။

► ညက ငါနဲ့အတူတူ စားသေက်တဲ့ ဆာရစ်ချဒ်နဲ့ သူ့အဖွဲ့တွေကို မင်းတွေ့မိလား.. သူတို့ကို ငါရှာမတွေ့ဘူး...
► ကျွန်တော်လည်း မနက်မှ နိုးတော့ သတိမထားမိဘူး ခင်ဗျ...
► ထူးဆန်းတယ်ကွ.. သိပ်ထူးဆန်းတယ်...
ကျွန်ုပ်၏ နှုတ်မှ အသံထွက်သွားသည်။
ကျွန်ုပ်သည် အဆောက်အအုံထဲ ပြန်ဝင်သွားပြီး အဆောက်အအုံအပေါ်ထပ်သို့ တက်သွားကာ တစ်ခန်းဝင်
တစ်ခန်းထွက် ဆာရစ်ချဒ်တို့အဖွဲ့ကို လိုက်ရှာ၏။ လုံးဝမတွေ့။

အဆောက်အအုံမှာ အလွန် ဟောင်းနွမ်း အိုမင်းနေသော အဆောက်အအုံဖြစ်၏။ လူနေသည့် အခြေအနေမျိုးမရှိ။
ကျွန်ုပ် အောက်သို့ ပြန်ဆင်းလာသောအခါ ဧည့်ခန်းတွင် အသက် ငါးဆယ်အရွယ် လူတစ်ယောက်နှင့် ဆုံ၏။
► မင်္ဂလာ နံနက်ခင်းပါ.. ကျွန်တော်က ဝီလျံပါ.. ဒီအဆောက်အအုံကို ထိန်းသိမ်းစောင့်ရှောက်သူပါ..
   ဆာရစ်ချဒ် မကွယ်လွန်မီက ကျွန်တော့်ကို တာဝန်ပေးခဲ့တာပါ...
► ဘယ်လို..ဘယ်လို..ဆာရစ်ချဒ် မကွယ်လွန်မီက.. ညတုန်းကပဲ ကျုပ် ဆာရစ်ချဒ်နဲ့စကားပြောခဲ့သေးတယ်...
ကျွန်ုပ်က အံ့သြစွာဖြင့် ပြောလိုက်သည်။

► ကျွန်တော်က ဒီတောင်ကုန်းရဲ့ အောက်ဘက်က ရွာမှာ နေပါတယ်.. ညတုန်းက မီးရောင်လဲ့လဲ့ကလေးတွေကိုမြင်ရတော့ ဧည့်သည်တွေ ရောက်နေပြီဆိုတာ သိလိုက်တယ်...
► ကျုပ်တော့ ဘယ်လိုမှ နားမလည်ဘူး.. သူတို့နဲ့အတူတူ ညတုန်းက ကျုပ် အစားအစာ အတူတူ စားခဲ့သေးတယ်..  ကျုပ်ရဲ့ အမည်က လင်တန်ပါ.. မြေခွေးလိုက်ရင်း ဒီကို ရောက်ခဲ့တာပါ......

ဝီလျံက ပြုံးလိုက်သည်။
► ဒီဇတ်လမ်းကို အကျဉ်းချုံးပြီး ပြောရမယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက်က ဆာရစ်ချဒ်ရယ်၊ သူ့ဇနီးရယ်၊ သူ့ဇနီးရဲ့ တပည့်မ ကချေသည်တွေ ဒီကို လာကြရင်း ဒီမှာ ပေါက်နေတဲ့ မှိုရိုင်းတွေကို ဘာတလာက စားလို့ရတဲ့ မှိုထင်ပြီး ချက်ကျွေးလိုက်တာ မှိုဆိပ်သင့်ပြီး သေသွားကြတယ်..
စားသောက်စားပွဲဝိုင်းမှာ လူပေါင်း (၁၃) ယောက်စားကြတယ်.. ကံမကောင်းတဲ့ နံပါတ်ပါ..
တစ်ယောက်ပဲ အသက်ရှင်တယ်.. အမျိုးသမီးတစ်ယောက်ပါ.. သူက မှိုကို နည်းနည်းလေးပဲစားမိလို့ မူးဝေအော့အန်ပြီး သတိလစ်နေတယ်..
မနက်ကျတော့ တောလည်သွားတဲ့ ရွာသူအချို့ ဒီအဆောက်အအုံနား ဖြတ်သွားရင်း မသင်္ကာတာနဲ့ ဝင်ကြည့်တော့မှ အဖြစ်မှန် သိရတော့တယ်...

►  ဟင်..ထူးဆန်းလိုက်တာ...
►  ဆာရစ်ချဒ်နဲ့ သူ့ဇနီးရဲ့ အုတ်ဂူ ပြီးတော့ အခြားမိန်းကလေးတွေရဲ့ အုတ်ဂူတွေဟာ ဟောဟိုနားမှာ ရှိပါတယ်..
ဝီလျံက ကျွန်ုပ်ကို ခေါ်ပြီး အဆောက်အအုံ အနောက်ဘက် ကိုက်ငါးဆယ်အကွာ နေရာရှိ အုတ်ဂူများကို ပြ၏။ အားလုံးပေါင်း အုတ်ဂူ (၁၂) ခု။

►  ဘာတလာရော သေတဲ့အထဲ ပါမသွားဘူးလား...
►  ဘာတလာလည်း သေတဲ့အထဲ ပါသွားတယ်...
►  ဒီလိုဆိုရင်..ညစာစားသောက်ပွဲဟာ......
►  ဒါတော့ ကျွန်တော် မပြောတတ်ဘူး..ကျွန်တော်က မနက်ဆိုရင် ဒီကိုလာ..ခင်ဗျားတို့လို တောလည်လာသူတွေ ဒီကို ရောက်လာရင် သောက်ဖို့ ရေကရားနဲ့ ရေခွက်ကို ဧည့်ခန်းထဲမှာ နေ့စဉ်ထားပေးထားတယ်...

►  ကျုပ်တော့ ဘယ်လိုမှ မစဉ်းစားတတ်တော့ဘူး.. ညက သူတို့တစ်တွေနဲ့ အတူတူ အစားအစာ အတူတူစားတာတော့ အမှန်ပဲဗျ...
►  ခင်ဗျား..အိပ်မက်မက်နေတာ ဖြစ်လိမ့်မယ်...
►  အိပ်မက်မဟုတ်ဘူး.. တကယ့် ဖြစ်ရပ်...
►  သူတို့ သေသွားတာ ကြာပြီလေ.. သူတို့ရဲ့ အုတ်ဂူကို ခင်ဗျား မြင်ပြီးပြီ မဟုတ်လား....
►  အိပ်မက် မဟုတ်ဘူးဆိုရင် သူတို့ တစ်တွေဟာ...
ကျွန်ုပ်သည် ကြက်သီးများထသွားလေ၏။

ဖတ်ခဲ့ဖူးသည်များကို တင်ထားခြင်းဖြစ်ပါသည်။ အားလုံးကို ကျေးဇူးတင်ပါသည်။
@yexin189

Tuesday, October 13, 2015

စတိုခန်းထဲမှမမြင်ရသောအရာ


စာရေးသူ   ►►►မြသိန်း
The Thing In The Cellar by D.H.Keller


အိမ်ကြီး၏ အနောက်ဘက်ပိုင်း၌ ပစ္စည်းအဟောင်းများနှင့် အသုံးမလိုတော့သည့် ပစ္စည်းများထားရာ အခန်းတစ်ခန်းရှိ၏။ စတိုခန်းဟုခေါ်သော ၄င်းအခန်းသည် မီးဖိုခန်းနှင့် နီးကပ်စွာရှိ၏။ ၄င်းစတိုခန်းသည် ပထမအိမ်ဟောင်း မီးလောင်သွားစဉ် မလောင်ဘဲ ကျန်နေရစ်ခဲ့သော အခန်းဖြစ်သည်ဟု မူလအိမ်ရှင်က ပြော၏။
ပထမအိမ်ဟောင်း မီးလောင်စဉ်က အိမ်ရှင်အမေအိုကြီး မီးလောင်သေဆုံးသွားခဲ့၏။

စတိုခန်းတွင် ပြတင်းပေါက် တစ်ပေါက်သာရှိ၏။ ၄င်းပြတင်းပေါက်ကို အမြဲပိတ်ထားသောကြောင့် စတိုခန်းတံခါးဝမှ ကြည့်လျှင် စတိုခန်းတစ်ခန်းလုံး မည်းမှောင်နေသည်ကို တွေ့ရမည်ဖြစ်သည်။

တော်မီတပ်ကား...
တော်မီတပ်ကားသည် ကာဆယ်ဒက်စပဲယားဟု အရပ်သားများ အမည်ပေးထားသော ဤအိမ်ကြီးကို
ဝယ်လိုက်သူ မစ္စတာတပ်ကား၏ သားငယ်လေးဖြစ်သည်။
ကာဆယ်ဒက်စပဲယား၌...
မစ္စတာတပ်ကားဇနီးမောင်နှံ၊ သူတို့၏သားငယ်လေး တော်မီတပ်ကားနှင့် အိမ်ဖော်အမျိုးသမီးကြီးတစ်ယောက် စုစုပေါင်းလေးယောက်သာ ရှိ၏။

ကလေးငယ်တော်မီတပ်ကား ဤအိမ်ကြီးသို့ ရောက်ကာစ တစ်နှစ်သားအရွယ်မျှသာ ဖြစ်၏။
ကာဆယ်ဒက်စပဲယား၏ မီးဖိုချောင်မှာ ကျယ်ဝန်း၏။ တပ်ကားမိသားစုသည် မီးဖိုချောင်ထဲ၌သာ အစားအစာများကို စားကြ၏။
တော်မီတပ်ကားသည် မီးဖိုချောင်ထဲ ရောက်လာလျှင် မျက်နှာညှိုးသွားလေ့ရှိပြီး မီးဖိုချောင်အနီးရှိ စတိုခန်းအနီးသို့ လုံးဝမသွား။ ၄င်းစတိုခန်းတံခါးပွင့်နေလျှင် တော်မီတပ်ကားသည် တံခါးပေါက်ကို ကြည့်ပြီး ငိုလေတော့၏။
ဤသည်ကို တော်မီတပ်ကား၏ အိမ်ဖော်မှတစ်ဆင့် တော်မီတပ်ကား၏မိခင်၊ သူမမှတစ်ဆင့် တော်မီတပ်ကား၏ ဖခင် သိသွား၏။

ကျန်းမာရေးကောင်းသော တော်မီသည် မီးဖိုချောင်မှလွဲလျှင် တစ်အိမ်လုံးသို့ တောက်တောက်ထောက်ထောက်
နှင့် လမ်းလျှောက်သွားနေလေ့ ရှိ၏။ မီးဖိုချောင်နှင့် မီးဖိုချောင်အနီးရှိ စတိုခန်းဝမှလွဲလျှင် တော်မှသည် အိမ်၏ အခြားနေရာများသို့ တစ်ယောက်တည်းသွားလေ့ရှိ၏။

သို့နှင့် တော်မီသည် စကားပြောတတ်သောအရွယ်သို့ ရောက်လာ၏။
တော်မီသည် မီးဖိုခန်းသို့ တစ်ယောက်တည်း မည်သည့်အခါမျှ မသွား။
မိဘများနှင့်အတူ မီးဖိုခန်းထဲ၌ စားစရာများ စားသည့်အခါ တော်မီသည် စတိုခန်းကို ကျောပေး၍ စားလေ့ရှိ
သည်။ ဤသည်ကို သူ၏ မိဘများ သတိပြုမိသည်။

မစ္စတာတပ်ကားသည် သူ၏သား ယခုကဲ့သို့ သူရဲဘောကြောင်သည်ကို လုံးဝမကြိုက်။
သို့နှင့် တော်မီသည် လူကြီးများက တောက်တိုမည်ရ ခိုင်းလျှင် ၀ိုင်းကူလုပ်ပေးနိုင်သော အရွယ်သို့ ရောက်လာ၏။
တော်မီသည် သူ၏မိခင်ကို အလွန်ချစ်၏။ မိခင်ကို ၀ိုင်းကူလေ့ရှိ၏။ သို့သော် မီးဖိုချောင်အနီးရှိ စတိုခန်းထဲသို့ ၀ငိ၍ တစ်ခုခုယူခိုင်းလျှင်မူ လုံးဝမသွား။ စတိုခန်းထဲသို့ ကြည့်ပြီး စူးစူးရှရှ ငိုလေတော့၏။

သူသည် ပွင့်နေသော စတိုခန်းတံခါးဝကို တစ်ချက်ကြည့်ပြီး နောက်ထပ်ပြန်မကြည့်တော့ဘဲ စူးစူးဝါးဝါးနှင့် ထိတ်လန့်တကြားအော်ငိုပြီး ဝေးရာသို့ ထွက်သွားလေ့ရှိ၏။ မိခင်ဖြစ်သူက သားကို ဤသို့ဖြစ်ရမလားဟု ဆူရုံသာဆူပြီး ဖခင်ကမူ သားဖြစ်သူကို စတိုခန်းထဲသို့ တစ်ခါတစ်ရံ ဇွတ်အတင်းဝင်ခိုင်း၏။ တော်မီသည် ထိုအခါဝယ် အသံကုန်ဟစ်၍ ငိုတော့၏။

မိခင်က သားအဖနှစ်ယောက်ကြား ၀င်ပါရလေတော့၏။
တော်မီ ခြောက်နှစ်သားအရွယ်သို့ ရောက်လာသည်။ စာသင်ကျောင်းတွင် စာသင်ရလေတော့၏။ တော်မီသည် ကျောင်းစာကို ကြိုးစားသင်၏။ ဆရာများ လုပ်ခိုင်းသော အိမ်စာကို မပျင်းမရိလုပ်၏။ အိမ်ပြန်ရောက်လျှင် အိမ်စာများကို လုပ်ပြီးမှ အခြားအလုပ်ကိုလုပ်၏။ ဆရာများက တော်မီသည် စာတော်သည်၊ ဥာဏ်ကောင်းသည်ဟု ချီးကြူးကြသည်။

တော်မီစာတော်သည့် သတင်းကြောင့် တော်မီ၏ မိဘများက တော်မီအတွက် ဂုဏ်ယူကြသည်။
သို့သော် တော်မီ၏ ဖခင်သည် သူ၏သား မီးဖိုချောင်နားက စတိုခန်းကို ကြောက်ရွံ့ခြင်းနှင့် ပတ်သက်၍မူ လုံးဝမကျေနပ်။
ထို့ကြောင့် မစ္စတာတပ်ကားသည် ရွာထဲမှ ဆရာဝန်ဟောသွန်းနှင့် တွေ့ဆုံပြီး တော်မီ၏ ကြောက်စိတ်အကြောင်းကို တိုင်ပင်လေတော့၏။

►ကလေးက ငယ်ငယ်တုန်းက အကြီးအကျယ် နာမကျန်း ဖြစ်ဖူးသလား...
ဆရာဝန်က မေးသည်။
►အကြီးအကျယ် နာမကျန်း မဖြစ်ဖူးပါဘူး..  ရိုးရိုးသာမန် ဖျားရိုးဖျားစဉ်လေက်ပဲ ရှိတယ်...
မစ္စတာတပ်ကားက ဖြေသည်။

►ထိတ်လန့်တကြားနဲ့ မျက်လုံးပြူး မျက်စံပြူး အဖြစ်မျိုးရော...
►မီးဖိုချောင်နားက အခန်းထဲကို ကြည့်ပြီး ဖြစ်တာမျိုးကလွဲရင် ဘယ်နေရာမှာမှ မရှိဘူး...
မစ္စတာတပ်ကား၏ အဖြေ။
►ဒီလိုဆိုရင် ကလေးကို ကျုပ်ဆီ ခေါ်ခဲ့ဗျာ..  ကျုပ်ကလေးနဲ့ နှစ်ယောက်ချင်းတွေ့ပြီး စစ်ဆေးမေးမြန်းချင်တယ်....

ဆရာဝန်က ပြော၍ မစ္စတာတပ်ကားသည် သူ၏သားကို ဆရာဝန်ထံ ခေါ်သွား၏။
►တော်မီ စတိုခန်းထဲမှာ မင်း ဘာကိုတွေ့လို့ ထိတ်လန့်တကြား ဖြစ်ရတာလဲ...
ဆရာဝန်သည် တော်မီနှင့် နှစ်ယောက်ချင်းတွေ့ပြီး မေးသည်။
►ကျွန်တော် အဲဒီအခန်းထဲကို ကြည့်ပြီး လန့်တာပဲသိတယ်..  ဒီအခန်းကို ဖြတ်တာနဲ့ ကြောက်စိတ်တွေ ရောက်လာတော့တာပါပဲ...
တော်မီက ဖြေသည်။

►အခန်းထဲမှာ မင်းဘာကို တွေ့ရလို့လဲ...
►မတွေ့ရပါဘူး...
►အခန်းထဲက တစ်ကောင်ကောင်က မင်းကို အလန့်တကြားလုပ်ပြတာ မြင်ရလို့လား...
►ဘာကောင်မှ မမြင်ရပါဘူး..  ကျွန်တော့်စိတ်ထဲက ဒီအခန်းကို မြင်ရတာနဲ့ ကြောက်စိတ်တွေ ပေါ်လာလို့ပါ...
►ဘာမှမမြင်ရရင်လည်း အသံရော ကြားရလို့လား...
►ဘာသံမှ မကြားရပါဘူး...
►အနံတစ်ခုခုရော ရလို့လား...
►မရပါဘူး...
►ဒီလိုဆိုရင် ဒီအခန်းကို မင်း ဘာဖြစ်လို့ ကြောက်ရတာလဲ...
►ကျွန်တော် ဘယ်လိုပြောရမလဲဆိုတာ မသိပါဘူးခင်ဗျာ..  ဒီအခန်းထဲမှာ ကြောက်စရာတစ်ကောင်ကောင် ဒါမှမဟုတ် တစ်ခုခုရှိနေတယ်လို့ ထင်ကိုထင်နေပါတယ်...

ဆရာဝန်သည် တော်မီကို ဆက်မမေးတော့။ သူသည် ခေတ္တမျှ စဉ်းစားလိုက်သည်။ ပြီးတော့မှ တော်မီ၏ မိခင်နှင့်ဖခင်ကို ခေါ်လိုက်သည်။
ဆရာဝန်သည် တော်မတပ်ကားကို အပြင်သို့ ထွက်ခိုင်းလိုက်သည်။

►ခင်ဗျားတို့ရဲ့သားဟာ ကျန်းမာရေးကောင်းပါတယ်..  အဲ..သူ့စိတ်ထဲမှာ ဒီအခန်းထဲမှာ ကြောက်စရာတစ်ခုခုရှိနေတယ်လို့ စွဲလမ်းနေတာပဲရှိတယ်...
►ဒါကို ကျွန်တော် မကြိုက်တာပေါ့..  ကျွန်တော့်သား ဒီလိုသတ္တိကြောင်တာကို အပြောခံရတာ ကျွန်တော်
  ရှက်တယ်...
►ဒီလိုလုပ်ဗျာ...
......................။ ဆရာဝန်ဟောသွန်းက တော်မီ၏ မိဘများကို အကြံပြုသည်။

►ဟာ..ဒါကို ကျွန်မ သဘောမတူဘူး...
►မင်းအသာနေ..ငါလုပ်မယ်..  ဆရာဝန်ပြောတာ ငါသဘောတူတယ်...
တော်မီ၏ မိခင်မှာ မျက်နှာမကောင်းပေ။ ခင်ပွန်းဖြစ်သူမှာ လုပ်မည်ဆိုလျှင် လုပ်သူဖြစ်၍ သူမ၏ ခင်ပွန်းကို
မလွန်ဆန်ရဲသောကြောင့် စိတ်မကောင်းစွာဖြင့် တိတ်ဆိတ်စွာ နေနေလိုက်၏။

နောက်တစ်နေ့ညနေ ညနေစာစားပြီး မှောင်စပျိုးချိန်...။
မစ္စတာတပ်ကားသည် ဆရာဝန်ပြောသည့်အတိုင်း စတိုခန်းတံခါးကို ဖွင့်လိုက်သည်။ စတိုခန်းတစ်နေရာ၌
ဖယောင်းတိုင်တစ်တိုင် ထွန်းထားလိုက်သည်။

ထို့နောက် သူသည် သားဖြစ်သူ တော်မီကို ဇနီးဖြစ်သူ တားဆီးနေသည့်ကြားထဲက ဇွတ်အတင်းဆွဲခေါ်လာပြီး စတိုခန်းထဲရှိ ထိုင်ခုံတစ်လုံးပေါ်၌ ထိုင်ခိုင်းလိုက်သည်။
►မင်း ဒီအထဲမှာ ဖယောင်းတိုင်မီးငြိမ်းတဲ့အထိ နေနေရမယ်..  အထဲမှာ ဘာမှမရှိဘူး မဟုတ်လား.. 
  မင်းရဲ့ကြောက်စိတ်တွေကို မောင်းထုတ်ပြီး သတ္တိရှိကြောင်းပြ..တံခါးကို အပြင်ဘက်က ငါပိတ်ထားမယ်..
  ဖယောင်းတိုင်မီးငြိမ်းတာနဲ့ မင်း တံခါးကို ထုလိုက်.. ငါ တံခါးလာဖွင့်ပေးမယ်...

