Wednesday, October 14, 2015

စားသောက်စားပွဲမှာလူတစ်ဆယ့်သုံးယောက်


စာရေးဆရာ ►►►မြသိန်း
Thirteen At The Table By Lord Dunsany


ကျွန်ုပ်၏ အမည်မှာ လင်တန်။
ကျွန်ုပ်သည် မြေခွေးများ လိုက်လံ ဖမ်းဆီးခြင်း၌ အလွန် ဝါသနာပါသူ ဖြစ်သည်။
ဧပြီလဆန်းပိုင်း၏ ရက်တစ်ရက်တွင် ကျွန်ုပ်သည် တပည့်ကျော် ဂျိမ်းစ်နှင့်အတူ မြင်းကိုယ်စီဖြင့် ကင့်ဒေသသို့ မြေခွေးလိုက်ထွက်ခဲ့ကြ၏။ ဤဒေသမှာ ကျွန်ုပ် မြေခွေးလိုက်ထွက်နေကျ ဒေသဖြစ်၏။
လယ်ကွင်းများကို ဖြတ်ကျော်ပြီးသောအခါ ချုံနွယ်ပိတ်ပေါင်းများ ကျိုးတိုးကျဲတဲ ပေါက်နေသော ထုံးကျောက်တောင်ကုန်းငယ်များရှိရာသို့ ရောက်လာကြ၏။
ကျွန်ုပ်တို့ ဆရာတပည့်နှစ်ဦးသည် မြင်းများကို ခပ်မှန်မှန်သာ စီးလာကြ၏။ ကျွန်ုပ်၏ လက်ဆွဲတော် မြေခွေးလိုက်ခွေးနှစ်ကောင်က ကျွန်ုပ်တို့ရှေ့မှ အနံ့ခံရင်း သွားနေ၏။

ထုံးကျောက်တောင်ကုန်းဒေသကို လွန်မြောက်သောအခါ လယ်ကွင်းငယ် တစ်ခုကို တွေ့ရသည်။
၎င်းလယ်ကွင်းငယ်ရှိ လယ်တဲငယ်လေး၌ ကျွန်ုပ်တို့ ခေတ္တရပ်နားကြပြီး နေ့လည်စာကို စားကြသည်။
လယ်တဲရှင်များ မရှိကြပါ။ သို့သော် ကျွန်ုပ်သည် ဤဒေသသို့ မကြာခဏ ရောက်လာသူဖြစ်သောကြောင့် လယ်တဲရှင်များနှင့် ခင်မင်ရင်းနှီးသူဘဝသို့ ရောက်ခဲ့ကာ သူတို့ ရှိရှိ မရှိမရှိ လယ်တဲတွင် အနားယူတည်းခိုနိုင်ကြောင်း ကျွန်ုပ်ကို ပြောထားပြီး ဖြစ်၏။

လယ်တဲတွင် နှစ်နာရီခန့် နားပြီးသောအခါ ကျွန်ုပ်တို့ မြေခွေးရှာထွက်ကြ၏။ လမ်းကလည်း ကြမ်းလာ၏။
တောင်ပူစာများ၊ တောင်ကုန်းငယ်များ ပိုများလာ၏။ ချုံပုတ်ကြီးငယ်များကလည်း ပို၍ ထူလာ၏။
တစ်ခုသော တောင်ကုန်းငယ်ပေါ် အရောက်တွင် မြေခွေးတစ်ကောင်သည် ကျွန်ုပ်၏ ရှေ့ကိုက် ၅၀၀ ခန့်မှနေ၍ ရှေ့တူရူရှိ တောင်ကုန်းပေါ်သို့ တက်သွားသည်ကို မြင်လိုက်ရာ ကျွန်ုပ် ပျော်သွား၏။

