Tuesday, October 13, 2015

အိန္ဒိယယောဂီကြီးနှင့် ကျိန်စာသင့်သူ၏ဖြစ်ရပ်ဆန်း


စာရေးဆရာ ►►►ကိုသက်(ဇီးကုန်း)
A Search In Secret India


မြန်မာနိုင်ငံနှင့် နယ်နမိတ်ထိစပ်လျက်ရှိနေသော အိန္ဒိယနိုင်ငံသည် လူမျိုးစုံ၊ ဘာသာစုံ၊ စလေ့စုံ ထွန်းကားသောနိုင်ငံကြီးတစ်ခုဖြစ်လေသည်။ မြန်မာပြည်ကဲ့သို့ပင် အင်္ဂလိပ်ကိုလိုနီလက်အောက်သို့ ကျရောက်ခဲ့ရပြီး တိုင်းတပါး
၏ ကျွန်စာရင်းဝင်ဖြစ်ခဲ့ရသည်။ အင်္ဂလိပ်နေမဝင်အင်ပါယာကြီး၏ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့ရသော အိန္ဒိယပြည်တွင်
လွတ်လပ်ရေးမရမီ ကာလအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေးပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ရသည်။
ထိုပြောင်းလဲမှုများအနက် ကိုလိုနီကာလအတွင်း အုပ်ချုပ်သူမျက်နှာဖြူများနှင့် ဒေသခံများ၏ ပ​ဋိ​ပက္ခ​မှာ ပိုမိုပြင်းထန်ခဲ့သည်။

အာဏာပိုင်မျက်နှာဖြူအရာရှိတို့ကလည်း ဒေသခံတိုင်းရင်းသားများအပေါ် တင်းကျပ်စွာ ဖိနှိပ်ချုပ်ချယ်ခဲ့သဖြင့် ဒေသတွင်းပြောင်းလဲမှုများ ပေါ်ပေါက်ခဲ့ရသည်။ အိန္ဒိယ-နီပေါနယ်စပ်သည် တောတောင်သဘာဝရှုခင်းများဖြင့်
သာယာလှပသော နယ်မြေတစ်ခု ဖြစ်ပေ၏။ နှင်းပွင့်၊ နှင်းခဲများက တောတောင်သစ်ပင်များပေါ် အုံ့ဆိုင်းလွှမ်းမိုးထားသဖြင့် ဂွမ်းစိုင်ခဲကြီးများပမာ ရှုမောတင့်တယ်လှပေသည်။

သဘာဝအလှတရားများဖြင့် လွှမ်းခြုံထားသော ဒေသဖြစ်သော်လည်း ယခုအခါ ဟိန္ဒူ၊ မွတ်ဆလင်ဘာသာဝင်များ
အဓိကရုဏ်းဖြစ်နေခြင်းကြောင့် ဘုရင်ခံက ဗိုလ်မှူးကြီးအက်ဒ်ဝပ်ဆိုသူအား ယင်းနယ်သို့ တာဝန်ပေး စေလွှတ်ခဲ့ရသည်။

ကာနယ်အက်ဒ်ဝပ်မှာ စိတ်သဘောထား သိမ်မွေ့နူးညံ၍ စစ်စည်းကမ်းကို ယုံကြည်လေးစား လိုက်နာသူ
ဖြစ်သည်။ ဇနီးဖြစ်သူ ဖင်နီသောမတ်စ်ဂျုံးမှာ ခင်ပွန်းသည်၏ စရိုက်နှင့်မတူဘဲ မောက်မာခက်ထန်သူ ဖြစ်၏။
သူမသည် အင်္ဂလန်ရှိ အထက်တန်းလွှာအသိုင်းအဝိုင်းတွင် ကျင်လည်ကျက်စားခဲ့ပြီး ယခု ခင်ပွန်းဖြစ်သူ တာဝန်ကျရာ အိန္ဒိယနိုင်ငံသို့ အလည်ရောက်လာခြင်းဖြစ်သည်။ အိန္ဒိယ-နီပေါနယ်စပ်တွင် ယခုအခါ လူမျိုးရေးပဋိပက္ခ
တို့ကြောင့် မာရှယ်လောထုတ်ထားရသည်။ ကာနယ်အက်ဒ်ဝပ်က ဇနီးဖြစ်သူအား နယ်စပ်ရှုခင်းများ ကြည့်ရှုရန် ပို့ပေးပြီးနောက် နေအိမ်သို့ ညနေပိုင်း ပြန်ရောက်လာကြသည်။