ထိုသို့ပြောပြီးနောက် မစ္စတာတပ်ကားသည် ထိတ်လန့်တကြားနှင့် ငိုယိုနေသော တော်မီကို စတိုခန်းထဲ၌ ထားခဲ့ပြီး စတိုခန်းတံခါးကို ပိတ်ထားလိုက်လေသည်။


ဒေါက်တာဟောသွန်းသည် မြို့ပေါ်သို့ နေ့ချင်းပြန်သွား၍ ဆေးများသွားဝယ်ရင်း ဆေးကောလိပ်တက်စဉ်က
ကျောင်းနေဖက်သူငယ်ချင်း ဆရာဝန်တစ်ယောက်နှင့် ဆေးဆိုင်တွင် ဆုံသည်။ ၄င်းဆရာဝန်မှာ ကလေးစိတ်ပ  ညာဆိုင်ရာ ဆရာဝန်တစ်ယောက်ဖြစ်သည်။
စကားစပ်မိရင်း ဒေါက်တာဟောသွန်းက တော်မီတပ်ကားအကြောင်းကို ပြောပြသည်။ ကလေး၏ မိဘများကို မည်သို့လုပ်ရန် သူညွှန်ကြားခဲ့ပုံကို ပြောပြ၏။

ကလေးစိတ်ပညာ ဆရာဝန်သည် မျက်လုံးပြူးဖြင့် ဒေါက်တာဟောသွန်းကို ကြည့်ရင်း..
►သူငယ်ချင်း မင်းမှားနေပြီ..  မင်းမှားနေပြီ..ကလေးဘ၀မှာ ကလေးတွေရဲ့ စိတ်ဟာ နုနယ်တယ်..  လူကြီးရဲ့ စိတ်နဲ့ သွားမနှိုင်းနဲ့..  မင်းတို့ငါတို့ ငယ်ငယ်တုန်းကဆိုရင် လူသေကောင်ကို ကြောက်ကြတယ်မဟုတ်လား..
  အဲ..လူကြီးဖြစ်လာတော့ မကြောက်တော့လို့ ဆရာဝန်တွေ ဖြစ်လာပြီပဲ...

►အဲဒီသူငယ်ဟာ အဲဒီအိမ်ကို ရောက်ခါစမှာ အဲဒီ ဆဲလားစတိုခန်းထဲက ကြွက်ဖြစ်ဖြစ်၊ ကြောင်ဖြစ်ဖြစ်၊ လင်းနို့ဖြစ်ဖြစ်၊ တစ်ခုခုပေါ့လေ..လှုပ်ရှားတာကိုသော်လည်းကောင်း ဒါမှမဟုတ်..အဲဒီစတိုခန်းထဲက ပစ္စည်းတစ်ခုခုရဲ့ ပုံသဏ္ဍာန်ကို မြင်ပြီး ထိတ်လန့်သွားပုံရတယ်..  အဲဒီအချိန်ကစပြီး ဒီအခန်းကို ကြောက်သွားတယ်..
ကြောက်စိတ်က သူ့ရင်ထဲ ကိန်းအောင်းနေလေရဲ့..  သူ တဖြည်းဖြည်း အသက်ကြီးလာရင် ဒီကြောက်စိတ်ဟာ ပျောက်သွားမှာပါ..  ခုတော့ ငယ်သေးတယ်..  မင်းရဲ့အကြံပေးချက်ကို သူ့ဖခင်က ဇွတ်အတင်းလုပ်ရင် ဒီကလေး တစ်ခုခုဖြစ်သွားမှာ သေချာတယ်..  အကြောက်လွန်ပြီး တစ်ခုခုဖြစ်မှာ...

►ဆောရီးသူငယ်ချင်း..ငါ အတွေးချော်ပြီး မှားသွားတယ်..  ငါရွာကို အမြန်ပြန်ပြီး ငါ့အကြံကို မလုပ်ဖို့ တားမှဖြစ်မယ်..  အချိန်မှီတားမှ ဖြစ်မယ်..  မိုးမချုပ်မီရောက်မှ ဖြစ်မယ်..  ကဲ..သွားပြီသူငယ်ချင်း...
ဒေါက်တာဟောသွန်းသည် သူငယ်ချင်းဆရာဝန်ကို ကမန်းကတန်း နှုတ်ဆက်ပြီး ရွာသို့ မြင်းလှည်းဖြင့် ပြန်လာ၏။

ညအမှောင်ထု အားကောင်းစ အချိန်တွင်မှ ဒေါက်တာဟောသွန်းသည် မစ္စတာတပ်ကား၏နေအိမ်သို့ ရောက်လာသည်။
မစ္စတာတပ်ကားသည် အိမ်ရှေ့တံခါးဝတွင် သူ့ကို လာကြိုသည်။
►တော်မီကို လာကြည့်တာပါ...
ဆရာဝန်က ပြောသည်။
►ဆရာ့ရဲ့ အကြံပေးချက်အတိုင်း ကလေးကို ဟိုအခန်းထဲ ထည့်ထားလိုက်ပြီ..  မှောင်ကာစ အချိန်မှာ...
မစ္စတာတပ်ကား၏ အဖြေ။
►သားဟာ အဲဒီအခန်းထဲ ရောက်တာနဲ့ စူးစူးဝါးဝါးတစ်ချက်အော်ပြီး ငြိမ်သွားတယ်...
မစ္စတပ်ကားက ၀င်ပြောသည်။ ဆရာဝန်သည် မစ္စတာတပ်ကားဇနီးမောင်နှံနှင့်အတူ တော်မီရှိရာ အခန်းသို့လခဲ့သည်။

►ဟင်..အခန်းထဲမှာ မှောင်လို့ပါလား...
စတိုခန်းတံခါးကို ဖွင့်လိုက်သော မစ္စတာတပ်ကား၏ နှုတ်မှထွက်လာသော အသံ။
►နေဦး..ကျွန်မ ဖယောင်းတိုင်အသစ်တစ်တိုင် ထွန်းလိုက်မယ်...
မစ္စစ်တပ်ကားသည် တုန်တုန်ယင်ယင်ဖြင့် ပြောပြီး ဖယောင်းတိုင်အသစ်တစ်တိုင်ကို အမြန်ထွန်းလိုက်သည်။

ဖယောင်းတိုင်မီးအကူအညီဖြင့် ဆရာဝန်သည် စတိုခန်းတစ်နေရာ၌ လဲကျနေသော တော်မီထံသို့ အမြန်ရောက်သွားသည်။
►တော်မီ..တော်မီ.....
တော်မီ၏ မိခင်က သားဖြစ်သူကို ခေါ်သည်။ ဆရာဝန်ဟောသွန်းသည် တော်မီကို အပြန်ပြန်အလှန်လှန် စမ်းသပ်ပြီးနောက်-
►ကလေး အသက်မရှိတော့ဘူး...
ထိုင်နေရာမှ ထပြီး လေးတွဲ့စွာ ပြောလိုက်၏။

မစ္စစ်တပ်ကားသည် သားဖြစ်သူကို ဖက်၍ သည်းထန်စွာ ငိုကြွေးလေတော့၏။
တော်မီ၏ အလောင်းကို အိမ်ရှေ့ဧည့်ခန်းသို့ သယ်ယူပြီးသောအခါ မစ္စစ်တပ်ကားက
ဆရာဝန်ဟောသွန်းအား-
►သား..ဘာ့ကြောင့် သေသွားရတာလဲ ဒေါက်တာ...
ဟု မေးသည်။

►ဒီဆဲလားအခန်းထဲမှာ ဘာမှမရှိဘူးဆိုတာ ကျုပ်တို့လူကြီးတွေ သိကြတယ်..  ဒါပေမယ့် နုနယ်တဲ့ကလေးက မသိဘူး..  ကြောက်စိတ်က သူ့ကို သတ်လိုက်တာပဲ..  ကြောက်စိတ်ကြောင့် သူ့နှလုံး အခုန်ရပ်သွားတာပါဗျာ..
ကျုပ်စိတ်မကောင်းပါဘူး..  တကယ်ပါဗျာ..  ကျုပ် သိပ်..သိပ်ဝမ်းနည်းပါတယ်...
ဆရာဝန်ဟောသွန်းသည် စိတ်ထိခိုက်စွာဖြင့် ပြောလိုက်လေ၏။

<End>
@yexin189

အချစ်ထားခဲ့လေသောအမွေ


စာရေးဆရာ ►►►မောင်မောင်မြင့်သိန်း
The Jewels of M-Lantin by Guy de Maupassant


အမ်လန်တင်းသည် သူ့အထက်အရာရှိ၏ ဧည့်ခံပွဲတစ်ခုတွင် ဤမိန်းမပျိုလေးကို တွေ့ရှိပြီး တစ်ခါတည်းနှင့်
ဦးစိုက်ခေါင်းထိုး ကြိုက်သွားခဲ့သည်။
သူမသည် လွန်ခဲ့သော နှစ်အနည်းငယ်က ကွယ်လွန်သွားခဲ့သော ပြည်နယ်အခွန်အရာရှိတစ်ဦး၏ သမီးဖြစ်သည်။
သူမမိခင်နှင့် သူမသည် ပါရီမြို့သို့ ပြောင်းရွေ့လာခဲ့ကြသည်။ သူမမိခင်သည် သူမကို သင့်တော်သူနှင့် လက်ထပ်ပေးရန် ရည်သန်၍ ပတ်ဝန်းကျင်ရှိ အလယ်အလတ်တန်းစားအိမ်နီးချင်းများစွာနှင့် အလွှမ်းသင့်အောင်ပေါင်းဖက်၍ ခင်မင်မှုလမ်းကြောင်းများ ဖောက်ခဲ့သည်။ မိခင်ရော သမီးပါ အေးဆေးသည်၊ သိမ်မွေ့သည်၊ သိက္ခာရှိသည်။ ဆင်းရဲချို့တဲ့သည်ကသာ ပြောစရာရှိသည်။

မိန်းမပျိုကား အဘယ်သူကောင်းသားမဆို ဘဝကို ပုံကိုးအပ်နှံ ချစ်ကြိုက်လောက်သော အိပ်မက်မလေးပင်။ သူ၏ ယဉ်ယဉ်အေးအေးအလှက နှလုံးသားတိုင်းကို နွေးထွေးစေသည်။
သူမ နှုတ်ခမ်းပေါ် အချိန်ပြည့် ရေးရေးတင်နေတတ်သော အပြုံးကား သူမ နှလုံးသား၏ ရောင်ပြန်ဟပ်ချက်နှင့် တူလို့နေသည်။ လူတိုင်းက သူမကို ချီးမွမ်းစကားဆိုကြသည်။
►သူ့အချစ်ကို ရတဲ့လူဟာ အင်မတန်ကံကောင်းတဲ့သူ ဖြစ်လိမ့်မယ်.. သူ့ထက်သာတဲ့မယား ရှားလိမ့်မယ်...

ပြည်ထဲရေးဝန်ကြီးဋ္ဌာနတွင် ရုံးအုပ်စာရေးကြီးဖြစ်ပြီး လစာဖရန့်ငွေ (၃၅၀၀) ရရှိခဲ့သော အမ်လန်တင်းက သူမကို ချစ်ခွင့်ပန်ပြီး လက်ထပ်ခွင့်ရခဲ့သည်။ သူ မယုံနိုင်လောက်အောင်ပင် ပျော်ရွှင်ခဲ့သည်။ သူမသည် အိမ်မှုကိစ္စတို့ကို သူမတူအောင် ကျွမ်းကျင်သောကြောင့် သူတို့ဘဝမှာ စည်းစိမ်ပြည့်ဝခဲ့သည်။
သူမ မလိုက်နာ မဖြည့်ဆည်းသည့် လင်သားအလို တစ်ခုမရှိခဲ့ချေ။ သူမ စွမ်းရည်မည်မျှ ပြည့်ဝခဲ့သနည်းဟူမူကား အိမ်ထောင်သက်ခြောက်နှစ်ခန့် အကြာတွင် အမ်လန်တင်းသည် သူမကို ကနဦးချစ်ခဲ့စဉ်ကထက် ပို၍ပင် ချစ်မိခဲ့သည်။

သူသည် သူမ၏ အကြိုက်နှစ်ခုကို သတိပြုမိသည်။ တစ်ခုကား သူမ ပြဇတ်ကြိုက်တတ်မှုနှင့် နောက်တစ်ခုကား လက်ဝတ်ရတနာအတုတို့ကို တမက်တမောကြိုက်နှစ်သက်မှုပင်ဖြစ်သည်။ သူမသည် အရာရှိငယ် တော်တော်များများ၏ ဇနီးမယားများနှင့် မိတ်ဆွေသူငယ်ချင်းပမာ အကျွမ်းတဝင်ရှိခဲ့သည်။
တစ်ခါတစ်ရံတွင် သူတို့က လူကြိုက်များသော ပြဇတ်များကို ပွဲဦးအတွက်ပင် လက်မှတ်များ အမြဲတစေ လက်ဆောင်ပေးလေ့ရှိသည်။ သူမကလည်း တစ်နေကုန် အလုပ်တွင် လက်ပန်းကျလာခဲ့သည့် သူမ လင်ယောက်ျားကို ထိုပြဇတ်များသို့ အလိုတူ မတူ တရွတ်ဆွဲ ခေါ်သွားလေ့ရှိသည်။ သို့ဖြင့် ပြဇတ်ပွဲပြီးလျှင် သူမကို အိမ်အပြန်လိုက်ပို့မည့် အမျိုးသမီးသူငယ်ချင်းတစ်ဦးကိုသာ အဖော်ပြုပြီးသွားရန် အမ်လန်တင်းက တောင်းတောင်းပန်ပန်ဆိုခဲ့ရသည်။

ဤသည်ကို သူမက အင်တင်တင် ဖြစ်ခဲ့ရသည်။ သူပြောသလိုပင် မိန်းမဖော်တစ်ယောက်ရှာသွားရန်ကို အကြာကြီး စဉ်းစားခဲ့သည်။ အတော်အဆင်မပြေမည့်ကိစ္စဟု အမ်လန်တင်းကို ပြောခဲ့သည်။ သို့သော်လည်း နောက်ဆုံးတွင် သူ၏ တိုက်တိုက်တွန်းတွန်းစကားကို သူမ လက်ခံသဘောတူလိုက်ရာ သူကပင်လျှင် သူမကို လေးလေးနက်နက် ကျေးဇူးတင်မိသည်။

သည်ပြဇတ်ကြိုက်သည့် စရိုက်ကပင်လျှင် သူမရင်ထဲ အလှပြင်လိုစိတ် ပေါ်လာစေခဲ့ပြန်သည်။ သူမ အလှပြင်ကိရိယာတို့က ရိုးရိုးစင်းစင်းမျှသာဖြစ်သည်။ ပပလွှားလွှားအသွင် မပေါက်စေသော်လည်း သားနားစေသည်က အမှန်ပင်။
သူမ၏ နူးညံသိမ်မွေ့သောအလှ၊ တစ်ဖက်သား ရတက်ပွားစေတတ်သော မျက်စိသူငယ်နားသူငယ်ဟန်၊ ညင်သာလှသောအပြုံး..ဤသည်ကို ထည်ဝါမှုကင်းလှသည့် ဂါဝန်လေးက ပံ့ပိုးမှုပြုရုံမျှသာဖြစ်သည်။ သူမသည်တကယ့်စိန်ပွင့်များအလားထင်ရသော ဧရာမစိန်တုကြီးနှစ်လုံးဆင်သော နားကွင်းဆွဲခဲ့သည်။
ထို့ပြင် လည်ပင်းတွင် ပုလဲတုပုတီးတစ်လုံး ချိတ်ဆွဲခဲ့သည်။ အလားတူ ကျောက်မျက်ရတနာတို့ဆင်သော လက်ကောက်များ ဝတ်ဆင်ခဲ့သည်။

သည်အတုအပများကို အလေးထားလွန်းသော သပ်ရပ်မှုကို သူမ လင်ယောက်ျားက ဘဝင်မကျခဲ့ချေ။
►အချစ်ရေ..တကယ့်လက်ဝတ်ရတနာတွေဆင်ဖို့ ဓနအင်အားမရှိတဲ့အခါမှာ ကိုယ့်ပင်ကိုအလှလေးတွေကိုပဲ ဝတ်ဆင်ပြီး ဂုဏ်ယူသင့်တယ်.. အဲဒါကမှ ပုလဲအစစ်အမှန်တွေပဲ...
သို့သော် အေးဆေးစွာပြုံးရင်းဖြင့် သူမက တုံ့ပြန်ပြောဆိုလိုက်သည်။
►ဘယ်တတ်နိုင်မလဲရှင်ရယ်.. ကျွန်မက ဒါတွေကို ကြိုက်တာကိုး.. ဒါက ကျွန်မရဲ့ အားနည်းချက်ပဲ..
  ရှင့်စကား အကြွင်းမဲ့မှန်တာကို ကျွန်မသိပါတယ်.. ဒါပေမယ့် ကျွန်မကိုယ်ကျွန်မ ပြုပြင်လို့မှမရတာ..
  ကျွန်မ တကယ့်လက်ဝတ်ရတနာတွေလို့ မှန်းရွယ်ပြီး ကြိုက်လိုက်မယ်....
ထို့နောက် သူမသည် ပုလဲလုံးများကို သူမ၏ လက်ချောင်းများဖြင့် လိမ်လှည့်ပြီး ပြောဆိုလိုက်သည်။
►ကြည့်စမ်းပါဦး.. ဘယ်လောက်ပီပြင်သလဲဆိုတာ.. အစစ်လို့ ကျိန်ပြောလောက်အောင်ပဲ...

တစ်ခါတစ်ရံတွင် ညဦးပိုင်းကာလ မီးလင်းဖိုရှေ့တွင် သူတို့ထိုင်နေစဉ် သူမသည် သူမ၏ လက်ဝတ်ရတနာဘူးကို ထုတ်ယူလာပြီး ဘေးစားပွဲငယ်တွင်တင်သည်။ သည့်နောက် ဘူးထဲရှိ လက်ဝတ်ရတနာများ၏ နောက်ကွယ်တွင် လျှို့ဝှက်နက်နဲသော ဇတ်လမ်းတစ်ပုဒ်ရှိသည့် သဏ္ဌန်
ဖြင့်ယင်းတို့ကို အလေးအနက် စစ်ဆေးကြည့်ရှုသည်။

သူမသည် သူမလင်ယောက်ျား၏ လည်ပင်းတွင် ပုလဲပုတီးများ အထပ်ထပ်ဆွဲပေးတတ်သည်။ ထို့နောက် လက်ခုပ်တီးကာ ပျော်ရွှင်စွာ အော်ဟစ်လေ့ရှိသည်။
►ကြည့်စမ်းပါဦး.. ရှင်အဲဒါကို ဝတ်လိုက်တော့ ဘယ်လောက်အရူးအပေါပုံ ပေါက်သွားလဲလို့...
 သည့်နောက်တော့ သူမ၏ ရင်ခွင်ထဲ ပြေးဝင်ပြီး သူ့ကို အငမ်းမရ ပွေ့ဖက်နမ်းရှုပ်လိုက်သည်။

ဆောင်းကာလတစ်ညနေတွင် သူမသည် အော်ပရာပြဇတ် သွားကြည့်ခဲ့သည်။ အိမ်ပြန်ရောက်သောအခါတွင်
သူမ ခိုက်ခိုက်တုန်အောင်ချမ်းနေသည်။ နောက်တစ်နေ့တွင် သူမ အပြင်းအထန်ချောင်းဆိုးနေသည်။
သီတင်းပတ်တစ်ပတ်အကြာတွင် သူမ ကွယ်လွန်သွားသည်။
အမ်လန်တင်းသည် သူမအုတ်ဂူထဲ ထက်ကြပ်နီးပါးလိုက်လု ဖြစ်သွားခဲ့သည်။ သူ၏ ပူဆွေးဗျာပါဒကြီးမားသော
တစ်လတာကာလအတွင်းမှာပင် သူ့ဆံပင်တို့ လုံးဝဥဿုံဖွေးသွားသည်။ သူ အဆက်မပြတ် ငိုကြွေးခဲ့သည်။
သူ့စိတ်ဝိညာဉ်ပင်လျှင် ဝေဒနာကိုခံစားရင်း မရှူနိုင် မရှိုက်နိုင်ဖြစ်နေဟန် ပေါ်ပေါက်ခဲ့သည်။ကွယ်လွန်ခဲ့ရှာသော သူ့ဇနီး၏ အပြုံးအရွှင်၊ အသံ၊ အလှတို့ကသာလျှင် သူ့စိတ်မှတ်ဥာဏ်ကို ထာဝရစိုးမိုးနေသည်။

သူ့ရင်ထဲကသောကကို အချိန်ပင်လျှင် မကုစားနိုင်ခဲ့ချေ။ သူ့ရုံးတွင် သူ့လုပ်ဖော်ကိုင်ဖက်များက တောင်တောင်မြောက်မြောက် လေသင့်ရာလျှောက်ပြောနေစဉ် သူ့ပါးများတုန်ယင်လာသည်။ သူ့မျက်လုံးများတွင် မျက်ရည်တို့ လျှံတက်လာသည်။ ပြီးတော့ အတင်းဖျစ်ညှစ်၍ ငိုရှိုက်မိသည်။
သူသည် သူ့ဇနီးသည်အခန်းကို ခြေရာလက်ရာမပျက် သူမ ရှိစဉ်ကအတိုင်းထားပြီး နေ့စဉ်ပင်လျှင် အခန်းထဲဝင်၍ ကမ္မဋ္ဌာန်းရှုသကဲ့သို့ ပြုလုပ်သည်။ သူမ၏ ပရိဘောဂအားလုံး၊ အဝတ်အစားအားလုံးကိုပင်လျှင် ထကြမ္မာဆိုးသင့်သည့်နေ့ကအတိုင်း လက်ရာမပျက်ထားသည်။