ကျွန်ုပ်၏ ခွေးများကလည်း မြေခွေးကိုမြင်၏။ ခွေးနှစ်ကောင်သည် မြေခွေးနောက်သို့ အတင်း ထိုးလိုက်ကြ၏။
ကျွန်ုပ်တို့ ဆရာတပည့်နှစ်ယောက်ကလည်း မြေခွေးနောက်သို့ လိုက်ရန် မြင်းများကို အသော့နှင်လိုက်၏။
မြေခွေးသည် ရှေ့တူရူသို့သာ တည့်တည့်ပြေး၏။ ကျွန်ုပ်တို့ကလည်း တည့်တည့်လိုက်၏။
မြေပြင်အနေအထားမှာ ကြမ်းလာသော်လည်း ကျွန်ုပ်သည် မြေခွေးကို ဖမ်းမိရေးကိုသာ အာသီသထားပြီး မြင်းကို အသော့နှင်၏။ ကျွန်ုပ်၏ တပည့်နှင့် သူ၏မြင်းမှာ ကျွန်ုပ်၏ နောက်ဘက် ကိုက်တစ်ရာခန့်မှ ကွာ၍ လိုက်လာ၏။

မြေခွေးသည် ကွေ့ကွေ့ကောက်ကောက် မသွား၊ တည့်တည့်သာ သွားနေသည်မှာ ထူးဆန်း၏။ မြေခွေးသည် ကျွန်ုပ်တို့ကို တောနက်ပိုင်းသို့ သွေးဆောင် ခေါ်သွားနေပုံရ၏။
၎င်းသည် ပြေးရင်းပြေးရင်း နောက်သို့ မကြာခဏ လှည့်ကြည့်၏။ ကျွန်ုပ်၏ ခွေးနှစ်ကောင်သည် မြေခွေးကို
မီအောင် မလိုက်နိုင်သည်မှာ ထူးဆန်း၏။ ဤမျှ အပြေးမြန်သော မြေခွေးမျိုးကို ကျွန်ုပ် တစ်ခါမှ မကြုံဘူးပါ။

အမှောင်ထုက အားကောင်းစပြုလာပြီ။ ကျွန်ုပ်၏ ခွေးနှစ်ကောင်ကလည်း ဇွဲကောင်းကြ၏။ မြေခွေးကို လုံးဝ
မျက်ခြည်အပြတ်မခံဘဲ အတင်းလိုက်၏။
ကျွန်ုပ်တို့သည် ဆယ်မိုင်အကွာအဝေးသို့ ရောက်လာပြီ ဖြစ်ကြောင်း ကျွန်ုပ် တွက်ဆမိသည်။
ကျွန်ုပ်၏ တပည့်ကျော်သည်လည်း ဇွဲကောင်း၏။ သူရော သူ၏မြင်းပါ ကျွန်ုပ်နောက်မှ လိုက်လာကြ၏။ ပင်ပန်းနွမ်းနယ်မှုများလာသော်လည်း ကျွန်ုပ်တို့သည် မြေခွေးအား မျက်ခြည်ပြတ်သွားမှာကို စိုးရွံ့မိ၏။
ခွေးနှစ်ကောင်သည် မြေခွေးတက်သွားရာ တောင်ကုန်းဆီသို့ ဟောင်သံများပေးပြီး လိုက်တက်သွားကြသောကြောင့် ကျွန်ုပ်ကလည်း လိုက်တက်လိုက်သည်။ ၄င်းတောင်ကုန်းထိပ်ရှိ သစ်ပင်များကြားတွင် အဆောက်အအုံတစ်ခုကို ဘွားခနဲ ကျွန်ုပ် တွေ့လိုက်ရ၏။

ခွေးနှစ်ကောင်မှာ အဆောက်အအုံ (မြေအုတ်အဆောက်အအုံ) တံခါးဝ၌ ရပ်နေကြ၏။ ၄င်းတို့သည် လာနေကြလေပြီ။ မြေခွေး ဘယ်ရောက်သွားမှန်းမသိတော့ပါ။ အလင်းရောင်မျှင်မျှင်ကလေးသာ ကျန်တော့၏။
မြေခွေးသည် ဤအဆောက်အအုံထဲသို့ ဝင်ပြေးသွားသလော (သို့) အဆောက်အအုံနောက်ဘက်ရှိ တောအုပ်ထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားပြီလော။
မြေခွေးကို လုံးဝ မတွေ့တော့။ ကျွန်ုပ်တို့သည် မြင်းပေါ်မှ ဆင်းလိုက်ကြသည်။