သူတို့မော်တော်ကား အိမ်သို့ ပြန်ရောက်ချိန်တွင် မှောင်စပျိုးနေပြီဖြစ်သည်။ ကာနယ်အက်ဒ်ဝပ်၏ လုံခြုံရေးလက်ထောက်ဖြစ်သူ ရှားဗဟာဒူးက အရိုအသေပေးပြီးနောက် ဦးစွာ-
►နယ်စပ်ကို ဖြတ်ကျော်ဝင်လာတဲ့ လူစိမ်းတစ်ဦးကို မာရှယ်လော ချိုးဖောက်မှုနဲ့ ဖမ်းဆီးထားပါတယ်..သခင်...
►ဟေ..ဟုတ်လား.. ဒါဆို လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ထားလိုက်.. တို့ အဝတ်အစားလဲပြီး လာခဲ့မယ်...
►ဟုတ်ကဲ့..ကောင်းပါပြီ သခင်...
ရှားဗဟာဒူး အရိုအသေပေးပြီးနောက် ပြန်ထွက်သွားသည်။

►ဒါလင်..အဲဒါ ဘာလူမျိုးလဲဟင်.. လူကြည့်ရတာ ညစ်ပတ်နံစော်နေလိုက်တာ.. ရွံဖို့တောင်ကောင်းတယ်...
►ဖင်နီက ခုမှရောက်တော့ ဘယ်သိပါ့မလဲ.. ကိုယ်တို့က အိန္ဒိယမှာ အနေကြာတော့ သိတယ်လေ..
  အဲဒါ အိန္ဒိယယောဂီလို့ ခေါ်တယ်.. ဘုန်းကြီးလိုပဲပေါ့.. နောက်တော့ ပိုသိလာမှာပေါ့ကွယ်...

အမှန်စင်စစ် မာရှယ်လောကို ချိုးဖောက်ဝင်လာသူ အသက်၆၀ကျော် လူစိမ်းမှာ သာမန်လူတစ်ဦးမဟုတ်ဘဲ
ယောဂီသူတော်စင်ကြီး ဖြစ်နေလေသည်။ ခေါင်းက ဆံပင်များမှာ နီကြောင်၍ ငှက်သိုက်ကဲ့သို့ ရှုပ်ထွေးနေသည်။
ကြေးနီရောင်ပိတ်ပိုင်းကလေးကို အရှက်လုံရုံလောက်သာ ပတ်ထားသည်။ လက်တွင် တောင်ဝှေးသဏာန်
တုတ်တစ်ချောင်း ကိုင်ထားပြီး ဘူးသီးခြောက်သဏာန် ခွက်တစ်ခုကို ကြိုးဖြင့် ပခုံးတွင်ချိတ်ကာ လွယ်ထားသည်။ တစ်ကိုယ်လုံး အသားအရေမှာ မည်းနက်နေသော်လည်း မျက်လုံးများမှာမူ စူးရှ တောက်ပြောင်နေပေသည်။

သူသည် စကားတစ်ခွန်းမျှမပြောသေးဘဲ လုံခြုံရေးအရာရှိ၏ စေခိုင်းသမျှ လိုက်နာပြီးနေလေသည်။ မကြာမီ
ဗိုလ်မှူးကြီးအက်ဒ်ဝပ်ရောက်လာပြီး စစ်ဆေးမေးမြန်းမှုက စတင်ခဲ့တော့သည်။ ဇနီးဖြစ်သူ ဖင်နီက အနားမှာပင်။
ဗိုလ်မှူးကြီးက ညင်သာစွာ စစ်ဆေးမေးမြန်းသည်။ ပြန်မဖြေ..။ လုံးဝမလှုပ်ရှား။ မျက်စိမှိတ်ထားသည်။