သူ့အဖို့ နေရေးထိုင်ရေးတို့ ခက်ခဲကျပ်တည်းလာသည်။ သူ့ဇနီးသည်၏ စီမံခန့်ခွဲမှုအောက်တွင် သူတို့နှစ်ဦးစလုံး၏ စားဝတ်နေရေးကို အလျှံအပယ်ဖြည့်ဆည်းပေးနိုင်ခဲ့သော သူ၏ဝင်ငွေသည် ယခုအခါတွင် သူ့တစ်ယောက်တည်းအတွက်ပင် မလောက်မငဖြစ်နေသည်။
သူ ဝယ်ယူရန် မတတ်နိုင်တော့သော အကောင်းဆုံးဝိုင်အရက်များကို သူမ မည်သို့မည်ပုံ ဝယ်ယူနိုင်ခဲ့သည်ကို သူ အတော်စဉ်းစားရကျပ်ခဲ့သည်။

သူ အကြွေးတင်လာပြီး ရုတ်တရက် ဆင်းရဲချို့တဲ့လာသော လူတို့ကဲ့သို့ပင် သူသည် အရူးအမှုး ငွေရှာဖွေလာသည်။ လစာထုတ်ရန် တစ်ပတ်တိတိအလို တစ်မနက်တွင် တစ်ပြားမှမရှိသည့် အခြေအနေကို ကြုံသောအခါတွင်
တစ်စုံတစ်ရာကို ရောင်းချရန် စဉ်းစားလိုက်သည်။ သူ့မိန်းမ၏ ရတနာသိုက်လေးကို တစ်ချက်ကြည့်ရန် သူ ရုတ်တရက် အတွေးဝင်လာသည်။
တကယ်တမ်းပြောရလျှင် ထိုလက်ဝတ်ရတနာတို့ကို မလိုလား။ ရင်ထဲ နဂိုကတည်းကရှိနေသောကြောင့် ထိုပစ္စည်းတို့ကို အရင်ဆုံး စိတ်မျက်စိကျသွားခြင်းဖြစ်သည်။ ထိုပစ္စည်းလေးကို မြင်ရသည်ကပင် သူ့အချစ်၏ ပကတိအလှကို စွန်းထင်းစေသည်ဟု သူထင်မိခဲ့သည်။

လက်ဝတ်ရတနာဘူးများကို မွှေနှောက်ရှာဖွေရသည့်အလုပ်က အတော်ပင်ခက်ခဲခဲ့သည်။ အဘယ့်ကြောင့်ဆို
သော် သူ့ဇနီးသည်သည် သူမဘဝ၏ နောက်ဆုံးနေ့အထိပင်လျှင် ခေါင်းမာစွာ ဈေးဝယ်ထွက်ခဲ့သည်။
ပြဇတ်ကြည့်ပြီး အိမ်အပြန်တွင် လက်ဝတ်ရတနာအသစ်တစ်ခုခု ပါမလာသည့်ရက် မရှိသလောက်ပင်ဖြစ်ခဲ့သည်။
နောက်ဆုံးတွင် သူသည် လှပသောလည်ဆွဲတစ်ခုကို ရွေးလိုက်သည်။
ကျေက်မျက်အတုများ ဆင်ထားပါသော်လည်း လက်ရာမြောက်လှပါသောကြောင့် အနည်းဆုံး ဖရန့်ငွေ ခြောက် (သို့မဟုတ်) ခုနှစ်ခန့် ထိုက်တန်သည်ဟု သူယူဆလိုက်သည်။

ထိုလက်ဝတ်ရတနာကို အိတ်ကပ်ထဲထည့်ပြီး ဝန်ကြီးရုံးဘက်သို့ သူ လမ်းလျှောက်ထွက်လာခဲ့သည်။ စိတ်ချယုံကြည်လောက်သော ရတနာသည်ကို ရှာဖွေခြင်းပင်။ စတိုးဆိုင်တစ်ဆိုင်ကို တွေ့သောအခါ သူ ဝင်ရောက်သွားသည်။ သူ ဆင်းရဲချို့တဲ့နေကြောင်း လူသိရှင်ကြား ဖော်ကျူးပြသနေရကိန်း ဆိုက်နေ၍ ဒေါသကျိတ်ဖြစ်နေသည်ကတစ်မျိုး၊ အဖိုးမတန်လှသော ဤပစ္စည်းလေးကို ရောင်းချရန် ကြိုးစားနေရသည်ကို ရှက်ရွံ့မိသည်ကတစ်မျိုးဖြစ်နေသည်။

သူသည် ကုန်သည်ထံ ချဉ်းကပ်သွားပြီး ပြောလိုက်သည်။
►တဆိတ်ဗျာ..ဒါလေးကို ခင်ဗျား ဘယ်လောက်ဈေးဖြတ်မလဲ...
ထိုသူက လည်ဆွဲကို ယူလိုက်သည်။ နောက်ကို လှည့်ကြည့်လိုက်သည်။ အလေးချိန်ကို ချိန်ဆလိုက်သည်။
သူ့အဒေါ်ကို လှမ်းခေါ်လိုက်ပြီး အသံတိုးတိုးဖြင့် ပြောဆိုသည်။ ထို့နောက် လည်ဆွဲကို ကောင်တာပေါ်တင်လိုက်
ပြီး လည်ဆွဲ၏ အရှိန်အဝါကို လေ့လာအကဲဖြတ်သကဲ့သို့ ခပ်လှမ်းလှမ်းမှ သေချာလှမ်းကြည့်လိုက်သည်။
ဤထွေလီလှသော လုပ်ငန်းစဉ်တို့ကြောင့် တအံ့တသြဖြစ်နေသော အမ်လန်တင်းသည်-
►သြော်..ဒါ တစ်ပြားမှ မတန်တာကို ကျွန်တော်သိပါတယ်...ဟု ပြောလုပြောခင်မှာပင် ဆိုင်ရှင်က ဆိုလိုက်သည်။
►နောင်ကြီး..ဒီပစ္စည်းက ဖရန့်ငွေ တစ်သောင်း..နှစ်သောင်းကနေ တစ်သောင်းခွဲလောက် တန်ကြေးရှိတယ်..
 ဒါပေမယ့် ခင်ဗျား ဒါကို ဘယ်လိုပိုင်ဆိုင်ရထားတယ်ဆိုတာ အတိအကျမသိဘဲနဲ့ ခင်ဗျားဆီက မဝယ်နိုင်ဘူး...

အမ်လန်တင်းက မျက်လုံးပြူးပြူးနှင့် နှုတ်ဆိတ်ပြီး နားမလည်စွာ ကြောင်ကြည့်နေသည်။ နောက်ဆုံး အထစ်ထစ်အငေါ့ငေါ့ ဆိုလိုက်မိသည်။
►ခင်ဗျား..သေ..သေချာရဲ့လား...
ဆိုင်ရှင်သည် အမ်လန်တင်း၏ သဘောထားကို ဘဝင်မကျဟန် ရှိခဲ့သည်။ ထိန်းထိန်းသိမ်းသိမ်း ပြန်ပြောခဲ့သည်။
►ခင်ဗျား..ဒါ့ထက် ဈေးရမယ်လို့ ထင်ရင်ယူသွားပါ.. ကျွန်တော်ကတော့ ဒါကို တစ်သောင်းခွဲတန်တယ်လို့ပဲ
  သတ်မှတ်တယ်.. ဒီဈေးထက် ပိုပေးတဲ့သူ မရှိရင်တော့ ခင်ဗျား ဒီကို ပြန်လာလို့ရပါတယ်...

ခပ်ကြောင်ကြောင်ဖြစ်နေသော အမ်လန်တင်းသည် လည်ဆွဲကို ကောက်ယူပြီး ဆိုင်ထဲမှထွက်ခဲ့သည်။
တစ်ယောက်ထီးတည်း အနှောင့်အယှက်ကင်းကင်းနေလိုစိတ် ရုတ်တရက်ပေါ်လာမိသည်။ သို့သော်လည်း သူသည် ခပ်လှမ်းလှမ်းသို့မရောက်ခင်မှာပင် ရယ်ချင်စိတ် ရုတ်တရက်ပေါ်လာပြီး တွေးလိုက်သည်။
►တုံးလိုက်တဲ့ကောင်..တကယ့်အရူးပဲ.. ငါ သူ့စကားကို ချက်ချင်းလက်ခံပြီး သူပေးတဲ့ငွေ ယူလာခဲ့ရင်..ဟာ..လွဲရော..ရတနာကုန်သည်လုပ်နေပြီး ကျောက်မျက်အတုနဲ့အစစ်တောင် ခွဲခြားမသိဘူးရယ်လို့...

သည့်နောက် သူသည် ဒီလာပိစ်လမ်းမရှိ အခြားရတနာဆိုင်တစ်ဆိုင်သို့ ဝင်ရောက်သွားပြန်သည်။ ရတနာကုန်သည်သည် လည်ဆွဲကိုတွေ့လိုက်သည်နှင့် အော်လိုက်သည်။
►ဟာ..ဒီလည်ဆွဲကို ကျွန်တော် ကောင်းကောင်းသိတာပေါ့.. ကျွန်တော်ကိုယ်တိုင်ရောင်းခဲ့တဲ့ လည်ဆွဲပဲ...

အတော်စိတ်အနှောင့်အယှက်ဖြစ်သွားကာ အမ်လန်တင်းက မေးလိုက်သည်။
►ဒါ ဘယ်လောက်တန်လဲ...
►ဆရာ..ကျွန်တော် ဒီလည်ဆွဲကို ဖရန့်ငွေနှစ်သောင်းခွဲနဲ့ ရောင်းခဲ့ပါတယ်.. ဒီလည်ဆွဲကို ဆရာ ဘယ်လိုများရရှိခဲ့သလဲဆိုတာ ပြောပြနိုင်ရင်တော့ ကျွန်တော် ငွေတစ်သောင်းရှစ်ထောင်နဲ့ ပြန်ဝယ်ဖို့အသင့်ပါပဲ...

သည်တစ်ကြိမ်တွင် အမ်လန်တင်းသည် တအံ့တသြ ကြက်သေသေစွာ ထိုင်နေမိသည်။ အတော်ကြာမှ အထစ်ထစ်အငေါ့ငေါ့ ဆိုလိုက်မိသည်။
►သေ..သေချာ စစ်ဆေးကြည့်ပါဦးဗျာ.. ကျွန်တော်က ဒါကို အတုလို့ မှတ်နေခဲ့တာ...
ရတနာကုန်သည်က မေးလိုက်သည်။
►လူကြီးမင်းရဲ့ နာမည်ကို သိပါရစေခင်ဗျာ...
►ဟုတ်ကဲ့..ကျွန်တော့် နာမည် အမ်လန်တင်းပါ.. ကျွန်တော် ပြည်ထဲရေးဋ္ဌာနမှာ လုပ်ပါတယ်.. ဒက်စ်မာတြစ်လမ်း အိမ်နံပါတ် (၁၆)မှာ နေပါတယ်...
ရတနာကုန်သည်က သူ့လယ်ဂျာစာအုပ်ကိုဖွင့်ကာ ကြည့်ပြီးနောက် ပြောလိုက်သည်။
►ဒီလည်ဆွဲကို (၁၈၇၆)ခုနှစ်၊ ဇူလိုင်လ (၂၀)ရက်နေ့က ဒက်စ်မာတြစ်လမ်း အိမ်နံပါတ် (၁၆)မှာ နေထိုင်တဲ့
  မဒမ်လန်တင်းထံသို့ ပေးပို့ခဲ့ပါတယ်...

သူတို့ တစ်ယောက်ကိုတစ်ယောက် ပြူးကြည့်မိလိုက်သည်။ ရုံးအုပ်စာရေးကြီးက မှင်တတ်မိလျက်။
ရတနာကုန်သည်က သူခိုးတစ်ယောက်မိနေပြီလားဟုသော သံသယဖြင့်။
ရတနာကုန်သည်က ပြောလိုက်သည်-
►ခင်ဗျား..ဒါလေးကို တစ်ရက်လောက်ထားခဲ့နိုင်မလား.. ကျွန်တော် ပစ္စည်းလက်ခံရရှိထားကြောင်း ဖြတ်ပိုင်းတစ်ခု ရေးပေးပါ့မယ်...
►ရပါတယ်...
အမ်လန်တင်းသည် ဒရောသောပါး ပြောလိုက်မိသည်။ သူသည် ဖြတ်ပိုင်းလေးကို အိတ်ထဲခေါက်ထည့်ရင်း ဆိုင်ထဲမှ ထွက်လာခဲ့သည်။

ထို့နောက် သူ လမ်းကိုဖြတ်ကူးလိုက်သည်။ တစ်ကျော့ပြန်လှည့်သွားခဲ့သည်။ သူသွားရမည့်လမ်းနှင့် လှမ်းသွားသည်ကို သတိပြုမိ၍ တူးလ်လီရီးစ်အဆောက်အအုံရှေ့ ပြန်လျှောက်ခဲ့သည်။ သူမှားသွားပြန်ကြောင်း သတိပြုလိုက်မိသည်။ ထို့ကြောင့် စိန့်မြစ်ကူးတံတားကို ဖြတ်လိုက်ပြန်သည်။ ချန်ဖ်အီလိုင်ဇီးလမ်းမဘက်သို့ ပြန်လျှောက်လာခဲ့သည်။ ခေါင်းထဲတွင် ပီပီသသအချက်တစ်ခုမှ ရှိမနေခဲ့ချေ။
သူ ဖျစ်ညှစ်ပြီး စဉ်းစားလိုက်သည်။ သူ့ဇနီးသည်က သည်မျှဈေးကြီးသော လက်ဝတ်တန်ဆာတို့ကို ဝယ်နိုင်ခဲ့မည်မဟုတ်ချေ။ မဝယ်နိုင်ခဲ့မည်မှာ ဧကန်မုချပင်။ သို့ဖြင့် ကောင်းပြီ..လက်ဆောင်ပစ္စည်းတစ်ခုပေါ့။
ဘယ်သူ့ဆီက လက်ဆောင်ပစ္စည်းလဲ..ဘာအတွက်လဲ...။

သူ တုန့်ခနဲဖြစ်သွားသည်။ လမ်းမပေါ်တွင် တောင့်တောင့်ကြီးရပ်နေမိသည်။ လမ်းလယ်ခေါင်တွင် ကြက်သေသေလျက် ဆိုးဝါးလှသော အတွေးသည် သူ့ခေါင်းထဲ ဖျတ်ခနဲပြေးသွားသည်။
သူမ..သူမ ဖြစ်နိုင်ပါ့မလား။ အခြားလက်ဝတ်ရတနာများကရော လက်ဆောင်များပင်လော။ သူသည် ကမ္ဘာကြီးတစ်ခုလုံး တုန်ခါသွားသည်ကို ခံစားလိုက်မိသည်။ သူ့ရှေ့မှ သစ်ပင်က သူ့အပေါ်ကျလာသည့်အသွင် ပေါက်ခဲ့သည်။ သူသည် ကျလာသည့်သစ်ပင်ကို ဟန့်တားသည့်ပုံစံ လက်ကားယား၊ ခြေကားယားဖြင့် မြေကြီးပေါ် ပစ်လဲကျသွားသည်၊ သတိလစ်လျက်။

သူသည် လမ်းသွားလမ်းလာတချို့အကူအညီဖြင့် သူရောက်ရှိသွားခဲ့ရာ လမ်းဘေးဆေးခန်းတစ်ခုတွင် သတိပြန်လည်လာသည်။ သူသည် သူ့ကို အိမ်လိုက်ပို့ပေးပါရန် အကူအညီတောင်းလိုက်သည်။ အိမ်ရောက်သောအခါ အခန်းတံခါးကို အတွင်းမှ သော့ခတ်လိုက်သည်။
သူသည် မိုးချုပ်လာသည့်အချိန်အထိ ခါးခါးသီးသီး ငိုကြွေးမိသည်။ ငိုရှိုက်သံများ အပြင်သို့ လျှံထွက်မသွားစေရန် ပါးစပ်ထဲတွင် လက်ကိုင်ပဝါတစ်ထည် စို့ထားခဲ့သည်။ ထို့နောက် သူသည် သူ့ခုတင်သို့ ဒယီးဒယိုင်ဖြင့် လျှောက်သွားသည်။ စိတ်ပန်းလူပန်းဖြစ်ပြီး ရင်ထဲတွင် လောင်မီးကျနေသည့် အနေအထားဖြင့် သူသည် လေးလေးပင်ပင် အိပ်မောကျသွားခဲ့သည်။

နေခြည်တစ်တန်းက သူ့ကိုလှုပ်နှိုးလိုက်သည်။ သူသည် ရုံးသွားရန် ဖြည်းညင်းစွာထလိုက်သည်။ ထိုသို့သော ရိုက်ချက်မျိုးခံရပြီးနောက် သူ အလုပ်ကို ပုံမှန်ဆက်လက်လုပ်ကိုင်ရန် အတော်ခက်ခဲပေမည်။ သူသည် ခွင့်ယူသင့်ကြောင်း ဆင်ခြင်မိပြီး သူ့အထက်အရာရှိထံ ခွင့်စာတစ်စောင် ရေးလိုက်သည်။ သည့်နောက် ရတနာကုန်သည်ထံသို့ သူ ပြန်သွားသင့်ကြောင်း တွေးမိပြီး ရှက်လွန်း၍ မျက်နှာရဲတက်သွားသည်။
သူသည် ကသုတ်ကရက် အဝတ်အစားဝတ်ပြီး အပြင်ထွက်လာခဲ့သည်။

အမ်လန်တင်းသည် လမ်းအတိုင်းလျှောက်ရင်း သူ့ကိုယ်သူ ပြောလိုက်သည်။
►ပိုက်ဆံချမ်းသာတဲ့အခါ စိတ်ချမ်းသာဖို့လွယ်လိုက်တာ.. ပိုက်ဆံရှိလို့ကတော့ သောကမှန်သမျှပါ ခဝါချလို့ရတယ်.. ကြိုက်သလိုဆက်နေသွားလို့ရတယ်.. ခရီးသွားလို့ရတယ်.. ပျော်ပါးလို့ရတယ်.. ငါသာ တကယ်ချမ်းသာလို့ကတော့ကွာ...

ထို့နောက် သူ ဗိုက်ဆာနေမှန်း သတိပြုမိသည်။ လွန်ခဲ့သောညနေကတည်းက ဘာမှမစားဖြစ်ခဲ့။ သို့သော် သူ့အိတ်ကပ်ထဲ ပိုက်ဆံတစ်ပြားတစ်ချပ်မှ မရှိခဲ့ချေ။ သူသည် လည်ဆွဲအကြောင်း သူ့ကိုယ်သူ သတိပေးလိုက်မိသည်။ ဖရန့်ငွေ တစ်သောင်းရှစ်ထောင်..နည်းနည်းနောနောငွေ မဟုတ်ချေ။
သူသည် ဒီလာပီစ်လမ်းသို့ရောက်လာသည်။ ဆိုင်းဘုတ်မျက်နှာချင်းဆိုင်လမ်းဘက်တွင် ခေါက်တုံ့ခေါက်ပြန် လျှောက်မိသည်။ ဖရန့်ငွေ တစ်သောင်းရှစ်ထောင်။ သူသည် ဆိုင်ထဲသို့ဝင်ရောက်ရန် အကြိမ်ပေါင်းနှစ်ဆယ်မက ခြေလှမ်းစမိသည်။ ရှက်ရွံ့မှုက သူ့ခြေလှမ်းတို့ကို ပြန်လည်ဟန့်တားခဲ့သည်။
သူ ဆာလောင်နေသည်။ ငတ်မွတ်နေသည်ဟုပင် ဆိုလောက်သည်။ ခက်သည်က သူ့လက်ထဲတွင် တစ်ပြားမှပင် မရှိ။ နောက်ဆုံးတွင် သူ့စိတ်ကို ဒုန်းဒုန်းချလိုက်သည်။ သူ့လုပ်ရပ်ကို သူတွေးချိန်မရစေအောင်ပင် လမ်းတစ်ဖက်မှနေ၍ ဆိုင်ထဲအရောက် ဒုန်းစိုင်းပြေးဝင်လာခဲ့သည်။

သူ့ကိုတွေ့သည်နှင့် ဆိုင်ရှင်က တခမ်းတနားကြိုဆိုလိုက်သည်။ ဖော်ရွေလှိုက်လှဲစွာပြုံး၍ ကုလားထိုင်တစ်လုံး
ထိုးပေးသည်။ ဆိုင်ရှင်၏လုပ်ငန်းဖက်များကလည်း အခန်းထဲဝင်လာကြသည်။ အမ်လန်တင်း၏ အနားတွင်
ထိုင်လိုက်ကြသည်။ သူတို့ မျက်လုံးများက ပြုံးလို့။ သူတို့နှုတ်ခမ်းများက ပြုံးလို့။
ဆိုင်ရှင်က ဆိုညွှန်းလိုက်သည်။
►ကျွန်တော် ကျေနပ်သွားပါပြီ လူကြီးမင်း.. လူကြီးမင်း မနေ့ကအတိုင်း သဘောထားမပြောင်းသေးဘူးဆိုရင် ကျွန်တော်တို့ သဘောတူခဲ့တဲ့ကြေးပေးဖို့ အသင့်ပါဘဲ...
►ဟုတ်ကဲ့..မပြောင်းပါဘူး...