အဆောက်အအုံမှာ ဟောင်းနွမ်းနေပြီဖြစ်သော ရဲတိုက်အဆောက်အအုံကြီးတစ်ခု ဖြစ်၏။
ကျွန်ုပ်သည် ပိတ်ထားသော တံခါးကြီးကို ခပ်ပြင်းပြင်း ထုလိုက်သည်။ လေးငါးခါလောက် ထုလိုက်တော့မှ တံခါးတစ်ဖက် ပွင့်လာပြီး မီးလင်းနေသော ဖယောင်းတိုင်ကို ကိုင်ထားသည့် အသက်(၆၀)ခန့် လူတစ်ယောက်ကို မြင်ရသည်။ သူသည် မျက်လုံးပြူး၍-

► ညမိုးချုပ်မှ လမ်းမှားရောက်လာကြတဲ့သူတွေ ထင်တယ်.. ဟု အသံအောအောဖြင့် ပြောသည်။
► ဟုတ်တယ်.. မြေခွေးတစ်ကောင်နောက်ကို လိုက်ရင်း ဒီကို ရောက်လာတာပါ.. ကျုပ်က လင်တန်ပါ..
   လန်ဒန်မှာ နေတယ်.. ခင်ဗျားရဲ့ အရှင်သခင်နဲ့ တွေ့ချင်တယ်...
ကျွန်ုပ်က ပြောလိုက်သည်။

► ကျုပ်က ဒီရဲတိုက်ပိုင်ရှင် ဆာရစ်ချဒ်ရဲ့ ဘာတလာ ဖြစ်ပါတယ်.. ကျုပ်ရဲ့ ဆရာထံသွားပြီး အကျိုးအကြောင်း ပြောလိုက်ပါဦးမယ်...
► ငါရောက်လာပြီ..ဘာတလာ.. ဧည့်သည်နဲ့ ပါလာသူတွေကိုလည်း အနောက်ဘက်မှာ နေရာချထားပေးလိုက်ပါ..
ဘာတလာ၏ နောက်ဆီမှ အသံတစ်သံ ထွက်လာ၏။ အသံသြဇာရှိသော သူ၏ အသံ ဖြစ်သည်။

ဘာတလာသည် နံဘေးကို ခြေတစ်လှမ်းဖယ်ပြီး ကျွန်ုပ်နှင့် ရဲတိုက်ပိုင်ရှင် အကြားတွင် ဖယောင်းတိုင်မီးကို
ကိုင်ထားသည်။ ကျွန်ုပ်သည် ရဲတိုက်ပိုင်ရှင်၏ မျက်နှာကို ဖယောင်းတိုင်မီးရောင် အကူအညီဖြင့် မြင်ရသည်။
အသက်(၇၀)နှစ် အရွယ်ရှိသူဟု ခန့်မှန်းရ၏။ သူသည် ညစာစားပွဲဝတ်စုံကို ဝတ်ထား၏။

► အထဲကို လာပါ.. ဧည့်ခန်းထဲ လာပါ...
ရဲတိုက်ပိုင်ရှင်က ဦးဆောင်၍ ကျွန်ုပ်ကို ခေါ်သွားသည်။ ဧည့်ခန်းထဲ ဝင်လိုက်သည် ဆိုရင်ပဲ ဖယောင်းတိုင်မီးများ လင်းထိန်နေ၏။ ဘာတလာမှာမူ ကျွန်ုပ်တို့နှင့် ခွဲခွာသွား၏။

► ကျုပ်အမည်က ဆာရစ်ချဒ်.. ဒီရဲတိုက်မှာ နေလာတာ နှစ်အတန်ကြာပါပြီ...
ဆာရစ်ချဒ်က ဆက်တီတစ်လုံးပေါ်တွင် ထိုင်ရင်း ပြောသည်။
► ကျွန်တော်ကတော့ လင်တန်ဖြစ်ပါတယ်.. လန်ဒန်မှာ နေတာပါ.. မြေခွေးတွေကို အမဲလိုက်ချိန်ရောက်ရင်
   ကင့်ဒေသကိုလာပြီး အမဲလိုက်ပါတယ်.. ကနေ့လည်း....။
ကျွန်ုပ်သည် ဆာရစ်ချဒ်နှင့် မျက်နှာချင်းဆိုင်ထိုင်ရင်း ဤနေရာသို့ ရောက်လာပုံကို အကျဉ်းချုံး၍
ပြောလိုက်သည်။