►ဒီမှာ ယောဂီကြီး..ဒီနယ်မြေဟာ လူမျိုးရေးပ​ဋိ​ပက္ခ​တွေကြောင့် မာရှယ်လောထုတ်ထားတဲ့ ဒေသဖြစ်တယ်.. ည ၆နာရီကျော်လို့ တွေ့တာနဲ့ ပစ်သတ်ခွင့်ရှိတယ်...
ဘာမျှ မလှုပ်။ မကြားသလိုပင်။
►ဖြည်းဖြည်းစဉ်းစားပါ ယောဂီ.. သင်ဟာ ဘယ်ကလာခဲ့ပြီး ဘယ်ကို ဆက်သွားမှာလဲ.. ဖြေပါ..
  မဖြေရင် ဥပဒေအရ ပစ်သတ်ရပါလိမ့်မယ်...

ယောဂီကြီးက ဘာတစ်ခွန်းမှ ပြန်မဖြေခဲ့။ လှုပ်ရှားလာသူမှာကား ဗိုလ်မှူးကြီး၏ ဇနီး ဖင်နီ။ သူမက ဆက်လက်၍ စိတ်မရှည်သည့် ပုံစံဖြင့်-
►ဒါလင်ရယ်..ဒီအရူးကြီး..သူတောင်းစားကြီးကို ဘာလို့ စိတ်ရှည်လက်ရှည် စစ်နေမှာလဲ..
  ပစ်သတ်လိုက်ရင် ပြီးတာပဲ.. ဒါလင့်ရဲ့ လုပ်ပိုင်ခွင့်...
►ဟေ့..ဖင်နီ..မင်းမသိရင် အသာနေစမ်း.. ဝင်မပြောနဲ့.. ဒါ..သူတောင်းစား မဟုတ်ဘူး...
  ထူးဆန်းတဲ့အကျင့်ရှိတဲ့ သူတော်စင်တွေ.. ဟိမဝန္တာမှာ ဒါမျိုး မင်းအများကြီးတွေ့ရမယ်...
►ဟား..ဟား..ဟား..ဒါလင်ရယ်.. ဒီလို ကျွန်လူတန်းစားတွေက လူတွေဆီ လိုက်တောင်းစားပြီး သူတို့ကိုယ်သူတို့သူတော်စင်တဲ့လား..ဒါလင်ရဲ့...
►ဖင်နီ..မင်း..မင်း..တော်စမ်းကွာ.. သူတို့ဟာ သူတောင်းစားမဟုတ်ကြဘူးဆိုတာ ငါဘယ်နှစ်ခါ ပြောရမှာလဲ...

ထိုစဉ် တောက်လျှောက် မျက်စိမှိတ်ထားသော ယောဂီကြီးက မျက်လုံးပွင့်လာပြီး ဖင်နီကို ငေးစိုက်ကြည့်ရင်း-
►သင်ဟာ မွန်မြတ်တဲ့ သူတော်စင်တွေကို စော်ကားလို့ သင့်မှာ ကျိန်စာသင့်တော့မယ်...
ဗိုလ်မှူးကြီးနှင့် သူ့တပည့်တို့ ကြောင်ငေးပြီး ကြည့်နေဆဲမှာပင်-

►သင်ဟာ သင့်မှာမရှိတဲ့ ဂုဏ်သိက္ခာနဲ့ မာန်တက်နေတယ်.. သင့်ရဲ့ နှလုံးသားတွေမှာ မေတ္တာစိတ်ခေါင်းပါးနေ
  တယ်.. ကျွန်ုပ်တို့ တိုင်းရင်းသားတွေကို သူတောင်းစားတွေ..ကျွန်တွေဆိုပြီး ရှုတ်ချကဲ့ရဲ့တယ်...
  ဒီအတွက် သင် ကြွေးပေးဆပ်ရလိမ့်မယ်.. သင်ဟာ တစ်နှစ်အကြာမှာပဲ ကျွန်ုပ်တို့ တိုင်းပြည်က ထွက်ခွာသွားရလိမ့်မယ်.. သင်ဟာ အားလုံးရဲ့ မုန်းတီးမှုတွေကို ခံပြီးကာမှ ပြန်ရလိမ့်မယ်..
  သင်ဟာ လမ်းပေါ်မှာ သေဆုံးပြီး တစ်ယောက်တည်း သချိုင်းကိုပို့ဆောင်ခြင်းခံရမယ်...
  သင်ဟာ သားတစ်ယောက်ရဦးမယ်.. အဲဒီရတဲ့ သားဟာလည်း သင့်ကို ချစ်မှာမဟုတ်ဘူး.. ဒီသားဟာ သင့်ရဲ့
  ဆိုးမွေကို ဆက်ပြီးခံစားရလိမ့်မယ်.. ကျွန်ုပ် စိတ်မကောင်းပါဘူး.. ဒီကလေးဟာ ထူးဆန်းတဲ့ ဝေဒနာနဲ့ ကွယ်လွန်ရလိမ့်မယ်.. ကာနယ်ကြီးဟာ လူကောင်းတစ်ယောက်ဆိုတာသိတဲ့အတွက် ခွင့်လွှတ်ပါတယ်....