အမ်လန်တင်းက အထစ်ထစ်အငေါ့ငေါ့ဖြင့် ဆိုလိုက်သည်။ ဆိုင်ရှင်သည် အံဆွဲထဲမှ ငွေစက္ကူအရွက်ကြီး ၁၈ရွက်ကို ထုတ်ယူလိုက်သည်။ ရေတွက်လိုက်ပြီး အမ်လန်တင်းကို ကမ်းပေးလိုက်သည်။ အမ်လန်တင်းက ငွေရရှိ
ကြောင်း လက်ခံဖြတ်ပိုင်းတစ်ခုကို လက်မှတ်ရေးထိုးလိုက်ပြီး တုန်ယင်နေသော လက်များဖြင့် ငွေစက္ကူတွေကို အကျီအိတ်ကပ်ထဲ ထိုးထည့်လိုက်သည်။
ထို့နောက် ဆိုင်ထဲမှ ထွက်လုထွက်ခင်မှာပင် သူသည် မြိန့်မြိန့်ကြီးပြုံးနေသော ဆိုင်ရှင်ဘက်သို့လှည့်၍ မျက်လွာချရင်း ပြောလိုက်သည်။
►ကျွန်တော့်မှာ နောက်ထပ်ကျောက်မျက်ရတနာတွေ ရှိသေးတယ်.. ဒီပုံစံနဲ့ပဲ ကျွန်တော် ရခဲ့တဲ့ဟာတွေပေါ့..
ခင်ဗျားတို့ အဲဒါတွေဝယ်ဖို့ ဆန္ဒများရှိမလား...

ရတနာသည်က ခေါင်းညိတ်လိုက်သည်။
►ဝယ်တာပေါ့ လူကြီးမင်း...
ရတနာဆိုင်ရှင်၏ စီးဖွားဖက်တစ်ယောက်က မရယ်မိအောင် အတင်းဖျစ်ညှစ်ကြိုးစားခဲ့ရသည်။ အခြားတစ်ဦးကမူ ဟန်မလုပ်နိုင်ခဲ့၍ အခန်းထဲမှ ကသုတ်ကရက် ထွက်သွားခဲ့ရသည်။
မျက်နှာထားတည်တည် မှုန်ကုပ်ကုပ်ဟန်ဖြင့် အမ်လန်တင်းက ပြောလိုက်သည်။
►ဟုတ်ကဲ့..ယူလာခဲ့ပါ့မယ်...

နောက်တစ်နာရီအကြာတွင် ဆိုင်သို့ သူပြန်ရောက်လာသောအခါ သူ မစားမသောက်ရသေးချေ။ သူတို့သည်
လက်ဝတ်ရတနာတစ်ခုချင်းကို စစ်ဆေးကြည့်ရှု၍ ဈေးဖြတ်ခဲ့သည်။ ထို့နောက် သူတို့အားလုံး အမ်လန်တင်း၏ အိမ်သို့ လိုက်ပါလာခဲ့ကြသည်။
ယခုတော့ အမ်လန်တင်းသည် ရောင်းရေးဝယ်တာ စီးပွားရေးဈာန်ဝင်လာသည်။ အငြင်းအခုံပြု၊ ဈေးဆစ်လာသည်။ သူတို့ အရောင်းအဝယ်ဖြတ်ပိုင်းများကြည့်လိုကြောင်း တောင်းဆိုခဲ့သည်။ တန်ဖိုးတို့ တရိပ်ရိပ်တဖြည်းဖြည်း တိုးတက်များပြားလာသည်နှင့် သူလည်း ပို၍ပို၍ စိတ်လှုပ်ရှားတက်ကြွလာသည်။

ထည်ဝါခန့်ညားလှပသော နားဆွဲများက ဖရန့်ငွေ ၂၀၀၀၀ တည့်ခဲ့သည်။ လက်ကောက်များက ဖရန့်ငွေ ၃၅၀၀၀။
ရင်ထိုး၊ ဘယက်တို့က ဖရန့်ငွေ ၁၆၀၀၀။ စုစုပေါင်း ပစ္စည်းအားလုံးကို ဖရန့်ငွေ ၁၉၆၀၀၀ နှင့် ဈေးဖြတ်လိုက်ကြသည်။
ရတနာပိုင်ရှင်က အားရပါးရ လေသံကြီးဖြင့် ချီးကျူးလိုက်သည်။

►လက်ဝတ်ရတနာတွေထဲ ငွေရင်းနှီးမြှပ်နှံလိုက်ရင် ဒီလိုအကျိုးရှိသဗျ...
အမ်လန်တင်းကလည်း အလေးအနက် ပြောလိုက်သည်။
►အဲဒါတွေက ရင်းနှီးမြှပ်နှံစရာ နည်းလမ်းတစ်ရပ်ပေါ့လေ...

နောက်တစ်နေ့တွင် အခြားကျွမ်းကျင်ရာဖြတ်တစ်ဦး ကြည့်ရှုဈေးသတ်မှတ်ပေးရန် သဘောတူပြီးနောက်တွင် ရတနာကုန်သည်နှင့် သူ့လူများ ပြန်သွားကြသည်။
သူတို့ ပြန်သွားပြီးနောက် အတန်ကြာတွင် အမ်လန်တင်းသည် အိမ်မှ ထွက်လာခဲ့သည်။ လမ်းပေါ်သို့ရောက်သည်နှင့် သူသည် ဗန်ဒွန်ကျောက်တိုင်ကြီးကို မော့ကြည့်မိလိုက်သည်။ ထိုကျောက်တိုင်ကြီး၏ထိပ်သို့ ခုန်ပေါက်
တက်ချင်စိတ် ပေါက်လာခဲ့သည်။ ကျောက်တိုင်ကြီးထိပ် တိမ်တိုက်များကြားတွင် မားမားကြီးရပ်နေသော
ဧကရာဇ်ဗန်ဒွန်နှင့် ဖားခုန်ခုန်တမ်း ကစားနိုင်လောက်အောင် သူ့ကိုယ်သူ ပေါ့ပါးသလို ခံစားမိခဲ့သည်။

သူသည် အစားအသောက်စားသုံးရန် ထည်ဝါလှသော စားတော်ဆက်တစ်ခုထဲသို့ ဝင်ရောက်သွားခဲ့ပြီး တစ်ပုလင်းလျှင် ဖရန့်ငွေ ၂၀ပေးရသော ဝိုင်အရက်ကို သောက်ခဲ့သည်။
ထို့နောက် သူသည် ရထားလုံးတစ်စီးဌား၍ ဘွိုဂိစ်ဒီဘိုလော့ခ်ရင်ပြင်တစ်လျှောက် ပတ်မောင်းစေခဲ့သည်။
သူသည် တောက်ပနေသော အခြားရထားလုံးများကို ကြည့်၍ အားရပါးရ အော်ဟစ်ကြေငြာလိုစိတ်ကို ထိန်းချုပ်ထားခဲ့ရသည်။ သူ အော်ချင်သော စကားကတော့-
►ငါလည်း ချမ်းသာသကွ.. ငါ့မှာ ဖရန့်ငွေ ၂၀၀၀၀၀ ရှိသကွ...

သူသည် သူ့ရုံးအကြောင်း တွေးလိုက်မိသည်။ သူ့ရထားလုံးကို သူ့ရုံးသို့ မောင်းစေခဲ့သည်။ သူ့ဆရာ၏ ရုံးခန်းထဲသို့ ဝင်ရောက်ပြီး လေးလေးနက်နက် ကြေညာလိုက်သည်။
►ဆရာ..ကျွန်တော် အလုပ်က နုတ်ထွက်တော့မယ်.. ခုပဲ ကျွန်တော် ဖရန့်ငွေ ၂၀၀၀၀၀ ရရှိတယ်...
သူသည် လုပ်ဖော်ကိုင်ဖက်များကို လျှောက်ပြီး နှုတ်ဆက်သည်။ သူ၏ အနာဂတ်အစီအစဉ်များအကြောင်း ပြောကြားခဲ့သည်။ သည့်နောက် သူသည် ကာဖေးအိန်ဂျလိ(စ်)တွင် ညစာ သွားရောက်စားသောက်ခဲ့သည်။

ဥပဓိရုပ်ခန့်ညားသော လူကြီးလူကောင်းတစ်ယောက်ဘေးတွင် ထိုင်မိသည့်အဖြစ်ကြုံသောအခါတွင် သူသည် သူ့ဘက်ကို ခပ်ကြွားကြွားလေးကိုင်း၍ သူ ဖရန့်ငွေ ၂၀၀၀၀၀ အခုတင် အမွေခံ ရရှိကြောင်း မအောင့်အည်းနိုင်ဘဲ ပြောလိုက်မိသည်။
သူ့ဘဝတွင် ပထမဦးဆုံးအကြိမ် သူသည် ပြဇတ်ကို နှစ်နှစ်ခြိုက်ခြိုက် ကြည့်ဖြစ်ခဲ့ပြီး တစ်ညတာလုံး လျှောက်ပျော်ပါးခဲ့သည်။ ခြောက်လအကြာတွင် သူ အိမ်ထောင်ထပ်ပြုခဲ့သည်။ သူ့ ဒုတိယဇနီးသည် တကယ့်မိန်းမကောင်းမိန်းမမြတ်ဖြစ်သော်လည်း အနည်းငယ် ဆက်ဆံရခက်သူ ဖြစ်သောကြောင့် သူ့ဘဝ အတော်စိတ်ညစ်ညူးစရာ
ဖြစ်ခဲ့သည် ။ ။

ပြီးပါပြီ။
ကျေးဇူးတင်ပါသည်။

@yexin189

စိန်မှန်ဘီလူးနှင့် လူတစ်ယောက်အကြောင်း


စာရေးဆရာ ►►►မောင်မောင်မြင့်သိန်း
The Diamond Lens by Fritz-James O'Brien


ကျွန်တော် အသက် (၁၀)နှစ်အရွယ်တွင် ကျွန်တော့်အစ်ကိုဝမ်းကွဲတစ်ယောက်သည် ကျွန်တော့်ကို မှန်ဘီလူးတစ်လက် လက်ဆောင်ပေးခဲ့ပါသည်။
ထိုမှန်ဘီလူး၏ မှော်မှန်ချပ်များကို ဖောက်ထွင်း၍ ပထမအကြိမ် ကျွန်တော် ကြည့်လိုက်စဉ်ကတည်းကပင်
ကျွန်တော့်နေ့စဉ်ဘဝကို ခြုံလွမ်းနေသည့် တိမ်တိုက်တို့ ဖယ်ရှားသွားလေသည်။

ရေစက်ရေပေါက်တစ်ပေါက်တွင် သေးငယ်လှသော သက်ရှိသတ္တဝါလေးများ၏လောကကို ကျွန်တော်
တွေ့မြင်ရသည်။ တစ်ရက်ပြီးတစ်ရက် တစ်ညပြီးတစ်ညပင် ကျွန်တော့်မှန်ဘီလူးအောက်မှဘဝကို ကျွန်တော် လေ့လာခဲ့သည်။
ကျွန်တော့်မိခင်၏ယိုကို ဖျက်ဆီးသောမှိုသည် ကျွန်တော့်အတွက် မှော်ဥယျဉ်တို့ဖြင့် ပြည့်သော အရပ်ဒေသ
ဖြစ်နေခဲ့သည်။ ကျွန်တော်သည် ဤအစိမ်းရောင်မှိုစက်တစ်ခုကို ကျွန်တော့်မှန်ဘီလူးအောက်ချ၍ သေးငယ်
သော သစ်ပင်များ၏ အကိုင်းအခက်များမှ ရွှေရောင်ငွေရောင် အသီးဆန်းများ တွဲလောင်းကျသည့်
လှပသောတောအုပ်ကို ကြည့်ပေမည်။ ကျွန်တော်သည် နောက်ထပ်ဧဒင်ဥယျဉ်တစ်ခု ရှာဖွေတွေ့ရှိခဲ့
သည့်အသွင် ခံစားမိသည်။

ကျွန်တော့်လျှိ့ဝှက်ကမ္ဘာအကြောင်း မည်သူကိုမျှ ကျွန်တော်မပြောသည့်တိုင်အောင် ကျွန်တော့်တစ်ဘဝလုံး မှန်ဘီလူးကို လေ့လာရန် ကျွန်တော်ဆုံးဖြတ်လိုက်သည်။
ကျွန်တော့်မိဘများက ကျွန်တော့်အတွက် အခြားအစီအစဉ်များရှိနေခဲ့သည်။ ကျွန်တော် အသက်၂၀နီးပါး
အရွယ်တွင်မူ ကျွန်တော်တို့သည် ကြွယ်ဝချမ်းသာသော မိသားစုဖြစ်ပြီး ကျွန်တော်အလုပ်လုပ်ကိုင်ရန်
မလိုသည့်တိုင်အောင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ရပ် မဖြစ်မနေဆည်းပူးရန် သူတို့က အတင်း
အကျပ် တွန်းအားပေးခဲ့သည်။
ကျွန်တော်သည် နယူးယောက်မြို့တွင် ဆေးဝါးပညာလေ့လာရန် ဆုံးဖြတ်လိုက်သည်။

နယူးယောက်မြို့တော်မှာ ကျွန်တော့်မိသားစုနှင့် လှမ်းလှသောကြောင့် ကျွန်တော်သည် ကျွန်တော့်အချိန်ကို စိတ်ကြိုက်ဖြုန်းနိုင်ခဲ့သည်။ နှစ်စဉ် ကျွန်တော့်ဆေးကျောင်းလခ ပေးနေခဲ့သမျှ ကျွန်တော်မည်သည့် အတန်းမှ မတက်သည်ကို ကျွန်တော့်မိသားစုက သိမည်မဟုတ်ချေ။
နယူးယောက်တွင် ကျွန်တော်သည် အကောင်းဆုံးမှန်ဘီလူးများ ဝယ်ယူနိုင်မည်ဖြစ်ပြီး၊ ကမ္ဘာတစ်ဝန်းမှ
သိပ္ပံပညာရှင်များနှင့် တွေ့ဆုံနိုင်ပေမည်။ ကျွန်တော့် စိတ်ကူးပေါ်တွင် ငွေကြေးနှင့် အချိန်များစွာ အသုံးချ
နိုင်ပေမည်။ ကျွန်တော်သည် မျှော်လင့်ချက်မြင့်မားစွာနှင့် အိမ်မှထွက်လာခဲ့သည်။

နယူးယောက်မြို့သို့ ကျွန်တော်ရောက်ပြီး နှစ်ရက်အကြာတွင် နေစရာနေရာတစ်နေရာကို ကျွန်တော်ရှာဖွေ
တွေ့ရှိခဲ့သည်။ အခန်းတစ်ခန်းကို ကျွန်တော်ဓါတ်ခွဲခန်းအဖြစ် အသုံးချနိုင်လောက်အောင် ယင်းနေရာက
ကြီးမားလှသည်။
ကျွန်တော်သည် မည်သို့သုံးရမှန်းမသိသော ဈေးကြီးသည့် သိပ္ပံဆိုင်ရာပစ္စည်းများဖြင့် ထိုအခန်းကို ဖြည့်
ဆည်းလိုက်သည်။ သို့သော် မြို့ကြီးတွင် ကျွန်တော်ပထမနှစ်ကုန်ဆုံးသောအခါ ကျွန်တော်သည်
မှန်ဘီလူးနှင့် ပတ်သက်၍ ကျွမ်းကျင်လာသည်။
ထို့ပြင် ကျွန်တော်သည် ပို၍ ပို၍ စိတ်မချမ်းမသာ ဖြစ်လာခဲ့သည်။ ကျွန်တော်၏ တန်ဖိုးကြီးသော မှန်ဘီလူး၏ မှန်ချပ်များသည် အားမကောင်းလှသောကြောင့် ကျွန်တော်၏ အသက်အကြောင်းမေးခွန်းကို မဖြေကြားနိုင်ခဲ့ချေ။ ကျွန်တော့် ပစ္စည်းကိရိယာများ၏ စွမ်းအားအကန့်အသတ်ရှိသည့် သဘာဝကြောင့် သဘာဝ၏ လျှို့ဝှက်ချက်များမသိအောင် ကာကွယ်ထားသည်ဟု ယူဆမိခဲ့သည်။

ကျွန်တော်သည် အပီပြင်ဆုံးမှန်ပြောင်း၊ ပုံကြီးချဲ့အား အလွန်ကောင်းမွန်သော ကိရိယာကို တောင့်တရင်း
ညဘက်တွင် အိပ်မပျော်နိုင်စွာ လဲလျောင်းခဲ့သည်။ အသေးမွှားဆုံးသောအဆင့်တွင် အသက်ဖွံဖြိုးကြီးထွါး
နေပုံကို မြင်သာစေမည့် မှန်ချပ်မျိုးတောင့်တနေခဲ့သည်။
ထိုကဲ့သို့ အင်အားကောင်းသောလှသော မှန်ချပ်ကို တည်ဆောက်နိုင်သည်ဟု ကျွန်တော်တပ်အပ် ယုံကြည်မိသည်။ ကျွန်တော်သည် ထိုမှန်ချပ်မျိုးဖန်တီးရင်းဖြင့် နယူးယောက်မြို့တွင် ဒုတိယနှစ်ကုန်လွန်ခဲ့သည်။

ကျွန်တော်သည် ပစ္စည်းမျိုးစုံကို စမ်းသပ်ခဲ့သည်။ ကျွန်တော်သည် သာမန်ဖန်သလင်းကျောက်နှင့် အဖိုးတန်
ကျောက်မျက်များကိုပင် စမ်းသပ်ကြည့်ခဲ့သည်။ သို့သော် ကျွန်တော်စတင်ခဲ့သည်ကိုသာ ပြန်ရောက်သည့်
အဖြစ် အမြဲကြုံခဲ့ရသည်။ ကျွန်တော့်ဆေးဝါးပညာလေ့လာမူတွင် တိုးတက်မူမရှိသောကြောင့်
ကျွန်တော့်မိဘများ ဒေါသဖြစ်လာခဲ့သည်။
နယူးယောက်မြို့သို့ ရောက်ကတည်းက တစ်တန်းမျှကျွန်တော် မတက်ခဲ့ချေ။ ထို့ပြင် ကျွန်တော့် စမ်းသပ်မူ
များတွင် ငွေကြေးအတော်သုံးစွဲခဲ့ပြီးဖြစ်သည်။

တစ်နေ့တွင် ကျွန်တော် ဓာတ်ခွဲခန်း၌ အလုပ်လုပ်နေစဉ် ဂျုးလ်(စ်)ဆိုင်မွန်က ကျွန်တော့်တံခါးကို လာခေါက်သည်။ သူသည် ကျွန်တော့်အထက်က အခန်းတွင် နေထိုင်သည်။
သူသည် လက်ဝတ်ရတနာများ၊ တန်ဖိုးကြီးသည့် အဝတ်အစားများနှင့် ဇိမ်ကျကျနေထိုင်ရသည်ကို ကြိုက်
နှစ်သက်ကြောင်း ကျွန်တော်သိခဲ့သည်။ သူနှင့်ပတ်သက်၍ လျှို့ဝှက်ဆန်းကြယ်မူတစ်ခုလည်းရှိခဲ့သည်။
သူသည် အမြဲတစေပင် တစ်ခုခုရောင်းချတတ်သည်။
ပန်းချီကားတစ်ချပ်၊ ရှားပါးလှသော ပန်းပုရုပ်၊ တန်ဖိုးကြီးသည့်မီးအိမ် စသည်ဖြင့်...။

ဆိုင်မွန်မည်သည့်အတွက်ကြောင့် ဤသို့ပြုမှန်း ကျွန်တော်မသိခဲ့ချေ။
သူငွေလိုပုံမရခဲ့ချေ။ နယူးယောက်မြို့၏ လူကုံထံမိသားစုများကြားတွင် သူ့မိတ်ဆွေအများအပြား ရှိနေသည်။
ဆိုင်မွန်သည် ကျွန်တော့် ဓာတ်ခွဲခန်းထဲသို့ ဝင်ရောက်လာသောအခါ အလွန်စိတ်လှုပ်ရှားနေခဲ့သည်။

►ဟေ့.. ကိုယ့်လူ.. ကိုယ်ကမ္ဘာပေါ်မှာ အံ့သြစရာ အကောင်းဆုံးအရာကို ခုပဲမြင်ခဲ့တယ်...

