စာရေးသူ ►►►လင်းထက်မောင်
The Ghostly Hitchhiker by Maria Leach
အချိန်က ညနေ (၇) နာရီ ခွဲပြီးစ။
နေရာဒေသမှာ အလီနွိုက်၏ မြို့နှစ်မြို့ကြား လမ်းမကြီးတွင်ဖြစ်၏။ ဟိုင်းဝေးလမ်းမကြီးတွင် လူသွားလူလာ မရှိသလောက်ဖြစ်သည်။ ကားများကလည်း တစ်စီးနှင့်တစ်စီး အတော်ကွာ၍ မောင်းနှင်နေကြ၏။
ဂျော့ဘယ်လင်သည် သူ၏ ကားကို လမ်းမကြီးအတိုင်း မှန်မှန်မောင်းနှင်၍ လာခဲ့သည်။
►ဟင်..မိန်းကလေး တစ်ယောက် လက်ပြနေပါလား...
လူသွားလူလာပြတ်၏။ လူစီးဘတ်(စ်)ကားများလည်း ပြတ်တတ်သောနေရာ ဖြစ်သောကြောင့် ကားရပ်ရန် အချက်
ပြနေသော မိန်းကလေးကို ဂျော့ က ရပ်ပေးလိုက်၏။ ဘတ်စ်ကားရပ်သည့် မှတ်တိုင်တော့ မဟုတ်ချေ။
လမ်းခရီးကြားတွင် ဒုက္ခရောက်နေရှာသော မိန်းကလေးဟု ထင်ကာ ကူညီလိုသောစိတ်နှင့် ရပ်ပေးလိုက်ရာ
မိန်းကလေးက ကားပေါ်သို့ တက်လာသည်။ တက်လာသော အမျိုးသမီးကို ယာဉ်မောင်းသူဂျော့က ကြည့်လိုက်ရာ ယာဉ်စီးခပါပုံမရ။ ဂါဝန်အဖြူရောင်ကို ဝတ်ထားသည်။
ဂျော့ကို မိန်းကလေးက-
►ကျွန်မက အချိန်တော်တော် နောက်ကျရတာ သိပ်ဝေးတဲ့ နေရာက လမ်းလျှောက်လာရလို့ပါ...
ဟု ရှင်းပြ၏။
ကြည့်ရသည်မှာ အိမ်မှ ကမန်းကတန်း ထွက်လာရသည့် အသွင်မျိုးဖြစ်၏။
အမျိုးသမီးက သူ သွားရမည့်မြို့နှင့် သူ့လမ်း၊ သူ့လိပ်စာများကို ပြောပြနေလေသည်။
သူမမှာ ဟန်ပန်အမူအရာ တစ်မျိုးဖြစ်နေ၍ မော်တော်ကားဒရိုင်ဘာက အထင်အမြင်မှားမှာ စိုးပုံရသည်။
အဘယ့်ကြောင့်ဆိုသော် ဦးထုတ်လည်း ဆောင်းမထား၊ ကုတ်အကျီလည်း ဝတ်မလာဘဲ ဂါဝန်ဖြူလေးတစ်ထည်ကိုသာ ဝတ်ဆင်ထား၏။ မျက်နှာက ဖြူရော်ရော်နှင့်။ အိမ်မှ ကတိုက်ကရိုက် ထွက်လာရသည့်ပုံမျိုး ထင်မှတ်ရသောကြောင့်ပင်။ သူ့ကို ခရီးကြုံစီးခွင့် ပြုခြင်းအတွက် ကျေးဇူးတင်၍ ပြောဆိုနေခြင်းလည်း ဖြစ်နိုင်လေသည်။
ထိုင်ခုံပေါ်တွင် အမျိုးသမီးက တိတိကျကျထိုင်မိသည်နှင့်ပင် ဂျော့က ကားကို မောင်းထွက်ခဲ့လေတော့၏။