စစ်ဆေးမေးမြန်းမှုများ ပြီးဆုံးသွားပြီဖြစ်သဖြင့် ရှားဗဟားဒူးနှင့် တပည့်များက ယောဂီကြီးအား အပြစ်ပေးရာနေ
ရာ တောင်ကုန်းလေးတစ်ခုဆီသို့ ခေါ်ဆောင်သွားကြ၏။ ထို့နောက် ကာနယ်အက်ဒ်ဝပ်သည် စိတ်မကောင်းစွာဖြင့် ယောဂီကြီးအနားသို့သွားကာ နောက်ဆုံးအနေဖြင့်-
►ယောဂီကြီး..တာဝန်အရ ဆောင်ရွက်ရတာ ခွင့်လွှတ်ပါ...

ယောဂီကြီး ပြုံးလျက်-
►ကျွန်ုပ် သင့်အား ခွင့်လွှတ်ပါတယ်...
ဗိုလ်မှူးကြီးက ကျောခိုင်း၍ အချက်ပြလိုက်ရာ-
►ဒိုင်းး..
ယောဂီကြီး သေနတ်ဒဏ်ရာဖြင့် မြေပေါ်တွင် ခွေလဲကျသွားသည်။
ထိုစဉ်-
►အား..အား..အား..
►ဟာ..သင့်ဇနီးရဲ့ အသံပဲ.. သွားကြ.. အမြန်သွားကြဟေ့.. အိမ်တော်က အသံဟေ့....။

ယောဂီကြီးအား သေနတ်နှင့် ပစ်ချိန်တွင် ဖင်နီမှာ ငယ်သံပါအောင် အော်ပြီး ကြမ်းပြင်ပေါ် လဲကျသွားခဲ့၏။
ထို့နောက် တပ်ထဲမှ ဆရာဝန်များရောက်လာ၍ ကုသရာ ပြန်သတိရခဲ့သည်။
►ဖင်နီ..မင်း..မင်း ဘယ်လိုဖြစ်တာလဲဟင်...
►ဟို..ဟို..ဒါလင်တို့ဆီက သေနတ်သံလည်းကြားရော မြွေတစ်ကောင် ဖင်နီရဲ့ ရင်ဘတ်ကို ပေါက်လိုက်သလိုမျိုးခံစားရပြီး မေ့သွားတော့တာပဲ ဒါလင်ရယ်...

ကာနယ်အက်ဒ်ဝပ်တစ်ယောက် သတိထားမိလိုက်၏။ ယောဂီကြီး၏ ကျိန်စာအစလား။ သို့သော် ဇနီးဖြစ်သူအား
ထိုအကြောင်းကို မပြောဖြစ်တော့ဘဲ ရင်ထဲမှာပဲ ထားလိုက်သည်။ သို့သော် ဘာပဲဖြစ်ဖြစ် သူတော်စင်ကြီးသေဆုံးရမှုနှင့် ဇနီးသည်တို့ တင်းမာခဲ့ရသည့်အတွက် စိတ်ထဲမှာ မကောင်းခဲ့ပေ။