သူက အမောတကော ပြောလိုက်သည်။ သူသည် ထူးဆန်းသော မှော်အစွမ်းရှိသည့် အမျိုးသမီးထံသို့ သွား
ရောက်ခဲ့သည်ဟု ကျွန်တော့်ကို ပြောပြသည်။
သူသည် သေသူတို့နှင့် စကားပြောဆို၍ ရှင်လူတို့၏ မနောစိတ်ကို ဖတ်ရှူနိုင်သည်ဟုဆိုသည်။
သူမကို စမ်းသပ်ရန် ဆိုင်မွန်သည် စက္ကူစတစ်တွင် သူ့အကြောင်းမေးခွန်းအချို့ ရေးသားခဲ့သည်။
မဒမ်ဗောပီ(စ်)ဟု အမည်တွင်သော ထိုအမျိုးသမီးက မေးခွန်းများကို မှန်ကန်စွာဖြေကြားခဲ့သည်။

ဤမိန်းမအကြောင်း ကြားရသောအခါ ကျွန်တော် စိတ်ကူးတစ်ခုရလိုက်သည်။ အပြစ်ကင်းသည့် မှန်ဘီလူး၏
လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိအောင် သူမ ကျွန်တော့်ကို ကူညီကောင်းကူညီနိုင်ပေမည်။
နှစ်ရက်အကြာတွင် ကျွန်တော် သူမအိမ်သို့ သွားရောက်ခဲ့သည်။
မဒမ်ဗောပီ(စ်)မှာ အကျည်းတန်ပြီး စူးရှရက်စက်သော မျက်လုံးများရှိသည်။ သူမ တံခါးဖွင့်သောအခါ
ကျွန်တော့်ကို စကားတခွန်းမှမပြောသော်လည်း ကျွန်တော့်ကို သူမ၏ ဧည့်ခန်းထဲသို့ ခေါ်ဆောင်သွားသည်။
ကျွန်တော်တို့သည် ကြီးမားသောစားပွဲဝိုင်းတွင် ထိုင်လိုက်သည်။ သူမက ကျွန်တော့်ကို ပြောလိုက်သည်။

►ရှင် ကျွန်မဆီက ဘာလိုချင်လို့လဲ..
►ကျွန်တော်မမွေးခင် နှစ်ပေါင်းများစွာက ကွယ်လွန်သွားခဲ့တဲ့ သူတစ်ယောက်နဲ့ စကားပြောချင်တယ်...

ကျွန်တော်တို့သည် မိနစ်များစွာပင် ထိုနေရာတွင် ထိုင်နေခဲ့သည်။ အခန်းက ပိုလို့...ပိုလို့မှောင်လာသည်။
သို့သော် မဒမ်ဗောပီ(စ်)သည် မည်သည့်မီးမျှမဖွင့်ခဲ့ချေ။ ကျွန်တော်သည် အနည်းငယ်ခန့် ရူးတူးတူးပေါတောတော ခံစားမိသည်။ ထို့နောက်တွင် ပြင်းထန်စွာရိုက်ခတ်ချက်များ ခံစားလိုက်ရသည်။
ကုလားထိုင်၊ ကျွန်တော့်ကုလားထိုင်နောက်ကျော၊ ကျွန်တော့်ခြေထောက်အောက်မှ ကြမ်းပြင်၊ ပြတင်းပေါက်များပင် လှုပ်ခါသွားသည်။
မဒမ်ဗောပီ(စ်)က ပြုံးလိုက်သည်။

►ဒီည အတော်အားကောင်းနေတယ်.. ရှင်ကံကောင်းပါတယ်.. ရှင်စကားပြောဆိုချင်တဲ့ ဝိညာဉ်ရဲ့နာမည်ကို
  ရေးချလိုက်ပါ..

ကျွန်တော်သည် ကျွန်တော့်မှတ်စုစာအုပ်ထဲမှ စာရွက်ပိုင်းတစ်စဆွဲဖြဲ၍ နာမည်ရေးချလိုက်သည်။ ထိုနာမည်ကို မဒမ်ဗောပီ(စ်)ကို မပြသခဲ့ချေ။
ခဏအကြာတွင် မဒမ်ဗောပီ(စ်)၏ လက်များပြင်းထန်စွာ လှုပ်ခါလာရာ စားပွဲပင်ရွေ့လျားသွားသည်။
သူမ၏ လက်ကို ဝိညာဉ်တစ်ခုကကိုင်ထားပြီး ကျွန်တော့်ကို စာတစ်စောင်ရေးပေးမည်ဟု သူမကပြောကြားသည်။
ကျွန်တော်က သူမကို စက္ကူနှင့်ခဲတံပေးလိုက်သည်။ သူမက တစ်စုံတစ်ခုကိုရေးသားပြီး ကျွန်တော့်အား ကမ်းပေးလိုက်သည်။ စာမှာ အောက်ပါအတိုင်းဖြစ်သည်။

►ငါ ဒီမှာရောက်ပြီ.. ငါ့ကိုမေးပါ..
လီယူဝင်ဟို့ခ်ဟု လက်မှတ်ရေးထိုးထားသည်။
ကျွန်တော့်မျက်လုံးကိုပင် ကျွန်တော်မယုံနိုင်ခဲ့ချေ။ ထိုနာမည်မှာ ကျွန်တော့်စာရွက်ပေါ်တွင် ရေးသားခဲ့သောနာမည်ပင်ဖြစ်သည်။ မဒမ်ဗောပီ(စ်)ကဲ့သို့ အသိဥာဏ်ကင်းမဲ့သော အမျိုးသမီးက လီယူဝင်ဟို့ခ်ကို မသိနိုင်ချေဟု ကျွန်တော်ယုံကြည်မိသည်။
မှန်ဘီလူးကို တီထွင်ခဲ့သူ၏ အမည်ကို သူမ မည်သို့သိနိုင်ပါမည်နည်း။
ကျွန်တော်သည် စာရွက်တစ်စပေါ်တွင် မေးခွန်းတစ်ခုကို လျင်မြန်စွာရေးချလိုက်သည်။

►ပီပြင်တဲ့ မှန်ဘီလူးမှန်ချပ်ကို ကျွန်တော် ဘယ်လိုဖန်တီးနိုင်မလဲ...
လီယူဝင်ဟို့ခ်က ပြန်ရေးလိုက်သည်။
►၁၄၀ ကာရက်ရှိတဲ့ စိန်တစ်လုံးကို ရှာဖွေပါ.. လျှပ်စစ်ဓာတ်ပြင်းပြင်း ခတ်လိုက်ပါ.. လျှပ်စစ်ဓာတ်က စိန်ရဲ့
  အဏုမြူတွေကို ပြောင်းလဲပစ်လိမ့်မယ်.. အဲဒီ ကျောက်ကနေ ပီပြင်တဲ့ မှန်ဘီလူးမှန်ချပ်ကို ပုံဖော်လို့ရမယ်...

ကျွန်တော်သည် မဒမ်ဗောပီ(စ်)၏ အိမ်မှနေ၍ စိတ်လှုပ်ရှားစွာ ထွက်လာခဲ့သည်။ ထိုမျှ ကြီးမားသော စိန်ကို
ဘယ်မှာရှာလို့ ရနိုင်မည်နည်း။ ကျွန်တော့် မိသားစုငွေကြေးအားလုံးဖြင့် ပုံဝယ်လျှင်ပင် ထိုသို့သော
စိန်တစ်ပွင့်မရနိုင်ချေ။ ငွေကြေးလုံလောက်စွာရှိလျှင်လည်း ထိုသို့သော စိန်မျိုးရှာတွေ့ရန် မလွယ်ကူကြောင်း ကျွန်တော်သိသည်။

ကျွန်တော် အိမ်ပြန်ရောက်သောအခါ ဆိုင်မွန်၏ ပြတင်းပေါက်တွင် မီးတစ်ပွင့်တွေ့ရသည်။ ကျွန်တော်သည် သူ့တိုက်ခန်းလှေကားအတိုင်းတက်သွားပြီး တံခါးမခေါက်ဘဲ အထဲသို့ဝင်လိုက်သည်။
ဆိုင်မွန်က ကျွန်တော့်ကို ကျောခိုင်းနေခဲ့ပြီး မီးအိမ်တစ်အိမ်ပေါ် ကိုင်းညွတ်နေခဲ့သည်။
သူ့လက်ထဲရှိ သေးငယ်သော အရာဝတ္ထုတစ်ခုကို သေချာစွာလေ့လာနေပုံရသည်။
ကျွန်တော်ဝင်လာသံကို ကြားသည်နှင့် ထိုပစ္စည်းကို သူ့အိတ်ထဲထည့်လိုက်သည်။ သူ့မျက်နှာနီရဲသွားပြီး
အလွန်စိတ်ဂဏှာမငြိမ် ဖြစ်နေပုံရခဲ့သည်။

►ခင်ဗျား ဘာကိုကြည့်နေတာလဲ...
ကျွန်တော်က မေးလိုက်သည်။ ဆိုင်မွန်က ပြန်မပြောခဲ့ချေ။ ထိုအစား သူဂဏှာမငြိမ်စွာ ရယ်မောလိုက်ပြီး
ကျွန်တော့်ကို ထိုင်ခိုင်းလိုက်သည်။ သူ့ကို ကျွန်တော့်သတင်းပြောပြရန် စိတ်စောနေခဲ့သည်။။

►ဆိုင်မွန်.. ကျွန်တော် မဒမ်ဗောပီ(စ်)ဆီက အခုပဲ ပြန်လာတာ.. ပီပြင်တဲ့မှန်ဘီလူးမှန်ချပ်ကို ရှာတွေ့အောင်ကျွန်တော့်ကို အထောက်အကူပြုမယ့် အချက်အလက်တစ်ချို့ပေးခဲ့တယ်..
  ကာရက်(၁၄၀)လေးတဲ့ စိန်တစ်ပွင့်သာ ကျွန်တော် ရှာလို့တွေ့ခဲ့ရင်.....

ကျွန်တော့်စကားလုံးများက ဆိုင်မွန်ကို တိရစ္ဆာန်ရိုင်းတစ်ကောင်အဖြစ်သို့ ပြောင်းလဲပစ်ပုံရသည်။
သူသည် စားပွဲလေးတစ်လုံးသို့ပြေးသွားပြီး ရှည်လျားသေးသွယ်သော ဓားတစ်လက်ကို ဆွဲယူလိုက်သည်။

မရဘူးး...
သူက အော်ဟစ်လိုက်သည်။
►ကျုပ်ရဲ့ ရတနာ ခင်ဗျားကို မပေးဘူး.. အသေသာခံလိုက်မယ်..

►သူငယ်ချင်း ဆိုင်မွန်...
ကျွန်တော်က ပြောလိုက်သည်။

►ခင်ဗျားပြောနေတာကို ကျွန်တော် နားမလည်ဘူး.. ကျွန်တော် သိပ္ပံဆိုင်ရာပြဿနာတစ်ခုမှာ အကူအညီလိုလို့ မဒမ်ဗောပီ(စ်)ဆီကို သွားမေးခဲ့တယ်.. အရမ်းကြီးတဲ့ စိန်တစ်လုံးလိုတယ်လို့ ကျွန်တော့်ကို ပြောတယ်..
  ခင်ဗျား အဲဒီလောက်ကြီးတဲ့စိန် မပိုင်နိုင်ကောင်းပါဘူး..
  ပိုင်ခဲ့ရင်လည်း ခင်ဗျားသိပ်ချမ်းသာမှာပဲ.. ဒီမှာ နေထိုင်မှာမဟုတ်ဘူး..

သူသည် တစ်စက္ကန့်ခန့် ပြူးကြည့်လိုက်သည်။ ထို့နောက် ရယ်မော၍ တောင်းပန်လိုက်သည်။

►ဆိုင်မွန်.. ကျွန်တော်က အကြံပြုလိုက်သည်။
 ►ကျွန်တော်တို့ ဝိုင်နည်းနည်းသောက်ပြီး ဒီကိစ္စကို မေ့လိုက်ရအောင်... အောက်ထပ်က ကျွန်တော့်အခန်းမှာ ပုလင်းနှစ်လုံးရှိတယ်.. ခင်ဗျား ဘယ်လိုမြင်လဲ..
►ခင်ဗျားရဲ့စိတ်ကူးကို ကြိုက်တယ်..  သူက ဆိုလိုက်သည်။

ကျွန်တော်သည် သူ့ တိုက်ခန်းထဲသို့ ဝိုင်အရက်ပုလင်းများယူလာပြီး စသောက်ကြသည်။
ပထမတစ်ပုလင်းသောက်ပြီးချိန်တွင် ဆိုင်မွန်အတော်မူးနေခဲ့သည်။

►ဆိုင်မွန်.. ခင်ဗျားမှာ လျှို့ဝှက်ချက်တစ်ခုရှိနေမှန်း ကျွန်တော်သိတယ်..
  ကျွန်တော့်ကို အဲဒါလေးပြောပြပါလား...

ကျွန်တော့်လေသံက သူ့ကို ယုံကိုးမှုရှိစေခဲ့သည်။ သူ့လျှို့ဝှက်ချက်ကို စောင့်ထိန်းပါမည်ဟု ကျွန်တော့်ထံမှ
ကတိတောင်းခဲ့သည်။ ထို့နောက် သူ့အိတ်ထဲမှ ဘူးလေးတစ်ဘူးကို ထုတ်ယူလိုက်သည်။
ဘူးကို ဖွင့်လိုက်သောအခါတွင် နှင်းဆီပုံစံရှိသော စိန်ပွင့်ကြီးတစ်လုံးကို ကျွန်တော်တွေ့ရသည်။
စိန်ပွင့်အတွင်းနက်နက်မှ ဖြူစင်ဝင်းပသော အလင်းရောင်ဖြာထွက်နေသည်။

ဆိုင်မွန်က ထိုစိန်ကို တောင်အာဖရိကရှိ လူတစ်ယောက်ထံမှ ခိုးယူခဲ့သည်ဟု ပြောပြသည်။ စိန်ပွင့်၏
အလေးချိန်မှာ (၁၄၀)ကာရက်တိတိဖြစ်သည်ဟု သူကဆိုသည်။
ကျွန်တော့်ခန္ဓာကိုယ်တစ်ခုလုံး စိတ်လှုပ်ရှားတုန်ခါသွားသည်။ ကျွန်တော့်ကံကို ကျွန်တော် မယုံနိုင်ခဲ့ချေ။
လီယူဝင်ဟို့ခ်၏ ဝိညာဉ်က အပီပြင်ဆုံး မှန်ဘီလူးချပ်လျှို့ဝှက်ချက်အား ကျွန်တော်ကို ပြောပြသည့်နေမှာပင်
ကျွန်တော်သည် ထိုမှန်ဘီလူးချပ်ကို ဖန်တီးရန် လိုအပ်သည့် စိန်ပွင့်ကို ရှာတွေ့သည်။

ကျွန်တော်သည် ဆိုင်မွန်၏ရတနာကို ခိုးယူရန်ဆုံးဖြတ်လိုက်သည်။ ကျွန်တော်သည် ဝိုင်နောက်တစ်ခွက်သောက်ရင်း သူ့စားပွဲတစ်ဖက်တွင် ထိုင်မိသည်။
စိန်ပွင့်ကို ခိုးယူရုံသာ ခိုး၍မရကြောင်း ကျွန်တော်သိခဲ့သည်။ ဆိုင်မွန်က ရဲကိုအကြောင်းကြားပေမည်။
စိန်ပွင့်ကို ရနိုင်ရန် တစ်ခုတည်းသောနည်းလမ်းသာရှိသည်။ ကျွန်တော် ဆိုင်မွန်ကို သတ်ရမည်။

ဆိုင်မွန်ကို သတ်ရန် လိုအပ်သမျှပစ္စည်းအားလုံး သူ့အခန်းထဲမှာပင် ရှိနေခဲ့သည်။ အိပ်ဆေးမှုန့်များဖြင့် ပြည့်နေသော ပုလင်းတစ်လုံးသည် သူ့ခုတင်အနီး စားပွဲပေါ်တွင် ရှိနေခဲ့သည်။
စားပွဲပေါ်တွင် ရှည်လျားသေးသွယ်သော ဓားတစ်လက်ရှိသည်။ ဆိုင်မွန်သည် စိန်ပွင့်ကို အာရုံစိုက်နေသော
ကြောင့် သူ့ဖန်ခွက်ထဲသို့ အိပ်ဆေးမှုန့် လွယ်လွယ်ကူကူထည့်နိုင်ခဲ့သည်။
သူသည် (၁၅)မိနစ်အိပ်ပျော်သွားခဲ့သည်။

ကျွန်တော်သည် သူ၏ စိန်ပွင့်ကို အိတ်ထဲထည့်၍ ဆိုင်မွန်အား အိပ်ရာသို့သယ်သွားသည်။
ဆိုင်မွန် သူ့ကိုသူ သတ်သေခဲ့သည်ဟု ရဲကထင်အောင် ကျွန်တော်ပြုလိုခဲ့သည်။ ကျွန်တော်သည် ဆိုင်မွန်၏ ဓားရှည်ကို ကောက်ယူ၍ သူ့ကိုသေချာငုံကြည့်လိုက်သည်။ ဓားကိုသူကိုယ်တိုင် ကိုင်နေခဲ့လျှင် သူ့နှလုံးသားထဲသို့ မည်သည့်ပုံစံစိုက်ဝင်မည်ကို အတိအကျ စိတ်ကူးကြည့်နေခဲ့သည်။

ကျွန်တော်သည် ဓားကို သူ့နှလုံးထဲသို့ နက်နက်ထိုးထည့်လိုက်သည်။ သူ့လည်မျိုမှ အသံထွက်လာသည်။
ပူဖောင်းကြီးတစ်လုံးပေါက်ကွဲသည့် အသံမျိုးဖြစ်သည်။
သူ့ခန္ဓာကိုယ် ရွေ့လျားသွားပြီး သူ့ညာလက်က ဓားလက်ကိုင်ကို ဖမ်းကိုင်လိုက်သည်။
သူချက်ချင်း သေဆုံးသွားပုံရသည်။
ကျွန်တော်သည် အရက်ခွက်များကို ဆေးကြော၍ ဝိုင်ပုလင်းနှစ်လုံးကို ကျွန်တော်နှင့်အတူ ယူထုတ်ခဲ့သည်။
မီးများကို ဖွင့်ထားခဲ့ပြီး တံခါးကို ပိတ်လိုက်သည်။ ထို့နောက် ကျွန်တော့်အခန်းထဲ ပြန်သွားခဲ့သည်။

ဆိုင်မွန် သေဆုံးသည့်ကိစ္စကို နောက်တစ်နေ့ နေ့ခင်းသုံးနာရီကျမှ သိလာခဲ့သည်။ အိမ်နီးချင်းတစ်ဦးက
သူ့တံခါးကို ခေါက်လိုက်သည်။ ပြန်ထူးသံမကြားရသောအခါ သူမက ရဲကိုအကြောင်းကြားလိုက်သည်။
သူတို့သည် ဆိုင်မွန်၏အလောင်းကို ခုတင်ပေါ်တွင် တွေ့ရှိသည်။ ရဲက လူတိုင်းကို မေးမြန်းခဲ့သည်။
သို့သော် ဖြစ်ရပ်မှန်ကို သူတို့မသိသွားခဲ့ချေ။
ဂျူးလ်(စ်)ဆိုင်မွန်က သူ့ကိုသူ သတ်သေသွားသည်ဟု နောက်ဆုံးတွင် ရဲများက ဆုံးဖြတ်လိုက်ပြီး
မကြာခင်မှာပင် သူ့ကို အားလုံးမေ့လျော့သွားကြသည်။ ကျွန်တော်သည် အပီပြင်ဆုံးသော မူခင်းကို
ကျူးလွန်နိုင်ခဲ့သည်။

ဆိုင်မွန် သေဆုံးပြီး သုံးလကြာမျှ ကျွန်တော်သည် နေ့နေ့၊ညည ကျွန်တော့် စိန်ဘီလူးမှန်ချပ်များကို သွေးခဲ့
သည်။ နောက်ဆုံးတွင် မှန်ဘီလူးမှန်ချပ်များသွေးပြီးသွားသည်။ မှန်ချပ်တစ်စပေါ်တွင် ရေစက်တစ်စက်ချသောအခါ ကျွန်တော့်လက်များ တုန်ခါနေခဲ့သည်။

ကျွန်တော်သည် ရေစက်မခန်းခြောက်သွားစေရန် ဆီအနည်းငယ်ဖြည့်လိုက်သည်။ မှန်အောက်တွင် မီးရောင်ထိန်ထိန်တစ်ခုဖွင့်လှစ်ပြီး စိန်မှန်ဘီလူးမှန်ချပ်မှတဆင့် ကြည့်လိုက်သည်။
တစ်ခဏမူ ကျွန်တော်သည် ရေစက်တွင် မည်သည့်အရာမှမတွေ့ရချေ။ ထို့နောက် အဖြူရောင်စင်စင်
အလင်းရောင်ကိုတွေ့ရသည်။ ကျွန်တော်သည် ကျွန်တော့်မှန်ဘီလူးမှမှန်ချပ်များကို ရေစက်နားသို့ တိုးကပ်
လိုက်သည်။ တဖြည်းဖြည်းနှင့် အဖြူရောင်အလင်းက ပြောင်းလဲသွားသည့် သဏ္ဍန်များ ပေါ်လာသည်။
ကျွန်တော်သည် တိမ်တိုက်များ၊ လှပသောသစ်ပင်များနှင့် ပန်းပင်များကို တွေ့ရသည်။
ဤပန်းပင်များ၏ အရာင်အသွေးများမှာ အတော်ပင်ထူးခြားလို့နေသည်။
အနီရောင်တောက်တောက်၊ ခရမ်းရောင်အပြင် ငွေရောင်၊ ရွှေရောင်တွေဖြစ်သည်။
ဒီသစ်ပင်တွေ၏ သစ်ကိုင်းတွေသည် လေပြည်တွင် ဖြည်းဖြည်းလှုပ်ခါလို့နေသည်။ ကြည့်လေရာအရပ်တိုင်းတွင် ကျွန်တော်သည် ရောင်ကွဲပေါင်းတစ်ထောင်နှင့် သစ်သီးဝလံပန်းမန်များကို မြင်ရသည်။