ကားပေါ်တွင် ရှိနေသည့် ခရီးသည်အခြားအမျိုးသမီးများက ယခုမှ တက်လာသော မိန်းကလေးနှင့် စကားပြောချင်ပုံရ၍ စကားစရှာသော်လည်း ဒရိုင်ဘာကို ရှင်းပြသည့် အမျိုးသမီးက စကားပြန်၍ မပြောပေ။
တစ်ဖက်က စကားပြောသူကိုတော့ ယဉ်ကျေးစွာ၊ နူးညံ့စွာ စကားတုံ့ပြန်သည်။
သို့သော် စကားလုံးက နည်းလွန်းလှသည်။ စကားနည်းနည်းကိုသာ တတ်နိုင်သလောက် ပြောရပုံရ၏။
ဂျော့မောင်းလာသော ကားက တံတားငယ်တစ်ခုကို ဖြတ်ပြီးလျှင် အခြားမြို့တစ်မြို့သို့ရောက်တော့မည် ဖြစ်၏။
ဘတ်စ်ကားပေါ်ရှိ ခရီးသည်များသည် မိမိတို့၏ ခရီးဆောင်အိတ်များ၊ အထုပ်အပိုးများကိုပင် စတင်ပြင်ဆင်နေကြပြီဖြစ်လေသည်။ မကြာမီပင် ကားပေါ်မှ ဆင်းကြတော့မည့် အသွင်ကို ပြုနေကြ၏။
ထူးတော့ ထူးဆန်းနေသည်။ ဘတ်စ်ကားခရီးဆုံးထိ မည်သူမျှ ကားပေါ်က မဆင်းကြသေး။ နောက်ဆုံးမြို့နှစ်
မြို့ကြားလမ်းပေါ်မှ တက်၍လာသော အမျိုးသမီးလေးမှာ နောက်ဆုံးခုံတွင် ဝင်ထိုင်ရာ လူများက လှုပ်လှုပ်ရှားရှားအထုပ်အပိုးများ ယူနေစဉ်မှာပင် သူ့ကို မမြင်ရတော့။
►ဟင်...
ခရီးသည်များက သူတို့အလုပ်သူတို့ရှုပ်နေ၍ သတိမထားမိသော်လည်း ကားဒရိုင်ဘာ ဂျော့က သတိထားမိသွားသည်မှာ အမှန်ပင်ဖြစ်သည်။ သူမသည် မည်သို့သောနည်းဖြင့် ဘတ်စ်ကားပေါ်မှ ပျောက်ကွယ်သွားခဲ့သနည်း။
လူအများနှင့် ကွယ်နေ၍လားဟု ဂျော့က စဉ်းစားကာ ထပ်၍ နောက်ကြည့်မှန်ကို ကြည့်သည်။
မဖြစ်နိုင်ပေ။ နောက်ဆုံးတက်လာသော မိန်းကလေး၏ အရိပ်အယောင်ပင် မမြင်ရတော့။ ကားမစီးမီ သူ့ ပြတင်းတံခါးဘေးမှ ရပ်ကာ သူ့ကို စီးခွင့်ပြုဖို့ လိပ်စာနှင့် သွားမည့်နေရာကို ပြောသောစကားများကို နားထဲမှာ ကြားယောင်နေသည်။
ဂျော့ဘယ်လင်သည် သူ့ကိုယ်သူ ရယ်ချင်သလိုလည်း ဖြစ်မိသည်။ တံတားကိုကျော်၍ ကားရပ်ပြီးသောအခါ
ကားပေါ်က လူတစ်ဦးပြီးတစ်ဦး ဆင်းသက်သွားကြ၏။ ဘတ်စ်ကား ရှေ့တံခါးပေါက် တစ်ပေါက်ထဲမှ လူများအားလုံး တန်းစီကာ ဆင်းကြရာ ထိုမိန်းကလေးပါလာသည်ကို လုံးဝမတွေ့ရတော့ပေ။
►မဖြစ်နိုင်ဘူး.. ဒါဟာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး...