ဖင်နီဂျုန်းမှာ အိန္ဒိယတွင် နေသာနေနေရသော်လည်း တိုင်းရင်းသားများကို အဖက်မတန်သလို ဆက်ဆံခြင်း၊
မဟာရာဂျာများကိုပင် အထင်သေးလာသည့်အတွက် ကာနယ်အက်ဒ်ဝပ်နှင့် အဆင်မပြေဖြစ်ကာ နောက်ဆုံးတွင် အင်္ဂလန်သို့ ပြန်သွားခဲ့သည်။
ခင်ပွန်းဖြစ်သူမှာ တာဝန်ထမ်းဆောင်ရင်း အိန္ဒိယလူမျိုးများနှင့် ရင်းရင်းနှီးနှီးနေထိုင်ခဲ့ပြီး နောက်ဆုံး နှလုံးရောဂါ
ဖြင့် ကွယ်လွန်သွား၏။ သူ၏ရုပ်ကလာပ်ကကို အိန္ဒိယတိုင်းရင်းသားများနှင့် အာဏာပိုင်များက အိန္ဒိယမြေမှာ
ခမ်းနားစွာ ဂုဏ်ပြုသဂြိုလ်ပေးခဲ့ကြသည်။ သူ့လက်ထက်တွင် စုဆောင်းကျန်ရစ်ခဲ့သော အမွေအနှစ်များကို
လည်း ဇနီးဖြစ်သူအား နာကျည်းလွန်းသည့်အတွက် သားအမည်နှင့်ပင် စာချုပ်ကို လွှဲပြောင်း၍ သူငယ်ချင်းဖြစ်သူ မေဂျာစကော့ထံ လွှဲအပ်ခဲ့လေသည်။

ဖင်နီဂျုန်းတစ်ယောက် အင်္ဂလန်သို့ရောက်ရှိသွားပြီး သားဖြစ်သူ အက်ဒ်ဝပ်ဂျူနီယာကို မွေးဖွားသည်။ သားဖြစ်သူ
မှာလည်း ဖခင်စိတ်ဓါတ်ကဲ့သို့ပင် ယဉ်ကျေးသိမ်မွေ့သူဖြစ်လေသည်။ သို့ဖြစ်ရာ မိခင်နှင့် အစစအရာရာ သဘော
ချင်း မတိုက်ဆိုင်ခဲ့ချေ။ (၁၂)နှစ်သားအရွယ်သို့ ရောက်သောအခါ ဖခင်ဖြစ်သူ ခေါင်းချရာ အိန္ဒိယသို့ ထွက်ခွာ
လာခဲ့လေသည်။ မိခင်ဖြစ်သူက တားမြစ်ခဲ့သော်လည်း သားဖြစ်သူ၏ ဆန္ဒကို မလွန်ဆန်နိုင်ခဲ့ချေ။

ဤသို့ဖြင့် ဖခင်ချစ်သော အိန္ဒိယသို့ သူရောက်ရှိသွား၏။ ဖခင်ကြီး၏ တပည့်ရင်း မေဂျာစကော့က လာရောက်
ကြိုဆိုပြီး ကာနယ်အက်ဒ်ဝပ်ရှိစဉ်က လက်တွဲခဲ့သော မိတ်ဆွေဟောင်းများနှင့် မိတ်ဆက်ပေးပြီး ဖခင်ကြီးရှိခဲ့စဉ်ကပေးခဲ့သော မှတ်တမ်းစာအုပ်ကို မေဂျာစကော့ထံမှပင် ရရှိခဲ့သည်။

မေဂျာစကော့နှင့်အတူ တစ်နေ့ဟိမဝန္တာတောင်ခြေဘက်သို့ အမဲပစ်ထွက်ခဲ့ကြရာ လူစုကွဲသွားခဲ့ကြ၏။
အက်ဒ်ဝပ်ဂျူနီယာမှာ တစ်ယောက်တည်း မျက်စိလည်လမ်းမှားပြီးနောက် ကျောက်ဂူတစ်ခုအတွင်းသို့ ရောက်ရှိသွားခဲ့သည်။ ဂူအတွင်း၌ မီးရောင်တွေ့ရသဖြင့် အထဲသို့ ဝင်သွါးရာ-