► ခင်ဗျား မောပန်းလာတယ်.. အဲဒီ စားပွဲငယ်ပေါ်က ရေကရားထဲက ရေကို သောက်ပါ.. လန်းဆန်းသွားမယ်...
ဆာရစ်ချဒ်က ထိုသို့ ပြောသောအခါ ရေဆာနေသော ကျွန်ုပ်သည် ရေတစ်ဖန်ခွက် ခပ်သောက်လိုက်၏။
ရေသောက်ပြီး ခဏအကြာတွင် ကျွန်ုပ်သည် ဦးခေါင်းထဲ၌ ရီတီတီ ဖြစ်လာ၏။ သို့သော်လည်း ကျွန်ုပ်သည် စိတ်ကို တင်းထား၏။ မျက်လုံးများ မှေးစင်းလာရာ ကျွန်ုပ်သည် စိတ်ကို တင်းပြီး ထိုင်ရာမှ ထရင်း-
► ကျွန်တော် ညောင်းလာလို့ ဒီအခန်းထဲမှာ လမ်းအနည်းငယ် လျှောက်ခွင့်ပြုပါ...
ဟု ခွင့်ပန်သည်။

► ကောင်းပြီ..နောက်ဆယ့်ငါးမိနစ်လောက်ကြာရင် ကျုပ်တို့ ညစာ စားကြတာပေါ့..
ဟု ဆာရစ်ချဒ်က ပြောပြီး ထိုင်နေရာမှထကာ အနောက်ဘက်အခန်းတစ်ခုထဲသို့ ဝင်သွားသည်။
အခန်းထဲ၌ မြေကြွက်ကြီး အချို့ လှုပ်လှုပ်ရှားရှား သွားလာနေကြသည်ကို ကျွန်ုပ် သတိပြု မိ၏။
ကျွန်ုပ်သည် အိပ်ချင်မူးတူးဖြင့် ဧည့်ခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေစဉ်-
ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားသော အမျိုးသမီးတစ်သိုက် ဧည့်ခန်းထဲ ဝင်လာကြသည်။ သူတို့သည်
တစ်ယောက်နှင့်တစ်ယောက် စကားမပြောကြ။ သူတို့၏ မျက်နှာအမူအရာမှာ ရွှင်ရွှင်ပျပျ မရှိကြပါ။
သူတို့သည် ကျွန်ုပ်ကို ခပ်တည်တည်ကြည့်ပြီး ဆာရစ်ချဒ်ဝင်သွားရာ အခန်းထဲသို့ ဝင်သွားကြ၏။

သူတို့အရေအတွက်မှာ အားလုံးပေါင်း (၁၁)ယောက် ဖြစ်သည်။
သူတို့ ကျွန်ုပ်၏ မြင်ကွင်းမှ ပျောက်သွားသောအခါ ဆက်တီတစ်လုံးပေါ်၌ ထိုင်ချလိုက်သည်။ အိပ်ချင်စိတ်မှာ လွန်ကဲလာ၏။
ထိုအခါ ဘာတလာသည် ကျွန်ုပ်အနား ရောက်လာသည်။
► ညစာသုံးဆောင်ဖို့ ဆာရစ်ချဒ်က ဖိတ်ပါတယ်... ဟု ပြောသည်။
ကျွန်ုပ်သည် ဒယိမ်းဒယိုင်ဖြင့် ညစာတည်ခင်းထားရာ အခန်းထဲသို့ ဝင်သွားသည်။ အခန်းထဲတွင် ဖယောင်းတိုင်မီးများ ရှိ၏။ သို့သော် ဖယောင်းတိုင်အရေအတွက်မှာ သိပ်မများပါ။

ကျွန်ုပ်သည် ဆာရစ်ချဒ်အနီးတွင် ထိုင်မိသည်နှင့်-
► ငါတို့ရဲ့ စံဂေဟာကြီးဆီ မမျှော်လင့်ဘဲ ရောက်လာတဲ့ မစ္စတာ လင်တန်ကို ကြိုဆိုဂုဏ်ပြုရင်း ငါတို့ရဲ့ စားသောက်ပွဲကြီးကို ပျော်ပျော်ပါးပါး စားသောက်ကြပါစို့...
ဟု ဆာရစ်ချဒ်က ပြောပြီး အရက်ထည့်ထားသော ဖန်ခွက်ကို ကောက်ကိုင်လိုက်၏။
ကျွန်ုပ်သည်လည်း ကျွန်ုပ်ရှေ့မှ ဖန်ခွက်ကို ကိုင်ရင်း ဆာရစ်ချဒ်ဖန်ခွက်နှင့်ထိပြီး အရက်ကို တစ်ငုံသောက်
လိုက်၏
အမျိုးသမီးများကလည်း သူတို့ရှေ့မှ ဖန်ခွက်များကိုယူကာ ကပ်လျက်ထိုင်နေသူများအချင်းချင်း ဖန်ခွက်များထိ၍ သောက်လိုက်ကြ၏။