သူက ထိုလမ်းမှ တားဆီးသည့် မိန်းကလေးပြောခဲ့သော လိပ်စာကို သူ မှတ်မိသည်။ မေ့သွားမည်စိုး၍ လိပ်စာစာအုပ်ထဲမှာ သတိရတုန်း ရေးသားလိုက်သည်။
ဂျော့ဘယ်လင်တွေးမရ ဖြစ်နေသည်။ သူသည် ဘတ်စ်ကားမောင်းသည့် အတွေ့အကြုံအရ ကားပေါ်သို့ တက်လာ
သူတိုင်းကို မှတ်မှတ်သားသား ရှိခဲ့သည်ပင်။ ယခု ထိုမိန်းကလေးမှာ ဒုက္ခတစ်ခုခု ရောက်နေပြီ။
သို့မဟုတ် သူ့ မိသားစုမှာ တစ်ခုခုဖြစ်နေပြီဟု သူ ထင်သည်။
သူ အမှတ်မှားခြင်း၊ မျက်စိမှောက်ခြင်းတော့ လုံးဝမဖြစ်နိုင်။ စဉ်းစားတွေးတောပြီးနောက်။
►ဟုတ်တယ်.. ဒီမိန်းကလေးပြောခဲ့တဲ့ လိပ်စာအတိုင်း ငါလိုက်သွားပြီး စုံစမ်းကြည့်တာ အကောင်းဆုံးပဲ...
ဟု ဆုံးဖြတ်လိုက်သည်။
ဂျော့ဘယ်လင်သည် တကူးတကပင် သူ့ နားရက်ရောက်သောအခါ ထိုမိန်းကလေးပေးခဲ့သည့် လိပ်စာအတိုင်း လိုက်သွားသည်။ အိမ်ကြီးတစ်အိမ်ရှေ့သို့ သူရောက်လာကာ တံခါးပိတ်ထားသော်လည်း တံခါးဘေးမှာ လူခေါ်ခေါင်းလောင်းရှိသည်။
သူက လူခေါ်ခေါင်းလောင်းကို နှိပ်လိုက်၏။
►တီး..တောင်..
ကြေးခေါင်းလောင်းသံလေး သာယာစွာ ထွက်ပေါ်လာသည်။ အသက် ငါးဆယ်ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦး ထွက်လာသည်။
►ဘာကိစ္စရှိပါသလဲရှင်...
►ဒီလိုပါခင်ဗျာ.. ကျန်ခဲ့တဲ့ အဂါင်္နေ့က ဒီလိပ်စာကို ပြောပြီးတော့ ဂါဝန်အဖြူရောင် ဝတ်ထားတဲ့ မိန်းကလေးတစ်ယောက် ကျွန်တော့်ကားကို လမ်းကတားပြီး စီးပါတယ်.. အဲဒါ ဒီအိမ်ကို သူလာတာလို့ ပြောပါတယ်.. ဒါပေမယ့် ကားပေါ်မှာတင် ပျောက်သွားလို့ အဲဒါ ဘာဖြစ်လဲဆိုတာ သိချင်လို့ လာစုံစမ်းတာပါ...
►သြော်...
အိမ်ရှင်အမျိုးသမီးကြီးမှာ အံ့အားသင့်၍ ဂျော့ဘယ်လင်ကို-
►အိမ်ထဲဝင်ထိုင်ပါဦး..ရှင့်...
ဟု ဖိတ်ခေါ်သည်။ ဂျော့ဘယ်လင်သည် ဧည့်ခန်းမှာ ထိုင်မိတော့မှ-
►အဲဒါ ကျွန်မရဲ့သမီး ဘရက်စ်လင်ဒါ ဖြစ်မယ် ထင်ပါတယ်.. သူဆုံးတာ အဲဒီနေ့ ည (၇)နာရီခွဲကပဲလေ...
ဟု ပြောသည်။
ဂျော့ဘယ်လင်သည် သူ့ဘတ်စ်ကား တားဆီးသည့် အချိန်ကို တွက်ကြည့်လိုက်သောအခါ ဘရက်စ်လင်ဒါဆိုသော
မိန်းကလေး လမ်းမှ ကားတားစီးသည့်အချိန်နှင့် အံ့ကိုက်ဖြစ်နေသည်ကို သိရတော့၏။
ထိုအမျိုးသမီးကြီးက-
►သူ ဆုံးသွားတဲ့ အချိန်မှာ ဂါဝန်အဖြူဝတ်ထားတာပါပဲ...
ဟု ကြေကွဲသည့် အသံဖြင့် ပြောပြလေသည်။
( ဖတ်ခဲ့ဖူးသည်များကို ရိုက်နှိပ် တင်ထားခြင်းဖြစ်သည်။ အားလုံးကို ကျေးဇူးတင်ပါသည်။ )
@yexin189
No comments:
Post a Comment