►ဟင်..လူတစ်ယောက် ထိုင်နေပါလား.. အနားကပ်ကြည့်ဦးမယ်.. ဒက်ဒီတို့ပြောတဲ့ ယောဂီဆိုတာလား မသိဘူး
  ဟင်..သူ့ကိုယ်ပေါ်မှာ ပိုးပုရွက်တွေက တက်နေလိုက်တာ.. မဖြစ်ဘူး..ငါကယ်မှပဲ ဖြစ်တော့မယ်...
►တရားထိုင်နေတဲ့ သူတော်စင်ကို ဘာ့ကြောင့် နှောင့်ယှက်ရတာလဲ...
►ကျွန်ုပ်..ကျွန်ုပ်သည် သင့်အား ကူညီပေးခြင်းဖြစ်ပါတယ်.. မနှောင့်ယှက်ပါ...

►သြော်..သင်ဟာ မျက်စိလည်လာတဲ့ ဒုက္ခသည်ကိုး.. သင်..ဗိုက်လည်းဆာနေရောပေါ့...
►ဟင်..အသင်သည် ကျွန်ုပ်၏ ဖြစ်စဉ်ကို ဘာ့ကြောင့် အမှန်ပြောနိုင်ပါသနည်း...
►ကျွန်ုပ် အလင်းရောင်ကြောင့် ပြောနိုင်ပါသည်...
  ဆက်ပြီးပြောလိုက်မည်.. သင်သည် သင့်မိခင်၏ အပြစ်ဒဏ်ကို မကြာမီ ခံစားရလိမ့်မည်.. ကျွန်ုပ်လည်း ထိုဒဏ်ရာကို ကုမပေးနိုင်ပါ.. ဒါ့အတွက် ဝမ်းနည်းပါသည်.. ဒီငှက်ပျောသီးကိုစားပါ..
  စားပြီးရင် လမ်းပြပေးလိုက်မည်.. နာရီဝက်ခန့် ဆက်သွားလျှင် သင်၏မိတ်ဆွေများနှင့် ပြန်လည်တွေ့ပါလိမ့်
  မည်.. သူတို့လည်း သင့်အတွက် စိတ်ပူနေကြပါသည်.. သင့်တွင် အပြစ်မရှိသော်လည်း အပြစ်ရှိသူတစ်ဦး၏ ထိခိုက်မှု အပြစ်ဒဏ်ကို သင်ခံစားရလိမ့်မည်.. ကဲ..ကဲ..သွားကြစို့...

မကြာမီ ယောဂီကြီးပြောသည့်အတိုင်းပင် မေဂျာစကော့တို့အဖွဲ့များနှင့် ဆုံပြီး ပြန်လာခဲ့ကြပါသည်။ နောက်တစ်
နေ့ အင်္ဂလန်မှ သံကြိုးစာရောက်လာသည်။ စာထဲတွင် ဘကြီးတော်စပ်သူ ဂျေဘီသောမတ်စ်က မကြာသေးမီက
မိခင်ဖင်နီဂျုန်း ကွယ်လွန်သွားခဲ့ကြောင်း၊ ကွယ်လွန်ပုံမှာ ထူးဆန်းကြောင်း၊ သူ့နှလုံးရောဂါဖြင့် လမ်းမပေါ် လဲကျ
ကွယ်လွန်ခဲ့ကြောင်း၊ ထိုအချိန်တွင် ဆွေမျိုးရင်းချာတို့မှာ ပြင်သစ်၊ ဂျာမဏီနိုင်ငံများသို့ ခေတ္တခရီးသွားချိန်နှင့်
ကြုံနေသဖြင့် တစ်ဦးတည်း ဖြစ်သလို ဆေးရုံမှ သဂြိုလ်လိုက်ရပါကြောင်း၊ အင်္ဂလန်သို့ အမြန်ပြန်ခဲ့စေလိုကြောင်း စသည်ဖြင့် ရေးသားထားသည်။

အက်ဒ်ဝပ်ဂျူနီယာထင်သလို ကျိန်စာမှာ ယခုထိပင် တောက်လျှောက်မှန်နေတော့သည်။ တစ်ချက်မှ မလွဲခဲ့။
►ကဲ..အန်ကယ်..ကျွန်တော် ဒီနှစ်ရက်သုံးရက်အတွင်း အင်္ဂလန်ကိုပြန်ဖို့ စီစဉ်ပေးပါ..
  ယခုအတိုင်းဆို ပြန်မှဖြစ်တော့မယ်...
►ကဲပါ..ဒီအတွက် စိတ်ချ..  မင်းလည်း အနားယူလိုက်ဦး...