ထို့နောက် ဆာရစ်ချဒ်က-
► အားရပါးရ စားသောက်ကြပါ.. ဟု ပြောရင်း သူက စတင် စား၏။
ကျွန်ုပ်သည် ဆာလောင်နေသူဖြစ်သောကြောင့် ဆာရစ်ချဒ် စကားဆုံးသည်နှင့် အစားအစာကို စားပါတော့သည်။
သူတို့ အားလုံးသည် စကားပင်မပြောကြဘဲ အစားများကို စားနေကြ၏။
ကျွန်ုပ်သည် အစာစားရင်း ထမင်းစားပွဲဝိုင်းရှိ လူအရေအတွက်ကို တွက်ကြည့်ရာ ကျွန်ုပ် အပါအဝင် တစ်ဆယ့်သုံးယောက်ရှိကြောင်း တွေ့ရ၏။

တစ်ဆယ့်သုံးဂဏန်း
ကံမကောင်းသော ဂဏန်းပါတကား။ ကျွန်ုပ်၏ ရင်ထဲ ထိပ်ခနဲ ဖြစ်သွားလေတော့၏။
ထမင်းစားပွဲဝိုင်းမှာ တိတ်ဆိတ်လွန်း၏။ ဆာရစ်ချဒ်၏ ဘာတလာသည် မကြာမကြာ အခန်းထဲဝင်လာကာ
ဟင်းခွက်များထဲသို့ ဟင်းများဖြည့်ပေး၏။
► မင်းကို ကျေးဇူးတင်တယ်ကွာ.. သိပ်အရသာရှိတယ်...
ဆာရစ်ချဒ်သည် ဘာတလာကို ချီးကျူး၏။
ကျွန်ုပ်သည် ဝမ်းဗိုက်ပြည့်သွားသောအခါ ဆက်မစားတော့ဘဲ ထမင်းဝိုင်းမှသူများကို မသိမသာ ကြည့်နေမိ၏။
ချောမောလှပသော အမျိုးသမီးငယ်လေးတွေ၊ ဆာရစ်ချဒ်နှင့် ဘာတော်ပါလိမ့်။
ဆာရစ်ချဒ်အနီးတွင် ကပ်လျက်ထိုင်နေသော အမျိုးသမီးကြီးတစ်ယောက်ကလွဲလျှင် ကျန်အမျိုးသမီးများမှာ အသက်နှစ်ဆယ်ကျော် အစိတ်ဝန်းကျင်များသာ ဖြစ်ကြ၏။

ဝမ်းဗိုက်ပြည့်သွားသောကြောင့် ကျွန်ုပ်သည် အိပ်ငိုက်လာ၏။ ငိုက်ခနဲ ဖြစ်သွားရာ သတိကြီးစွာ ထားနေရ၏။
ထမင်းစားဝိုင်းမှာ တိတ်လွန်းလှ၏။ ထိုအခိုက် ကျွန်ုပ်၏ မျက်လုံးများ ပြူးကျယ်သွား၏။
ဆာရစ်ချဒ်အပါအဝင် ထမင်းဝိုင်းရှိသူများ အားလုံးမှာ (ကျွန်ုပ်မှအပ) ထမင်းဝိုင်းစားပွဲပေါ်၌ ဦးခေါင်းများ ငိုက်စိုက်ကျပြီး အိပ်သွားသောကြောင့် ဖြစ်၏။
ထူးဆန်းပေစွ။
ကျွန်ုပ်သည် ဘာလုပ်ရမှန်းမသိ။ ထိတ်လန့်နေသည့်ကြားထဲ ကျွန်ုပ်၏ အိပ်ချင်စိတ်သည်လည်း ပြန်ပေါ်လာ၏။
ထို့ကြောင့် ကျွန်ုပ်သည် ဧည့်ခန်းသို့ ထသွားပြီး ဆက်တီရှည်ကြီးပေါ် လဲလျောင်းလိုက်ရာ တစ်ခဏချင်း
အိပ်ပျော်သွားလေတော့၏။