►ဆန်းပြားလိုက်တာ... ဒီလှပတဲ့နေရာမှာ သက်ရှိသတ္တဝါတစ်ကောင်တလေမှမရှိဘူး...
ကျွန်တော် တွေးလိုက်မိသည်။
သည့်နောက်တော့ ကျွန်တော်သည် အရာင်အသွေးတောက်ပသော သစ်ပင်နှင့် ချုံပုတ်များအကြားတွင် ဖြည်းလေးစွာ ရွေ့လျားနေသော အရာတစ်ခုကိုတွေ့ရသည်။ ခရမ်းရောင်သစ်ကိုင်းများနှင့် ငွေရောင်ချုံပုတ်တို့ ဘေးသို့ညင်သာစွာတွန်းလိုက်သည်။
ထိုအခါ ကျွန်တော့်မျက်စိရှေ့တွင် ကျွန်တော်မြင်ဖူးသမျှ အလှဆုံးမိန်းမတစ်ဦး ရပ်နေခဲ့သည်။
သူမ၏ အသွင်ကား ပြစ်မျိုးမှဲ့မထင်ပင်။ အသားရောင်က ပန်းနု၊ ကြီးမားသောမျက်လုံးပြာများနှင့် ရှည်လျားသော
ရွှေရောင်ဆံပင်ကား သူမပခုံးပေါ်မှကျော်၍ သူမ၏ ဒူးခေါင်းအထိရောက်သည်။
သူမသည် သက်တံအရောင်အသွေးရှိသော သစ်ပင်များမှ လှမ်းထွက်လိုက်သည်။ ရေထဲတွင် လွင့်မျောနေသော ပန်းတစ်ပွင့်ကဲ့သို့ သူမလေထဲတွင် လွင့်မျောသွါးသည်။ သူမ၏ လှုပ်ရှားမူများကို ကြည့်ရခြင်းမှာ လေထဲတွင်
ဆည်းလည်းသံလေးများ ထိခတ်သံများကို ကြားရသည်နှင့် တူနေခဲ့သည်။

သူမသည် သက်တံအရောင်အသွေးရှိသော သစ်ပင်များသို့ လျှောက်သွားပြီး သစ်ပင်တစ်ပင်ကို မော့ကြည့်လိုက်
သည်။ သစ်ပင်သည် သစ်သီးများ ပြည့်နေသော သစ်ကိုင်းတစ်ကိုင်းကို ရွေ့လျားသွားသည်။
သူမထံကိုင်းညွတ်လာရာ သူမ၏ သေးငယ်သောလက်တွင် လှည့်၍ စ စားလိုက်သည်။

ကျွန်တော်သည် ထိုတောက်ပနေသော အလင်းတန်းထဲသို့ဝင်ရောက်၍ ထိုလှပသော သစ်တောများထဲရှိ
သူမထံ လွင့်မျောဆင်းလိုက်နိုင်လျှင် ကောင်းပေစွဟု တောင့်တလိုက်မိသည်။
ရုတ်တရက်ဆိုသလိုပင် ကျွန်တော်သည် သေးငယ်လှပသောသတ္တဝါကို ချစ်မိသွားပြီမှန်း သဘောပေါက်လိုက်သည်။ ကျွန်တော့်ကို မည်သည့်အခါမျှ ပြန်ချစ်မည်မဟုတ်သောသူကို ကျွန်တော်ချစ်မိသွားလေပြီ။
ရေစက်တစ်စက်ထဲတွင် အကျည်းသားဖြစ်နေသူတစ်ဦးကို ချစ်မိသည်။
ကျွန်တော် အခန်းထဲမှပြေးထွက်လိုက်သည်။ ခုတင်ပေါ်တွင် ပစ်လှဲချလိုက်ပြီး အိပ်ပျော်သွားသည်အထိ ငို
ရှိုက်မိသည်။
တစ်ရက်ပြီးတစ်ရက် ကျွန်တော်သည် သူမကို ကြည့်ရူရန် ကျွန်တော့်မှန်ဘီလူးဆီသို့ ပြန်ခဲ့သည်။ ကျွန်တော် တိုက်ခန်းမှ ထွက်သည်မရှိခဲ့ချေ။ စားခြင်း၊ အိပ်ခြင်းပင် ပြုခဲသည်။

တစ်နေ့တွင်မူ ထုံးစံအတိုင်း ကျွန်တော့်အချစ်ကို ကြည့်ရူရန် အသင့်ရှိနေသော ကျွန်တော့်မှန်ဘီလူးသို့သွား
ခဲ့သည်။ သူမရှိနေခဲ့သည်။ သို့သော်  အင်မတန်ဆိုးရွားသော အပြောင်းအလဲတစ်ခုဖြစ်ခဲ့သည်။
သူမမျက်နှာ ပိန်လှီသွားပြီး သူမလမ်းပင် မလျှောက်နိုင်တော့ချေ။ သူမ၏ ရွှေရောင်ဆံပင်မှ လှပသော
အလင်းရောင်နှင့် မျက်ဝန်းပြာများ မရှိတော့ချေ။ ထိုအချိန်တွင် သူမကဲ့သို့သေးငယ်ပြီး သူမလောကထဲဝင်ရန် သူမကိုကူညီရန် ကျွန်တော့်အသက်ကိုပေးရန် အသင့်ရှိနေခဲ့သည်။

သူမဖျားနာအောင် မည်သည့်အချက်က ပြုနေခဲ့သနည်း။ သူမ လွန်စွာနာကျင်နေဟန်ရှိခဲ့သည်။ ကျွန်တော်သည် ကူညီမူကင်းစွာ အသည်းကွဲလျက်ပင်။ သူမကို နာရီပေါင်းများစွာ ကြည့်နေခဲ့သည်။
သူမ အားနည်းသည်ထက် အားနည်းလာသည်။ သစ်တောကြီးများသည်လည်း ပြောင်းလဲလို့နေသည်။
သစ်ပင်များ၏ လှပသောအရောင်အသွေးတို့ ဆုံးပါးသွားကြသည်။
ကျွန်တော်တို့ ရေစက်ကို ရက်ပေါင်းများစွာ မကြည့်ခဲ့မိသည်ကို ကျွန်တော် ရုတ်တရက်သတိရလိုက်သည်။
ကျွန်တော်သည် ရေစက်ထဲသို့ မှန်ဘီလူးဖြင့် ကြည့်ခဲ့မိပါသော်လည်း ရေစက်ကိုမူ ဂရုမစိုက်မိခဲ့ချေ။
ကျွန်တော့်မှန်ဘီလူးအောက်မှန်ချပ်ကို ကြည့်လိုက်သည်နှင့် ကျွန်တော်သည် ကြောက်စရာအဖြစ်မှန်ကို သိလိုက်သည်။ ကျွန်တော်သည် ရေစက်မခန်းခြောက်စေဖို့ ဆီထပ်တိုးရန် မေ့လျော့နေခဲ့သည်။
ရေစက်ပျောက်ကွယ်သွားလေသည်။

ကျွန်တော်သည် အလောသုံးဆယ် အမြန်ပြေး၍ မှန်ဘီလူးမှန်ချပ်မှ ကြည့်လိုက်သည်။ သက်တံရောင်တောအုပ်
အားလုံးပျောက်ကွယ်သွားသည်။ ကျွန်တော့် အချစ်သည် အလင်းရောင်ပျပျတွင် လဲနေခဲ့သည်။
သူမ၏ ပန်းရောင်ခန္ဓာကိုယ်မှာ ခြောက်သွေ့ပြီး အသားအရေတွန့်နေခဲ့သည်။ သူမမျက်လုံးများက ဖှုန်မှုန့်တွေလို နက်လို့နေသည်။ တဖြည်းဖြည်းနှင့် သူမ ထာဝရ ပျောက်ကွယ်သွားတော့သည်။

ကျွန်တော် သတိလစ်သွားပြီး နာရီပေါင်းများစွာအကြာတွင် ကျွန်တော့်မှန်ဘီလူးအစအနများပေါ် နိုးလာခဲ့သည်။
ကျွန်တော် သတိလစ်သွားစဉ်က့်မှန်ဘီလူးပေါ်ကျသွားခဲ့ခြင်းဖြစ်သည်။ စိန့်မှန်ဘီလူးမှန်ချပ်ကဲ့သို့ပင်
ကျွန်တော့်စတ်လည်း ကွဲအက်နေခဲ့လေပြီ။ ကျွန်တော်သည် ကျွန်တော့်အိပ်ရာသို့ တွားသွားလိုက်သည်။

လပေါင်းများစွာအကြာတွင် ကျွန်တော်ပြန်လည် နေကောင်းလာသောအခါတွင် ကျွန်တော့်ငွေအားလုံး ကုန်နေချေပြီ။ ယခုမူ ကျွန်တော်ရူးနေပြီဟု လူတွေပြောလာကြသည်။ ကျွန်တော့်ကို သိပ္ပံရူးလင်လီ ဟုခေါ်ကြသည်။

လီယူဝင်ဟို့ခ်၏ ဝိညာဉ်နှင့် ကျွန်တော် စကားပြောဆိုခဲ့သည်ကို မည်သူမျှ မယုံကြည်ကြချေ။
ကျွန်တော်ဂျူးလ်(စ်)ဆိုင်မွန်ကို မည်သို့သတ်၍ ပီပြင်သော မှန်ဘီလူးမှန်ချပ်လုပ်ရန် သူ့စိန်ကို ခိုးယူခဲ့ကြောင်းပြောသောအခါ ရယ်မောကြသည်။
ရေစက်လေးထဲတွင် လှပသောကမ္ဘာကို ကျွန်တော် မည့်သည့်အခါကမှ မမြင်ခဲ့ဟု သူတို့ထင်သည်။

သို့သော် စိန့်မှန်ဘီလူးမှန်ချပ်အကြောင်း အဖြစ်မှန်ကို ကျွန်တော်သိသည်။
ယခု သင်တို့လည်း သိပါပြီ....

( ဖတ်ခဲ့ဖူးသည်များကို ရိုက်နှိပ် တင်ထားခြင်းဖြစ်သည်။ အားလုံးကို ကျေးဇူးတင်ပါသည်။ )
@yexin189

မိသားစုမိတ်ဆွေ


စာရေးသူ   ►►►မောင်မောင်မြင့်သိန်း
Ref: Family Friend

အစ္စဘယ်လာ သူတို့နှင့်အတူ လာနေမည် ဆိုသောအခါတွင် မစ္စတာရောဘတ်တို့ အတော်ဘ၀င်မကျ ဖြစ်ခဲ့သည်။ သို့သော် ပြောရခက်သည့် အနေအထားက သူ့ဇနီးဂျိမ်း၏ သဘောထား။

►ဂျက်က သယ်လိုပဲ လူပေလူတေ အရက်သမားဖြစ်ဖြစ် ဆူဘန်ကိုတော့ ငဲ့ရမယ်..  ဆူဘန်က ကျွန်မတို့ကို သူ့မိသားစုလို သဘောထားခဲ့တာ...
►ဟုတ်ပါတယ်..ကိုယ့်မိသားစုလို သဘောထားကို ငါလက်ခံပါတယ်..  ဒါပေမယ့် သူ့ယောက်ျားက ငါတို့ကို နှပ်သွားတာ..  ဒီအိမ်ကို မတန်မရာ ဈေးခေါ်ပြီး ရောင်းသွားတာ...
မစ္စတာရောဘတ်က အတော်ကာလကြာပြီဖြစ်သော်လည်း အခဲမကြေသေးသည့် လေသံဖြင့် ပြောလိုက်သည်။

►ဒါကတော့ရှင်..ရောင်းသူတစ်ရာ ၀ယ်သူတစ်ဆယ်ပဲ..  သူခေါ်တိုင်း ပေးစရာမလိုဘူး..  ကျွန်မတို့က တန်တယ်ထင်ပြီး ပေါ့လိုက်တာပဲ..  သူ့အပြစ်လို့ ဆိုလို့ရမလား..ထားလိုက်ပါရှင်..  နှစ်တွေ ဒီလောက်ကြာပြီ..ဒီကိစ္စကို ပြောလို့ပဲ မပြီးနိုင်ဘူး...

မစ္စစ်ဂျိမ်းရောဘတ်တို့သည် ကော်ဖီတစ်ခွက်ကို ခရားထဲ ထပ်ငဲ့ထည့်ပြီးမှ ဆက်ပြောလိုက်သည်။
►အခု သူ့စာအရဆိုရင် ဂျက်က ကနေဒါမှာ အလုပ်သွားလုပ်မှာ..  သူ့ကို တစ်ယောက်ထဲ လွှတ်လို့ကတော့ စူဠလိပ် ရေထဲလွှတ်သလိုဖြစ်လိမ့်မယ်..  ဒါ့ကြောင့် ဆူဘန်ပါ လိုက်သွားမှ ဖြစ်မယ်..  ဒါပေမယ့် သူသွားလုပ်ရမှာက ကနေဒါတောဘက်..  အနေမကျသေးဘဲနဲ့ ကလေးမလေးကို ခေါ်သွားလို့ မဖြစ်ဘူး..  ကျောင်းတက်ဖို့ကလည်း ရှိသေးတယ်လေ..  အခုဒီမှာ ကျောင်းပိတ်ရက်ပေးနေပြီး နောက်တစ်လကျရင် ကျောင်းအိပ်ကျောင်းစားသွားနေလိုက်ရင် အဆင်ပြေတာပေါ့...

တွန်ရောဘတ်တိုက သူဖတ်လက်စ သတင်းစာကို ပစ်ချလိုက်ပြီး ပြောလိုက်သည်။
►မင်းသဘောပဲ..  မင်းလုပ်ချင်ရာလုပ်..  ငါ့သဘောလုပ်နေလို့လည်း မင်းက လိုက်လျောမှာ မဟုတ်တာ..
  နောက်ပြီးတော့..အေးလေ..ကလေးမှာ အပြစ်မရှိပါဘူး..  ဒီအိမ်ကို သူ့အဖေက အပုပ်ချသွားတုန်းက ဒီကောင်မလေး ဆယ်နှစ်အရွယ်လောက်ပဲရှိမယ်...
တွန်ရောဘတ်တိုက ပြောပြောဆိုဆို စာကြည့်ခန်းထဲသို့ ၀င်သွားသည်။ လုံးချင်းစာအုပ်ပြီးရန် မပျက်မကွက်ထိုင်မှဖြစ်မည်။

သို့ဖြင့် ဒီဇင်ဘာလ အေးအေးချမ်းချမ်းနေ့တစ်နေ့၏ မြူဆိုင်းနေသည့် ညနေခင်းတစ်ခုတွင် အစ္စဘယ်လာသည် အိမ်ရှေ့တံခါးမှ ရွှင်ပျစွာ လျှောက်ဝင်လာခဲ့သည်။
►ဟယ်..အန်တီဂျိမ်း မတွေ့တာကြာပြီ...
►အင်း..သမီးလည်း အပျိုကြီးဖားဖားကို ဖြစ်လို့...
ဂျိမ်းက အစ္စဘယ်လာကို ဖက်လှဲတကင်း ပွေ့ဖက်ကြိုဆိုနှုတ်ဆက်လိုက်သည်။

►သူ့အခန်းဆီ ပို့လိုက်...
သူမနောက်မှနေ၍ လက်ဆွဲသေတ္တာနှစ်လုံးဆွဲ၍ ၀င်လာသော တွန်ရောဘတ်တိုက ပြောလိုက်သည်။
►ဒါနဲ့ ကျွန်မအတွက် ဘယ်အခန်းပြင်ထားတာလဲ...
အစ္စဘယ်လာက ထက်သန်စွာ မေးလိုက်သည်။
►ဟိုအပေါ်ထပ်က အိပ်ခန်းကြီးကိုပဲ ပြင်ဆင်ထားတယ်..  အပေါ်ထပ်ကဆို အဝေးကို ရှုခင်းလှတော့...
►အို..သမီးအကြိုက်ပေါ့..  အဲဒီအခန်းက အဘွားအခန်း..  အဲဒီပြတင်းပေါက်မှာ အဘွားနဲ့ကျွန်မ ထိုင်ပြီး နေ၀င်ဆည်းဆာကို ကြည့်တတ်ခဲ့ကြတယ်..  သိပ်လှတာပဲ...
အစ္စဘယ်လာ ပြောပြောဆိုဆိုပင် အပေါ်ထပ်သို့ မြူးကြွစွာ ပြေးတက်သွားသည်။

►ကောင်မလေး သိပ်စိတ်ချမ်းသာနေတယ်...
ဂျိမ်းက လှေကားတစ်ထစ်ချိုးရောက်သွားသော အစ္စဘယ်လာနောက်ကျောကို ကြည့်၍ ပြောလိုက်သည်။
►သူ့အိမ်သူ ပြန်ရောက်နေသလိုပဲ...
တွန်ရောဘတ်တိုက အတည်လိုလို အငေါ့လိုလိုပြော၍ သေတ္တာနှစ်လုံးကိုဆွဲကာ လှေကားပေါ်တက်သွားသည်။

အစ္စဘယ်လာသည် သူ့အခန်းထဲတွင်သာ အနေများသည်။ တစ်ခါတစ်ရံတွင်သာ အောက်ထပ်သို့ ဆင်းလေ့ရှိသည်။

►သမီး..မပျင်းဘူးလား..  ဒီမှာ မင်း ဦးလေးကလည်း သူ့စာရေးတဲ့အလုပ်နဲ့..  သူ့အဒေါ်ကလည်း မင်းကို အဖော်မပြုနိုင်တဲ့ အဘွားကြီးဆိုတော့...
►အို..မပူပါနဲ့..  ကျွန်မက လူကြီးတွေနဲ့ နေရတာကို သဘောကျတာ...
အစ္စဘယ်လာ၏ စကားကြောင့် ဂျိမ်း ပီတိဖြစ်သွားသည်။
►ငါ့သမီးက စကားအပြောအဆိုလည်း လိမ္မာလိုက်တာ...

အစ္စဘယ်လာက ပထမတွင် သူမကို မျက်လုံးမှေးကြည့်လိုက်သည်။ ထို့နောက် သူမစကားကို အဓိပ္ပါယ်ပေါက်ပြီး ပြောလိုက်သည်။
►သမီးက လူကြီးတွေနဲ့ နေရတာကို ပြောတာ..  ဟို..အဒေါ်တို့နဲ့ နေရတာကို ပြောတာမဟုတ်ဘူး...
►ဒါဖြင့် ဘယ်သူနဲ့နေရတာကို ပြောတာလဲ...
ဂျိမ်းက နားမလည်စွာ မေးလိုက်သည်။
►ဘွားဘွားနဲ့လေ...
အစ္စဘယ်လာက သူမကို အပြုံးနှင့်ပြော၍ ကိတ်မုန့်တစ်လုံး၊ အအေးတစ်ခွက်နှင့် အိမ်ပေါ်သို့ တက်သွားသည်။
ဂျိမ်းက သူမကို မျက်လုံးအပြူးသားဖြင့် ကြည့်၍ မည်သည့်ကြောင့်မှန်းမသိ။ ကြက်သီးထသွားသည်။
အစ္စဘယ်လာအဘွားသည် အစ္စဘယ်လာဆယ်နှစ်အရွယ် ဤအိမ်မှ သူတို့ မပြောင်းရွှေ့ခင်ကပင် ဤအိမ်ကြီးတွင် ကွယ်လွန်ခဲ့သည် မဟုတ်ပါလား။

နောက်နှစ်ရက်အကြာတွင် တွန်ရောဘတ်တိုသည် သူ၏ ထုတ်ဝေသူနှင့် တွေ့ရန်ရှိ၍ မြို့သို့ ထွက်ခွာသွားခဲ့သည်။ အိမ်သန့်ရှင်းရေးလုပ်ပြီးနောက် အိမ်ရှေ့ခန်းသို့ ထွက်လာသောဂျိမ်းသည် တွန်ရောဘတ်တို၏ စာကြည့်တံခါးဝနားတွင် ရပ်နေသော အစ္စဘယ်လာကို တွေ့လိုက်သည်။

►ဒီအခန်းကို စာကြည့်ခန်းလုပ်ထားတာပဲလား...
►အင်း..စာကြည့်ခန်းပဲလေ..  ဘာဖြစ်လို့လဲ..  သမီး ၀င်ကြည့်ချင်လို့လား..  စာအုပ်တွေကြည့်ရင် ကြည့်..
  ဒါပေမယ့် စားပွဲပေါ်က စာအုပ်တွေတော့ ဘာမှမလုပ်နဲ့..  အဲဒီစာအုပ်တွေက မင်း ဦးလေး လက်ရှိစာရေးရာမှာ အသုံးပြုနေတဲ့ ကျမ်းကိုးတွေ...