နောက်နှစ်ရက်ခန့်ကြာသော် အက်ဒ်ဝပ်ဂျူနီယာ၏ ဝဲဘက်ရင်အုံတွင် အသားပိုအလုံးကြီး နှစ်လက်မခန့် စူထွက်
လာခဲ့သည်။ ထိုအလုံးမှာ နာကျင်မှုမရှိသော်လည်း မိမိအသားကဲ့သို့ တစ်ဆက်တည်း ဖြစ်နေသည်။
မေဂျာစကော့၏ အစီအစဉ်ဖြင့် နောက်ရက်များတွင် အင်္ဂလန်ပြန်သွားဖြစ်ခဲ့သည်။ မပြန်ခင် မေဂျာတို့အိမ်မှာ
ညစာစားခဲ့စဉ် ထိုအသားပိုအလုံးကို ထုတ်ပြခဲ့သည်။ သူတို့လည်း ထူးဆန်းနေ၍ ဘာမှမလုပ်တတ်ကြ။ မိခင်ထံမှ ဒဏ်သင့်မှုရလဒ်က စပြီလား။ သေချာမပြောနိုင်။ သေချာသည်မှာ ကျိန်စာက တောက်လျှောက် တစ်ချက်ချင်းမှန်နေခြင်းပင်။ ဆရာဝန်များက ၄င်းအနာကို ဖြတ်တောက်ပစ်လျှင် သေမည်ဟု ဆိုသည်။

အင်္ဂလန်ပြန်ရောက်ပြီး တစ်ပတ်တွင်း ဝဲဘက်ရင်အုံမှ အနာလုံးကြီးမှာ တစ်ပေခန့် ရှည်ထွက်လာ၏။ အက်ဒ်ဝပ်
သဘောပေါက်လိုက်ပြီ။ သူ့မိခင်အတွက် ယောဂီကြီး၏ကျိန်စာ စတင်ပြီဖြစ်လေသည်။ သူ့အနေဖြင့် အင်္ဂလန်တွင်
ဆောင်ရွက်စရာများကို အပြီးသတ်ဆောင်ရွက်ပေးခဲ့ပြီးနောက် အီဂျစ်ပြည်အတွင်းရှိ ရွာကလေးတစ်ရွာသို့ တိမ်းရှောင်ကာ ခရီးထွက်ခဲ့ပြန်ပါသည်။

မကြာမီ မေဂျာစကော့လည်း အင်္ဂလန်စစ်တပ်ရုံးမှ ခေါ်စာရောက်လာ၍ ခေတ္တအင်္ဂလန်သို့ ပြန်ခဲ့၏။ အင်္ဂလန်သို့
ပြန်ရောက်သည်နှင့် အက်ဒ်ဝပ်ကို လိုက်ရှာရာ မတွေ့ခဲ့ရ။ သူ့အဘိုးနှင့် တွေ့တော့မှသာ အီဂျစ်နိုင်ငံသို့ သွားနေကြောင်း သိခဲ့ရသဖြင့် မေဂျာစကော့ အပြင်းလိုက်သွားခဲ့သည်။

ဘီဂျေသောမတ်စ်နှင့် တွေ့ဆုံရာ သူ့ထံမှတစ်ဆင့် အီဂျစ်လပ်စာကို ရခဲ့သည်။ ထိုအခါမှသာ မေဂျာစကော့လည်း
အီဂျစ်သို့ ခရီးဆက်ပြန်ခ့သည်။ အီဂျစ်ရှိ လိပ်စာပါအတိုင်းသွားရာ ရွာကလေးတစ်ရွာတွင် အက်ဒ်ဝပ်နှင့် တွေ့ရတော့သည်။ ပိန်ချုံးကာ လူလုံးမလှဖြစ်နေသော အက်ဒ်ဝပ်ကို ရုတ်တရက် မမှတ်မိချေ။

►ဟင်..မေဂျာ..  ဒီကို ဘယ်လိုရောက်လာတာလဲ...
►ဒီကိုလာတာ အသာထား အက်ဒ်ဝပ်..  မင်းရောဂါ အခြေအနေ ပြောစမ်းပါဦး.. 
မကြာမီ အက်ဒ်ဝပ်ဂျူနီယာက အကျီချွတ်ပြလိုက်ရာ မေဂျာ ကြက်သီးထ တုန်လှုပ်သွားသည်။ ထပြန်ချင်စိတ်ပင် ပေါက်သွားသည်။
►သြော်..အပြစ်မရှိတဲ့ အက်ဒ်ဝပ်ရယ်..  မင်း အခုလို ဖြစ်ရတာ မင်းအမေကြောင့်..သိလား...
မေဂျာစကော့ ပါးစပ်မှ ရေရွတ်မိသွားသည်။

အက်ဒ်ဝပ်၏ အနာကို သေချာကြည့်လိုက်ရာ ယခင်က အနာလုံးမှာ တစ်ပေခန့်ရှိ၍ ပျော့ခွေတွဲကျနေပြီး ယခုမူ
သုံးပေခန့်ရှည်ထွက်လာပြီး ဦးခေါင်းထိပ်မှာ မြွေဖြစ်သွားပြီး နှစ်လခန့်က အသက်ဝင်လာကြောင်း၊ မိမိကို မကိုက်
သေးကြောင်း၊ ကိုက်စေချင်၍ ကိုက်ခိုင်းသော်လည်း မကိုက်သေးကြောင်း၊ အနေဆင်းရဲ၊ အစားဆင်းရဲ၊ အအိပ်
ဆင်းရဲ ဖြစ်နေရကြောင်း၊ ဤမြွေကိုက်သောနေ့တွင် ဝဋ်ကြွေးကုန်မှာဖြစ်ကြောင်း ရင်နင့်ဖွယ် ပြောပြသည်။

နံနက်လင်းသောအခါ မေဂျာစကော့က ပြန်တော့မည့်အကြောင်း နှုတ်ဆက်ရန်သွားသောအခါ အက်ဒ်ဝပ်မှာ မြွေ
ကိုက်ခံရ၍ သေဆုံးသွားပြီဖြစ်ကြောင်း သူ့အသားမှ ထွက်လာသော မြွေကပင် ပြန်ကိုက်၍ သေခဲ့ရကြောင်း အိမ်ရှင်ကုလားအဘိုးကြီးကပြောပြပြီးနောက် သူတို့ သားအဖနှစ်ဦး၏ မှတ်တမ်းစာအုပ်များ လာပေးသွား၏။

မှတ်တမ်းစာအုပ်၏ အဆုံးပိုင်းတွင် အက်ဒ်ဝပ်ဂျူနီယာမှ သူ့ဘဝဖြစ်စဉ်ကို အကြောင်းပြုလျက် နောင်တွင် ကမ္ဘာ့အရှေ့ဖျားဒေသမှ ယောဂီသူတော်စင် တန်ခိုးရှင်များအပေါ် ဝစီကံမှားယွင်းမှု မဖြစ်ကြစေရန် သတိကြီးစွာထားပြီး ရှောင်ကြဉ်နိုင်ကြစေရန် သတိပေးတိုက်တွန်းထားမှုကို ဖတ်ရှုရလေသည်။
မေဂျာစကော့ကလည်း သူတို့ သားအဖနှင့် သူတော်စင်များအကြောင်းကို အင်္ဂလန်တွင် ပုံနှိပ်လျက် စာအုပ်တစ်အုပ် ထုတ်ဝေကာ (အိန္ဒိယယောဂီများအကြောင်း) ကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြင့် သူ့တာဝန်တစ်ရပ်ကို ကျေနပ်စွာ
ထမ်းရွက်ခဲ့လေတော့သည်။


ပြီးပါပြီ...။

( ဖတ်ခဲ့ဖူးသည်များကို ရိုက်နှိပ် တင်ထားခြင်းဖြစ်သည်။ အားလုံးကို ကျေးဇူးတင်ပါသည်။ )
@yexin189

No comments:

Post a Comment