►ဘွားဘွားလည်း သဘောကျမှာပဲ..  ဒီအခန်းကို သူလည်း စာကြည့်ခန်းလုပ်ထားခဲ့တာ..  ကျွန်မအတွက် ပုံပြင်စာအုပ်တွေ အများကြီး သူ့စင်ပေါ်က ထုတ်ထုတ်ပေးခဲ့တာ...
အစ္စဘယ်လာသည် ဂျိမ်း၏ စကားကို အရေးမထား။ သူပြောလိုသည့် စကားသာပြော၍ အခန်းထဲသို့
ဝင်သွားသည်။ ဂျိမ်းက နောက်က လိုက်သွားသည်။

တွန်ရောဘတ်တိုက သူ၏ ရေးလက်စစာမူများနှင့် ပတ်သက်လျှင် ပွဲကြမ်းတတ်သည်။ အစ္စဘယ်လာကမူ သူ၏ စာကြည့်စားပွဲကို လျစ်လျူရှု၍ နံရံတစ်လျှောက် ကပ်ထားသည့် စာအုပ်စင်ကြီးများထက်မှ စာအုပ်များကို ကြည့်နေခဲ့သည်။

►ဘွားဘွားရဲ့ စာအုပ်အချို့တောင် ရှိသေးတယ်..  ဘွားဘွားသိပ်သဘောကျမှာပဲ..
အစ္စဘယ်လာ ၀မ်းသာအားရပြော၍ အခန်းထဲမှ ပြေးထွက်သွားသည်။ လှေကားပေါ် တဒုန်းဒုန်း ပြေးတက်သွားသည်။
ဂျိမ်း၏စိတ်ထဲတွင် ထိတ်သွားသည်။ အစ္စဘယ်လာကသာ ဘွားဘွားရေ ဟု ဟစ်အော်ရင်း ပြေးတက်သွားလျှင် ဂျိမ်းသည် နောက်ပြန်လှည့်မကြည့်၊ သည့်အပြင်အချက်တစ်ခုကိုလည်း ထည့်တွက် စဉ်းစားခြင်းမပြုဘဲ ထွက်ပြေးခဲ့မည်ကား အမှန်ပင်။ ခုတော့...။

သူသည် လှေကားထစ်မှနေ၍ တိုးတိုးတိတ်တိတ်လိုက်သွားသည်။ ကောင်မလေး ဘာလုပ်နေသနည်းဟု၊ အထဲမှ အသံများကြောင့် သူမ ကြက်သေသေသွားသည်။ အထဲမှ စကားပြောသံပါလား၊ ဤအိမ်တွင် အစ္စဘယ်လာနှင့် သူမသာရှိသည့်အခန်းတွင် အစ္စဘယ်လာသည် မည်သူနှင့်စကားပြောဆိုနေပါသနည်း။

ဂျိမ်းသည် တံခါးကို ခေါက်လိုက်သည်။
►သမီး..အစ္စဘယ်လာ..ဘယ်သူနဲ့စကားပြောနေတာလဲ...
►သမီးလား..သမီးဘွားဘွားနဲ့လေ..  သမီးဒီအိမ်ကို ပြန်ရထိုက်တယ်..  သမီးပြန်ရအောင် အဘွားလုပ်ပေးမယ်လို့ ပြောနေတာလေ..  ဟုတ်တယ် မဟုတ်လား...

အစ္စဘယ်လာ၏ စကားကို နားထောင်ရင်း မျက်လုံးပြူးသထက်ပြူးသွားသော ဂျိမ်းသည် အခန်းအတွင်းဘက်သို့
အစ္စဘယ်လာက လှည့်၍ ထောက်ခံစကားတောင်းလိုက်သောအခါ အလိုလိုလိုက်ကြည့်မိလိုက်သည်။

ဂျိမ်းရော်နယ်တို..အစ္စဘယ်လာ၏ အခန်းရှေ့တွင် သတိမေ့လဲမကျသွားခင် နောက်ဆုံးမြင်လိုက်သည့်အရာကား..
သူမကို ရှုတည်တည်ကြည့်နေခဲ့သော အစ္စဘယ်လာ၏ အဘွားပင် ဖြစ်လေတော့သည်။

( ဖတ်ခဲ့ဖူးသည်များကို ရိုက်နှိပ် တင်ထားခြင်းဖြစ်သည်။ အားလုံးကို ကျေးဇူးတင်ပါသည်။ )
@yexin189

အုတ်ဂူပေါ်မှကမ္ပည်းစာတမ်း


စာရေးဆရာ ►►►သိဏ်းသန်းအောင် (မြင်းခြံ)


ကောင်းမြတ်ဇော်က သူ့ ခြေလှမ်းများကို အိမ်ပေါက်ဝရောက်သည်နှင့် ခြေစုံရပ်လိုက်၏။ သူ့ရှေ့တွင် တံခါးချပ်နှစ်ခုအား ကြီးမားသော အာမခံသော့ခလောက်ကြီးက သစ္စာရှိရှိ တာဝန်သိသိဖြင့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေဟန် ပကတိငြိမ်သက်စွာ တည်ရှိနေဆဲပင်။ ကောင်းမြတ်ဇော် အိမ်ပြန်မရောက်ခဲ့သည်မှာပင် နှစ်လတာကာလ၏ ဟိုဘက်သို့ သီသီပင် စွန်းခဲ့ချေပေါ့။

ကောင်းမြတ်ဇော်မှာ ခေတ္တတော့ ခြေစုံရပ်ရင်း တွေဝေနေမိသေးသည်။ နောက်မှ ပျံ့လွင့်နေသော သူ၏ စိတ်အ
စဉ်အား စုစည်းယူလိုက်သည်။ ပြီးတော့မှ သူ့လက်ဆွဲအိတ်ကြီး၏ ဘေးအိတ်အတွင်းမှ အိမ်တံခါးသော့အား ရှာဖွေယူလိုက်သည်။ နောက်တစ်ဖန် သော့ချောင်းအား သော့ခလောက်ကြီး၏ သော့အိမ်ပေါက် အတွင်းသို့ ထိုးထည့်ကာ လှည့်ကြည့်လိုက်၏။ သော့ခလောက်က ကလစ် ဟု မည်လာခြင်း အလျှင်းမရှိ၊ ချေးကိုက်နေခြင်းပင် ဖြစ်လိမ့်မည်။ ကောင်းမြတ်ဇော်က ဒုတိယအကြိမ် လှည့်ကြည့်လိုက်ပြန်၏။ ထိုအခါမှာ သော့ခလောက်ကြီးမှာ ဖျောက်ခနဲအသံဖြင့် ပွင့်ထွက်သွားတော့သည်။

အိမ်တံခါးရွက်များအား ဖြည်းညင်းစွာ ဖွင့်ဟလိုက်ပြီးမှ ကောင်းမြတ်ဇော်က သူ့ခန္ဓာကိုယ်အား အတွင်းသို့ ဝင်လိုက်သည်။ သူ့မျက်နှာသို့ ပါးလွှာသော အမျှင်တန်းတို့က ဝင်ရောက်ထိကပ်ခြင်းကို ခံလိုက်ရသည်။ ပင့်ကူအိမ်အမျှင်တန်းတွေပဲ၊ အချိန်ကာလ ကြာမြင့်မှုအား အခွင့်ကောင်းယူ၍ ပင့်ကူတို့က နေရာယူ အိမ်ဖွဲ့ထားခြင်းပင်ဖြစ်သည်။ အတွင်းသို့ ဝင်ရောက်ပြီးကမှ လက်ဆွဲအိတ်ကို အသာချထား၍ ပြတင်းတံခါးများကို လိုက်ဖွင့်လိုက်သည်။
ဖျော့တော့သော အလင်းရောင်တန်းက အခန်းတွင်းသို့ ထိုးဖောက်ဝင်ရောက်လာတော့သည်။

အိမ်အတွင်းရှိ ပရိဘောပပစ္စည်းတို့မှာ နေရာမပျက် နဂိုအတိုင်း ရှိနေကြသော်လည်း ၄င်းတို့၏ မျက်နှာပြင်များပေါ်
ဝယ် ဖုန်မှုန့်တွေက မိတ်ကပ်ခြယ်သထားသကဲ့သို့ ပါပဲလား။ ကောင်းမြတ်ဇော်က ကြက်မွေးဖြင့် ဖုန်မှုန့်နှင့် ပင့်ကူမျှင်တို့ကို ခါထုတ်၍ ရှင်းလင်းပစ်လိုက်ရသည်။ ထိုမှတစ်ဖန် သူတို့၏ အိပ်ခန်းလေးအတွင်းသို့ ဝင်ရောက်ရန်ကိုမူ သူ ဝန်လေးနေဟန်ရှိသည်။

ဒီအိပ်ခန်းလေးမှာ သူနှင့် ဇနီးဖြစ်သူ စုနန္ဒာတို့ အိပ်စက်ရာ ချစ်ဗိမာန်လေးရယ်လေ၊ သူက အိပ်ခန်းအား စက္ကန့်
ပိုင်းလောက်မျှ ငေးစိုက်ကြည့်ရင်း သက်မတစ်ချက်အား မသက်မသာ ချလိုက်မိရလေ၏။ နောက်ပြီးမှ ခန်းဆီးလိုက်ကာလေးအား တွန်းဖယ်ကာ အတွင်းဆီသို့ ငေးစိုက်ကြည့်နေပြန်သည်။ နှစ်ယောက်အိပ် ခုတင်နိမ့်နိမ့်လေးက ပိုင်ရှင်မဲ့စွာဖြင့် အထီးကျန် ရပ်တည်နေဆဲပါကလား။

နှစ်လွှာပေါင်းမှ တစ်ရွက်မည်လေသော စွယ်တော်ရွက်ကဲ့သို့ နှစ်ဦးပေါင်းမှ တစ်ဘဝမည်သော သူတို့၏ ချစ်ရိပ်
မြုံ ချစ်ဗိမာန်ဘုံလေးထဲမှ ကောင်းမြတ်ဇော်ကို အထီးကျန်ဆန်စွာ ထားရစ်ခဲ့လေသော ချစ်ဇနီးစုနန္ဒာအား ယနေ့
တိုင် တမ်းတ၍ လွမ်းနေရဆဲပါ။ ကောင်းမြတ်ဇော်က မတ်တတ်ရပ်နေရာမှ အိပ်ခန်းလေးအတွင်းသို့ ဝင်၍
ခုတင်နိမ့်နိမ့်လေးပေါ်သို့ ဖြည်းညင်းစွာ ဝင်ထိုင်လိုက်သည်။ အိပ်ခန်းလေးအတွင်း၌ စုနန္ဒာ၏ အငွေ့အသက်တို့က ပျောက်ပျက်မသွားဘဲ ရှိနေဆဲပါလား။

မည်သည့်နေရာကိုပဲကြည့်ကြည့် စုနန္ဒာနှင့် ပတ်သက်သော အရာတွေချည်း၊ တစ်ချိန်က စုနန္ဒာ၏ ခြေရာလက်ရာ
တွေက အတိတ်အား အရိပ်ပမာ ရှိနေဆဲပင်၊ အရာရာ၌ စုနန္ဒာ၏ အရိပ်အငွေ့များနှင့် မကင်းခဲ့သော်ငြား ခုများတော့ ပိုင်ရှင်မဲ့အခြေအနေသို့ ရောက်ခဲ့သည်မှာ မကြာသေး၊ ဟိုးလွန်ခဲ့သည့် နှစ်လကျော်ကျော် သုံးလအတွင်း ရက်ပိုင်းတွေမှာပင် ဆိုပါစို့၊ တကယ်တော့ သူ့အသက်မကချစ်ခဲ့ရသော စုနန္ဒာတစ်ယောက် လူ့လောကကြီးထဲမှ စွန့်ခွာသွားခဲ့ချေပြီတည်း။

ချစ်ရသော စုနန္ဒာ ရုတ်တရက် လောကကြီးမှ ထွက်ခွာသွားလေသောအခါ ရင်နင့်အောင်ချစ်သည့် ကောင်းမြတ်
ဇော်အဖို့ အလွမ်းနာကို မဖြေသိမ့်နိုင်အောင် ဖြစ်ခဲ့ရသည်လေ။ ဝေဒနာအား အချိန်ပိုင်းက ကုစားပေးနိုင်သည်ဟု
ဆိုကြသည့်အတိုင်း ထိုအချိန်ပိုင်းအား မေ့မေ့ပျောက်ပျောက် ဖြစ်ရန်အတွက် လေလွင့်ခြင်း ခရီးထွက်ခဲ့ခြင်းပင်
ဖြစ်ပါ၏။ သို့စဉ်တိုင် ကောင်းမြတ်ဇော်မှာ စုနန္ဒာကို မှန်းဆ၍ တမ်းတနေဆဲ။ နွမ်းလျ၍ လွမ်းနေရဆဲပင်။ သူ့ဘဝထဲမှ ပြေးထွက်သွားခဲ့သော စုနန္ဒာ၏ နောက်ဆုံးနေ့ရက်များအား သူ့စိတ်ထဲတွင် ပြန်ပြောင်းမြင်လာရပြန်သည်။
ထိုနေ့က မိုးသည်းထန်စွာ ရွာခဲ့သည်ကို အမှတ်ရလာသည်။

သူတို့နှစ်ဦး တက္ကသိုလ်မှာ တွေ့ဆုံခဲ့ကြသည်။ ပထမနှစ်ပိုင်းတွင် အပေါင်းအသင်း သူငယ်ချင်းပဲပေါ့။ ဒုတိယနှစ်
ရောက်တော့ သံယောဇဉ်ကြိုးများဖြင့် ဖွဲ့သီထားသော ချစ်သူတို့ဘဝသို့ ရောက်ခဲ့ရသည်ဟုပင် ဆိုရပေမည်။
သူတို့ဘဝ အစစ အဆင်ပြေခဲ့ကြသည်ဟု ဆိုရချိမ့်မည်၊ နှစ်ဖက်မိဘများကလည်း တူညီသဘောထား ရှိထား
သည်မို့ ကျောင်းပညာ ပြီးဆုံးအောင် သင်ကြားတတ်မြောက်သည်နှင့် လက်ထပ်ထိမ်းမြားခဲ့သည်။
ကောင်းမြတ်ဇော်အတွက် ပိုအဆင်ပြေခဲ့သည်က ဘွဲ့ရသည်နှင့် ကုမ္ပဏီတစ်ခုတွင် အလုပ်ဝင်လုပ်နိုင်ခဲ့သည်။
လုပ်ငန်းတာဝန်အရ ပြည်နယ်၏ နယ်စပ်မြို့လေးတစ်မြို့မှာပင်ဖြစ်သည်။
ထို့ကြောင့် မိဘများနှင့်အတူ ကောင်းစွာမနေလိုက်ကြရ။ အိုးသစ်အိမ်သစ်နှင့် ဘဝသစ်အား တူနှစ်ကိုယ်
ထူထောင်နိုင်ခဲ့ကြသည်ဟုပင် ဆိုကြပါစို့။

ကြင်စဦး ဇနီးမောင်နှံများတွင် လွတ်လပ်မှုဆိုသည်မှာ မည်သည့်အရာနှင့်မျှ မလဲနိုင်သောအရာပင် မဟုတ်ပါလား။
ဇနီးမောင်နှံနှစ်ဦးတည်း နေခဲ့ကြသည့် သျှောင်နောက်ဆံထုံးပါ ဆိုဘိသကဲ့သို့ စုနန္ဒာမှာ မည်သည့်အလုပ်မျှ ဝင်မလုပ်ဘဲ ခင်ပွန်းသည် တာဝန်ကျရာသို့ လိုက်ခဲ့ရသည်မှာ စိတ်ချမ်းသာသည်ဟု ဆိုရပေမည်။ သို့သော်ငြားလည်း လူ့လောကတွင် အရာရာတိုင်း အချိန်တိုင်း၌ ချောမွေ့ ပြေပြစ်ခဲ့ရသည်ချည်းကား မဟုတ်ပါလေခဲ့။

ကုမ္ပဏီဆိုတော့ အချိန်ပြည့်လည်း လုပ်ငန်းခွင်ဝင်ရသည်။ တစ်ခါတစ်ရံ အိုတီ ဆင်းရသေးသည်။ အချိန်ပိုကြေးငွေရရှိသဖြင့် မတောင့်တ မကြောင့်မကြ နေခဲ့ရသည်ကတော့ မှန်ပါ၏။ သို့ပေမင့် လင်နှင့်မယား ထိတွေ့ချိန်က
နည်းပါးဘိခြင်း၊ ကြားလေသွေးရင် ဝေးသည်ဟုပင် ထင်ရသည့် အချိန်အခါမျိုးမို့ စုနန္ဒာမှာ ခင်ပွန်းသည်၏ လုပ်
ငန်းအပေါ် ငြိုငြင်စပြုလာသည်။ တကယ်တမ်းဆိုလျှင် သူတို့၏ အိမ်ထောင်ဘဝသက်တမ်းမှာ တစ်နှစ်ပင်
မရှိတတ်သေး။

တစ်နေ့တွင် ကောင်းမြတ်ဇော် အလုပ်ခွင်မှ အချိန်စော၍ ပြန်လာခဲ့သည်။ ယခင်ရက်များ၌ သူ့အလုပ်မှ အပြန်
စုနန္ဒာက အပြုံးလေးဖြင့် ကြိုဆိုနေတတ်သည်သာ။ ထိုနေ့က မှတ်မှတ်ရရ စုနန္ဒာတစ်ယောက် အိမ်မှာ မတွေ့ရဘဲ ပျောက်နေသည်။ ကောင်းမြတ်ဇော်မှာ အချိန်စောပြန်လာပါမှ ဆီးကြိုမည့်သူ မတွေ့ရဘဲ ဖြစ်ခဲ့ရတော့သည်။
ခါတိုင်း အချိန်ကုန်မှ အိမ်ပြန်လာတတ်သည်မို့ တစ်ယောက်တည်း ကျန်ရစ်ခဲ့သော စုနန္ဒာမှာ ပျင်းရိဖွယ် ဖြစ်ကောင်းဖြစ်နေပါလိမ့်မည်။

အနီးအနားမှ အသိမိတ်ဆွေ အိမ်တစ်အိမ်သို့ အပြင်းပြေ သွားရောက်နေဟန်တူသည်။ မိန်းမဆိုသည့် အမျိုးအစားကလည်း စကားပြောဖော် ရှိပါမှ နို့မဟုတ်လျှင် မနေတတ်မထိုင်တတ် ဖြစ်နေမည်မှာမလွဲ။
ကောင်းမြတ်ဇော်က ထိုအတွေးဖြင့်ပင် သူ့တွင် အပိုရှိနေသော သော့ဖြင့် အိမ်တံခါးကို ဖွင့်၍ အိမ်အတွင်းသို့ ဝင်
လာခဲ့ရတော့သည်။ မကြာမတင်မှာပင် မမျှော်လင့်ဘဲ မိုးက သည်းထန်စွာ ရွာချလိုက်ပါလေတော့သည်။

အငြိုးကြီးသည့်မိုးက တော်တော်နှင့်မတိတ်။ စုနန္ဒာအနေနှင့်လည်း မိုးရွာထဲ ပြန်လာနိုင်မည် မဟုတ်ပါချေ။
ကောင်းမြတ်ဇော်က အိပ်ခန်းတွင်းသို့ဝင်၍ အဝတ်အစားများအား လဲဝတ်နေလိုက်သည်။ ထိုအချိန်မှာပင်
စုနန္ဒာ အိမ်ပြန်ရောက်လာသည်။ သူမတွင် မိုးရေကို ကာကွယ်ရန် အကာအရံတစ်ခုတစ်လေမျှ လွှမ်းခြုံထားခြင်းမရှိ။ မိုးရွာထဲတွင် ပကတိရေများ စိုရွှဲစွာဖြင့် ပြန်ရောက်လာခဲ့ခြင်းသာတည်း။ ခင်ပွန်းဖြစ်သူ အိမ်ပြန်ရောက်နေသည်ကို တွေ့ရတော့ စုနန္ဒာ အံ့သြသွားရသည်။

►မိုးရွာကြီးထဲ ဘာဖြစ်လို့ မိုးရေအစိုရွှဲခံပြီး ပြန်လာခဲ့ရတာလဲ စုနန္ဒာရယ်..
  အအေးမိပြီး ဖျားနာနေမှဖြင့်..မိုးတိတ်မှ ပြန်လာလဲ ရတာပဲဥစ္စာ...
ဇနီးစုနန္ဒာက သူမ၏ ခန္ဓာကိုယ်ပေါ်မှ မိုးရေစက်များအား ခါထုတ်ခိုက်မှာပင် ကောင်းမြတ်ဇော်က စိုးရိမ်တကြီးနှင့် ပြောလိုက်၏။ သူ့လေသံတွင် ကြင်နာစိုးရိမ်မှုတွေ ပါနေသည်။

►အိုး..မိုးက ဘယ်အချိန် တိတ်မှန်းမှ မသိတာ..  နောက်ပြီး မောင်အလုပ်က ပြန်လာလို့ နန္ဒာကို မတွေ့ရင် စိုးရိမ်နေမှာ စိုးလို့ပေါ့...
►သြော်..နန္ဒာရယ်.. ဖြစ်မှဖြစ်ရလေ..  မောင်က နေထိုင်မကောင်း ဖြစ်မှာစိုးလို့...

ကောင်းမြတ်ဇော်၏ အဖြေက သည်မျှသာ ဖြစ်ပါလေ၏။ သူတို့မှာ နှစ်ဦးသား နေကြသည်ဆိုတော့ တစ်ဦးတစ်ယောက် နေထိုင်မကောင်းဖြစ်လျှင် မခက်ပါလား။ ကောင်းမြတ်ဇော်က အိပ်ခန်းတွင်းသို့ဝင်၍ တဘက်ပွပွကြီး
တစ်ထည်အား အမြန်ယူ၍ ပြန်ထွက်လာသည်။ တဘက်အား ချက်ချင်း စုနန္ဒာအားမပေးသေးဘဲ သူမအား
ကြည့်နေလိုက်သည်။ တစ်ကိုယ်လုံး မိုးရေများ စိုရွှဲနေသော စုနန္ဒာ၏ ခန္ဓာကိုယ်တွင် အဝတ်အစားများက ကပ်ကပ်ရပ်ရပ်နှင့် တစ်မျိုးကြည့်ကောင်းနေချေသည်လေ။
စုနန္ဒာ၏ ခန္ဓာကိုယ်ရုပ်လုံးမှာ ပကတိ ဖော်ထုတ်ပြသနေသလိုမို့ ကောင်းမြတ်ဇော်အမြင်ဝယ် ကြည့်၍ပင် ကောင်းနေချေသေးတော့သည်။ ပန်းပုဆရာကျော်တစ်ဦး၏ ထုလုပ်ထားသော လက်ရာပြောင်မြောက်သည့် အလှနတ်မိမယ်တစ်ဦးနှယ်ပါလား။

►ကဲ..တဘက်ကို ယူလာပြီး ဘာပြုလို့ မပေးသေးဘဲ နန္ဒာ့ကို စူးစူးစိုက်စိုက် ကြည့်နေတာလဲလို့..  ပေးပါ..ဒီက ချမ်းတောင်လာပြီ...
စုနန္ဒာက ခင်ပွန်းဖြစ်သူ ယူလာသော တဘက်ကို တောင်းလိုက်၏။ စုနန္ဒာ၏ ငါးရံကိုယ်လုံးလေးအားကြည့်၍
ပင့်သက်မိနေဟန်တူသည်။ အိမ်ထောင်ရှင်တစ်ဦး၏ ယိုယွင်းနေသော အနေအထားမျိုးမဟုတ်။
ပကတိ နုပျိုသစ်လွင်နေဆဲပင် မဟုတ်ပါလား။

►တော်..ရော့လေ..တဘက်။ ရေချိုးခန်းမှာ ရေထပ်ချိုးပြီးမှ အဝတ်အစားလဲလိုက်လေ။ 
  နန္ဒာသောက်ဖို့ ကော်ဖီမစ် မောင် အဆင်သင့် လုပ်ထားလိုက်မယ်...
မိမိဇနီးသည်၏ အလှဝယ် နစ်မျောနေရာမှ သတိပြန်ဝင်လာဟန်ဖြင့် ကောင်းမြတ်ဇော်က တဘက်ကိုပေးလိုက်သည်။ စုနန္ဒာက ပြုံးစစမျက်နှာထားဖြင့် ခင်ပွန်းဖြစ်သူအား ကြည့်ရင်း ခေါင်းလေးကို မသိမသာ ညိတ်ပြလိုက်ပါလေ၏။ ကောင်းမြတ်ဇော် ရေနွေးတည်နေချိန်တွင် စုနန္ဒာ၏ ရေချိုးနေသံကို ကြားလိုက်ရသည်။

နောက်တစ်နေ့မှာပင် စုနန္ဒာ မိုးမိရာမှ အအေးပတ်၍ ဖျားလေတော့သည်။ ကောင်းမြတ်ဇော်က အိမ်သုံးဆေးသေတ္တာမှ အဖျားပြတ်ဆေးများတိုက်၍ ပြုစုသည်။
►မောင်..အလုပ်သွားလို့ ဖြစ်ပါ့မလားနန္ဒာ..  မဖြစ်ရင် ကုမဏီကို အကြိုးအကြောင်း ပြောပြီး ပြန်လာခဲ့မယ်လေ.. တော်ကြာ နန္ဒာတစ်ယောက်တည်းမို့ အားငယ်နေမှာစိုးတယ်...
►နန္ဒာနေရထိုင်ရတာ ဒီလောက် မဆိုးပါဘူး..မောင်ရယ်..  ဆေးသောက်ထားတာပဲ အတော်ကြာ သက်သာသွားမှာပါ..  ကုမဏီလုပ်ငန်းဆိုတော့ မောင်ခွင့်ယူတာကို သူတို့က ကြိုက်ချင်မှကြိုက်မှာ...

စုနန္ဒာစကားကြောင့် ကောင်းမြတ်ဇော်၏ စိုးရိမ်စိတ်များ ကျဆင်းလျော့ကျသွားရတော့သည်။ ကုမ္ပဏီရောက်၍
လုပ်ငန်းဝင်သည့်တိုင် သူ့စိတ်မှာ ဇနီးစုနန္ဒာဆီသို့သာ ရောက်နေသည်။ အလုပ်လုပ်ရသည်မှာပင် အမှားမှား
အယွင်းယွင်းတွေနှင့် ကြုံရသည်။ ထိုစဉ် ကုမ္ပဏီမန်နေဂျာမှ သူ့အားခေါ်၍ အရေးပေါ်လုပ်ဆောင်ရမည့် တာဝန်
တစ်ခုကို ပေးအပ်ခြင်း ခံလိုက်ရပြန်သည်။ ကုမ္ပဏီ၏ ဆောက်လုပ်ဆဲလုပ်ငန်းအတွက် လိုအပ်သော ပစ္စည်းများအား သူကိုယ်တိုင် ဦးစီး၍ သွားယူရန်ပင်ဖြစ်သည်။

ထိုတာဝန်ပေးမှုကြောင့် ကောင်းမြတ်ဇော် ဦးနှောက်ခြောက်သွားရတော့သည်။ နေအိမ်မှာပင် လူမမာဇနီးတစ်
ယောက်ထဲပင် မဟုတ်ပါလား။ ကုမ္ပဏီ၏ တာဝန်ပေးမှုကလည်း ရှောင်လွဲ၍ မရစကောင်း။ နောက်ဆုံး ကြံရာမရ
ဖြစ်နေရာမှ သူ့လက်အောက် အလုပ်သမားတစ်ယောက်၏ ဇနီးအား အကူအညီတောင်း၍ စုနန္ဒာအား ပြုစုစောင့်ရှောက်ရန် တာဝန်ပေးခဲ့ရတော့သည်။

သူ့ဘဝဝယ် အရာခပ်သိမ်း အဆင်ပြေချောမွေ့ခဲ့သည်သာ။ ဒီတစ်ကြိမ်တော့ မဟုတ်ပါလေတော့။ ပစ္စည်းသွားယူ
ရာတွင် အဆင်မပြေသဖြင့် ထိုမြို့မှာ နှစ်ညအိပ်ခဲ့ရသည်။ ကုမ္ပဏီရောက်တော့လည်း ပစ္စည်းများအား စာရင်းနှင့်
သေချာစွာ ပေးအပ်ပြီးမှ ထွက်ခွာခွင့်ရခဲ့သည်။ သူ့ကုမ္ပဏီပြန်ရောက်စဉ် သူ့အား တစေ့တစောင်း ကြည့်နေခြင်းကို ခံခဲ့ရသည်။ သူတို့အကြည့်က တစ်မျိုးတော့ ထူးခြားမှု ရှိနေသလိုပင်။

ကောင်းမြတ်ဇော် အိမ်သို့ အပြေးအလွှား ပြန်ရောက်လာခဲ့သည်။ အိမ်တွင် ကုမ္ပဏီမှ လူတစ်ချို့ကိုလလည်း
တွေ့လိုက်ရပါလေ၏။ သူခရီးထွက်စဉ် စုနန္ဒာအား လာရောက် စောင့်ရှောက်နေကြသူတွေပဲထင့်။
သူမရှိစဉ် လာရောက် စောင့်ရှောက်ကြသဖြင့် စိတ်ထဲမှ ကျေးဇူးပင် တင်လိုက်မိသည်။ သို့ပေမင့် အထင်နှင့်
အမြင် လွဲမှားခဲ့ပါပြီ။ ကောင်းမြတ်ဇော် အလာကောင်းသော်လည်း အခါနှောင်းသွားခဲ့ချေပြီတကား။ စုနန္ဒာ သူ့ကို
ပင် မစောင့်တော့။ အအေးမိဖျားနာရာမှ နမိုးနီးယားဝင်ကာ လူ့လောကနှင့်အတူ သူ့ကိုပါ အပြီးအပိုင်စွန့်ခွာသွားခဲ့ပြီတဲ့လေ။ တည်ဆောက်ပြီးစ သူတို့၏ အိမ်ထောင်သက်ကလေး တစ်နှစ်ပြည့်လုဆဲဆဲမှာပင် ပြိုကွဲပျက်စီးသွားရပါချေပြီကော။

ကောင်းမြတ်ဇော်မှာ အရူးကြီးပမာ ကျန်ရစ်ခဲ့ရတော့သည်။ ကုမ္ပဏီ လူကြီးများက စုနန္ဒာ၏ အခြေအနေ မကောင်း
၍ ဖုန်းဆက်အကြောင်းကြားခဲ့သော်လည်း နယ်စပ်မြို့ငယ်ကလေး ဖြစ်နေသဖြင့် ဖုန်းကွန်တက်မရဘဲ ဖြစ်ခဲ့ရ
သည်ဟု စိတ်မကောင်းစွာ ပြန်ပြောကြသည်။ ဆရာဝန်ပင့်၍ ကုသခဲ့ကြသော်လည်း အခြေအနေမှာ လွန်နေပြီ
ဖြစ်၍ အားလုံးမှာ စိတ်မချမ်းမသာ ဖြစ်ရုံမှတပါး အခြားဘာမှ မတတ်နိုင်တော့ဘဲ လက်မှိုင်ချကာ စိတ်မကောင်းဖြစ်ခဲ့ကြရသည်ဟု ဆိုသည်။
နောက်ဆုံးတွင် ချစ်သူသက်ထား ဇနီးမယားလေး စုနန္ဒာအား နယ်စပ်မြို့လေး၏ သုသာန်တစပြင်ဝယ် ရင်နင့်ဖွယ် အုတ်ဂူသွင်း၍ သဂြိုလ်ခြင်းအမှုကို ပြုလုပ်ခဲ့ရတော့သည်။

တစ်ခုတော့ ထူးဆန်းဘိသို့ ရှိနေသည်မှာ ဒီမြို့လေး၏ ဓလေ့စရိုက်ပင် ဖြစ်ပါလေ၏။ တစ်ကျောင်း တစ်ဂါထာ
တစ်ရွာတစ်ပုဒ်ဆန်းဆိုသလို ထိုမြို့လေးမှာ ထူးခြားမှုတစ်ခု ရှိနေသည်ကို တွေ့ရသည်။ ထိုဒေသတွင် သေဆုံး
သူများအား အုတ်ဂူသွင်း၍ သဂြိုလ်ခြင်းပြုကြရာတွင် ထိုပုဂ္ဂိုလ် သက်ရှိထင်ရှား ရှိခဲ့စဉ်က ကောင်းမှုအ၀၀ဖြစ်စေ၊ ကျန်ရစ်သူ၏ သေဆုံးသူအကျိုးခံစားချက် မှာကြားလိုချက်များအား အုတ်ဂူတွင် ကမည်းထိုး စာလုံးထွင်း၍ မှတ်တမ်းတင်ကြရသည်တဲ့လေ။
ကောင်းမြတ်ဇော်အနေဖြင့် ရောမရောက်၍ ရောမလိုပင် ကျင့်ကြံရတော့သည်။ သူ့အနေဖြင့် တစ်စုံတစ်ရာ ရေးသားဖော်ပြခြင်း မပြုလိုတော့ဘဲ သူ၏ ခံစားချက်ကိုသာ စုနန္ဒာ၏ အုတ်ဂူတွင် စာလုံးထွင်းကမည်းထိုးထားလိုက်တော့သည်။
စုနန္ဒာ၏ အုတ်ဂူတွင် ထင်ထင်ရှားရှားကမည်းထိုး ရေးထားသည်မှာ-

(မေတ္တာပြိုင်ဆဲ သစ္စာခိုင်မြဲ ရွှေလက်တွဲစဉ်
 ပေါင်းခွင့်မကြုံ ဤ လူ့ဘုံမှ
 ရေစက်ကုန်၍ စွန့်ခွာပြေးထွက်
 သွားရစ်လေသူ မောင့်ချစ်သူအား
 တို့များတစ်သက် မမေ့ရက်တည
့်) ဟူ၍ ပင်။

ယခင်က အရက်မသောက်တတ်သည့် ကောင်းမြတ်ဇော် ယခုတော့ အရက်သောက်နေခဲ့ပြီလေ။ ချစ်ဇနီး
စုနန္ဒာ သေဆုံးသွားပြီးနောက် စိတ်ပြေလက်ပျောက် အရက်သောက်ဖြစ်ခဲ့ခြင်းပင် ဖြစ်သည်။ စုနန္ဒာအား သတိရတမ်းတ လွမ်းဆွတ်နေခြင်းတို့မှ စိတ်၏ ဖြေရာ အဖြေရှာသည့်အနေဖြင့် အရက်ကို အဖော်လုပ်ခဲ့သည်ဟူသော အကြောင်းပြချက်ပင် ဖြစ်သည်။

တစ်ညနေ အရက်ဘားမှအပြန် အိမ်ခန်းဆီမဝင်တော့။ အိမ်ရောက်လျှင် သူ၏ အထီးကျန်ဘ၀က ဇနီးဖြစ်သူအား
ပို၍ပို၍ အောက်မေ့တမ်းတနေမည်သာဖြစ်သည် မဟုတ်ပါလား။ ကောင်းမြတ်ဇော် ဇနီးသည်သေဆုံး၍ နှစ်လ
ပြည့်သောနေ့မို့ ပို၍ အရက်ကို သောက်ဖြစ်လာခဲ့သည်။ အရက်၏ ရီဝေေ၀အရှိန်လေးက စုနန္ဒာ၏ အုတ်ဂူရှိရာ သုသာန်တစပြင်သို့ ခပ်ထွေထွေဖြင့် ရောက်လာခဲ့ရတော့သည်။ သုသာန်သချိုင်းဆိုသည်က လူသူအရောက်အ
ပေါက်နည်းပါးသော အရပ်ပင်။ သူတစ်ယောက်သာလျှင် စိတ်ရူးပေါက်၍ ရောက်လာခဲ့ခြင်းမျှသာ။

စုနန္ဒာ၏ အုတ်ဂူထက်တွင် သစ်ရွက်ကြွေတို့က ပြည့်မောက်နေသည်။ နှစ်လတာကာလအတွင်း ပြောင်းလဲခြင်းမရှိသော အမိုးအကာမဲ့သော အုတ်ဂူတိုင်းမှာ သစ်ရွက်အမှိုက်သရိုက်တွေနှင့်သာ ဖြစ်သည်။ ကောင်းမြတ်ဇော်က ကြောက်ရွံ့မှုကင်းသော မျက်လုံးများဖြင့် အခြားအုတ်ဂူများရှိရာ ဘေးဘီသို့ ရီဝေစွာ ဝေ့ကစားကြည့်လိုက်၏။
အုတ်ဂူတစ်ခု၏ ဘေးနား သစ်ပင်တွင် တံမြက်စည်းတစ်ချောင်း ထောင်ထားသည်ကို တွေ့လိုက်ရသည်။
ထိုတံမြက်စည်းကိုယူ၍ ဇနီးဖြစ်သူ၏ အုတ်ဂူပေါ်မှ သစ်ရွက်အမှိုက်များအား ဖယ်ရှင်းထုတ်လိုက်သည်။
ဇနီး၏အုတ်ဂူအား ဖယ်ရှင်းသုတ်သင်ပြီးသောအခါ နေမင်း၏ နီဖျော့ဖျော့ အလင်းရောင်မှာ ပြိုကျလုဆဲဆဲ အချိန်သို့ပင် ရောက်နေပေပြီ။ ယမကာ၏ အရှိန်နှင့် သန့်ရှင်းရေးလုပ်လိုက်သည့် လှုပ်ရှားမှုတို့ကြောင့် အနည်းငယ်ပင်ပန်းနွမ်းနယ်သလို ဖြစ်သွားသည်။

ကောင်းမြတ်ဇော် အမောဖြေရန်အလို့ဌာ အနီးနားရှိ သုသာန်ဇရပ်ပေါ်သို့တက်၍ သူ၏ ခန္ဓာကိုယ်ကြီးအား ပစ်လှဲချလိုက်တော့သည်။ မူးယစ်သည့်အရှိန်က သူ့အား မှေးကနဲ အိပ်ပျော်သွားစေတော့သည်။
အိပ်မက်ထဲတွင် တစ်စုံတစ်ယောက်က ပုတ်နှိုးလိုက်သလို ခံစားလိုက်ရသဖြင့် မှိတ်ထားသော မျက်လုံးများအား
လေးကန်စွာကဖြင့် ဖွင့်ကြည့်လိုက်ရလေ၏။ ထိုအခိုက်အတန့်မှာပင် ဖြစ်သည်။ သုသာန်တစပြင်တစ်ခုလုံး လှုပ်လှုပ်ရွရွ ဖြစ်သွားတော့သည်။

ကောင်းမြတ်ဇော် ထိတ်ထိတ်ပျာပျာဖြင့် ထထိုင်လိုက်၏။ သုသာန်အတွင်းရှိ အုတ်ဂူတိုင်းမှ အရိုးစုများက အပြင်
ဘက်သို့ ထိုးဖောက်ထွက်လာကြသည်ကို မြင်တွေ့လိုက်ရသည်။ အရိုးစုများက သေဆုံးစဉ်က မိမိတို့ အုတ်ဂူတွင်
ရေးထိုးထားကြသော ချီးကျူးထောပနာပြုထားသည့် စာတန်းများအားကြည့်၍ ပြုတ်ကျမသွားသေးသော သွားများပေါ်အောင် တဟားဟား ရယ်မောနေကြသည်မှာ ကျောချမ်းစရာပင်။

အရိုးစုများ၏ ရယ်သံတွေက သူ့အား ခြောက်လှန့်နေဘိသို့ ခံစားလိုက်ရသဖြင့် အမူးတွေအားလုံး ပျက်ပြယ်ကုန်
ပေပြီ။ ကောင်းမြတ်ဇော် လှဲနေရာမှ ထရပ်လိုက်၏။ သူမှင်တက်မိသလို ဖြစ်နေစဉ်မှာပင် အရိုးစုများက အနီးရှိ
အုတ်ကြိုးအုတ်ပဲ့ကျောက်ခဲများဖြင့် ရေးထိုးထားသော ကမ္ပည်းစာတမ်းများကို ဖျက်ဆီးပစ်လိုက်ကြသည်။
ထူးဆန်းအံ့သြဖွယ်ကောင်းလေစွ။

နောက်တစ်ဖန် ပျက်စီးသွားသော စာတမ်းများနေရာတွင် အသစ်တစ်ဖန် ကမ္ပည်းစာတမ်းများ ရေးထိုးလိုက်ကြ
ပြန်သည်။ ထိုအချိန်မှာပင် ကောင်းမြတ်ဇော် တစ်စုံတစ်ခုအား ဖျက်ကနဲ သတိရလိုက်လေတော့သည်။
ထိုအရာကား သူ့ဇနီးစုနန္ဒာ၏ အတိတ်က ဖြစ်ရပ်အမှန်များအား သိချင်လာခြင်းပင် ဖြစ်ပါလေ၏။ သူ့ဇနီး စုနန္ဒာ
သည်ပင်လျှင် သူတို့နည်းတူ သက်ရှိဘဝက သူမ၏ လုပ်ရပ်များအား ဖော်ထုတ်ရေးသားလေပြီလား။
ထိုအဖြေအား ကောင်းမြတ်ဇော် သိချင်စိတ်တွေ တရိပ်ရိပ်ပေါ်လာသည်။ ထို့ကြောင့်ပင် ဇနီး စုနန္ဒာ၏ အုတ်ဂူရှိ
ရာသို့ မပြေးရုံတမယ် သွားကြည့်လိုက်တော့သည်။ စုနန္ဒာ၏ အုတ်ဂူကိုလည်း အရိုးစုတစ်ခုက တဟားဟားရယ်မော၍ ဖျက်ဆီးနေပါပကောလား။

အရိုးစုမှာ စုနန္ဒာ၏ အရိုးစုဖြစ်မှန်း သူ ကောင်းကောင်းသိလိုက်သည်။
အဘယ့်ကြောင့်ဆိုလျှင် စုနန္ဒာ သေဆုံးစဉ်က သူမ၏ အလောင်းတွင် သူမအမြတ်တနိုးရှိလှသော လည်စီးနီနီလေးအား ကောင်းမြတ်ဇော် ကိုယ်တိုင် ရစ်ပတ်ပေးလိုက်ခြင်းကြောင့်ပင်ဖြစ်သည်။

ယခုတော့ ထိုအရိုးစု၏ လည်တိုင်တွင် အထင်အရှား ရှိနေပါကလား။
လည်စီးနီနီလေးက လရောင်အောက်တွင် တလွင့်လွင့်နှင့် လှုပ်ရှားနေသည်။ ကောင်းမြတ်ဇော် ကိုယ်တိုင်အမှတ်
တရ ရေးထိုးထားခဲ့သော အုတ်ဂူပေါ်မှ စာတန်းမှာ ကွယ်ပျောက်နေပြီ။ စုနန္ဒာ၏ အရိုးစုက ဖျက်ဆီးထားသော သူမ၏ အုတ်ဂူပေါ်၌ အတိတ်မှ သူမ၏ ဖြစ်ရပ်အမှန်ကို ပြန်လည်ရေးသားနေတော့သည်။

သူ့နှုတ်မှလည်း တတွတ်တွတ်နှင့် ခပ်တိုးတိုး ရေရွတ်ရင်း ဖတ်လိုက်ခြင်းဖြစ်သည်။
စာတမ်း၏ ဖော်ပြချက်ကား...

(ခင်ပွန်းယောက်ျား၊ ရှိသော်ငြားလည်း
 ဖောက်ပြားစိတ်ဝင်၊ မဆင်ခြင်ဘဲ
 လင်ငယ်နှင့်တွေ့ ကြည်ပျော်မွေ့စဉ်
 အဖျားဝင်၍ သေခဲ့ရသည်
)......။

စာဖတ်သူများ ကျန်းမာ၊ ချမ်းသာကြပါစေ။
@yexin189