ကျွန်ုပ် အိပ်ရာမှ လန့်နိုးလာသောအခါ နံနက်လင်း၍ အလင်းရောင်က အားကောင်းလာ၏။ ငှက်ကလေးမျး၏ မြည်သံများမှာ ဆူညံနေ၏။
ကျွန်ုပ်သည် ငေါက်ခနဲ ထထိုင်လိုက်၏။
ကျွန်ုပ် အိပ်နေသည့် နေရာမှာ သစ်သားခုတင်ပျက်ကြီး ဖြစ်နေသည်ကို တွေ့ရ၏။ ဧည့်ခန်းအလယ်တွင်ရှိ
စားပွဲဟောင်းပေါ်တွင် ညက ကျွန်ုပ် သောက်ခဲ့သော ရေကရားနှင့် ဖန်ခွက်ကို တွေ့ရ၏။
ကျွန်ုပ်သည် စားသောက်ခန်းထဲသို့ ဝင်သွား၏။

► ဟင်..ဘာမှ မရှိပါလား.. ဘယ်သူမှလဲ မရှိတော့ဘူး.. သူတို့ ဘယ်ရောက်သွားပါလိမ့်...
ညတုန်းက ကျွန်ုပ်နှင့်အတူတူ စားသောက်ခဲ့သော ဆာရစ်ချဒ်တို့ လူသိုက်ကို လုံးဝမတွေ့ရ။
► ဘာတလာရော...
ကျွန်ုပ်၏ တပည့် ဂျိမ်းစ် သည်သာလျှင် မြင်းများနှင့် ကျွန်ုပ်ကို စောင့်နေ၏။
► မင်း ညက စားရ၊ အိပ်ရတာ အဆင်ပြေရဲ့လား...
ကျွန်ုပ်က မေးလိုက်သည်။
► ပြေပါတယ်.. ဘာတလာက ကျွန်တော့်ကို အစားကောင်းကောင်းကျွေးပါတယ်.. မြင်းနဲ့ခွေးတွေကိုလည်း
   အစာတွေ ကျွေးပါတယယ်.. ကျွန်တော်လည်း အစာစားပြီးတာနဲ့ ခုတင်ပျက်တစ်ခုပေါ်မှာ အိပ်လိုက်တာ မိုးလင်းမှ နိုးပါတော့တယ်...
ကျွန်ုပ်၏ တပည့်က ပြော၏။

► ညက ငါနဲ့အတူတူ စားသေက်တဲ့ ဆာရစ်ချဒ်နဲ့ သူ့အဖွဲ့တွေကို မင်းတွေ့မိလား.. သူတို့ကို ငါရှာမတွေ့ဘူး...
► ကျွန်တော်လည်း မနက်မှ နိုးတော့ သတိမထားမိဘူး ခင်ဗျ...
► ထူးဆန်းတယ်ကွ.. သိပ်ထူးဆန်းတယ်...
ကျွန်ုပ်၏ နှုတ်မှ အသံထွက်သွားသည်။
ကျွန်ုပ်သည် အဆောက်အအုံထဲ ပြန်ဝင်သွားပြီး အဆောက်အအုံအပေါ်ထပ်သို့ တက်သွားကာ တစ်ခန်းဝင်
တစ်ခန်းထွက် ဆာရစ်ချဒ်တို့အဖွဲ့ကို လိုက်ရှာ၏။ လုံးဝမတွေ့။

အဆောက်အအုံမှာ အလွန် ဟောင်းနွမ်း အိုမင်းနေသော အဆောက်အအုံဖြစ်၏။ လူနေသည့် အခြေအနေမျိုးမရှိ။
ကျွန်ုပ် အောက်သို့ ပြန်ဆင်းလာသောအခါ ဧည့်ခန်းတွင် အသက် ငါးဆယ်အရွယ် လူတစ်ယောက်နှင့် ဆုံ၏။
► မင်္ဂလာ နံနက်ခင်းပါ.. ကျွန်တော်က ဝီလျံပါ.. ဒီအဆောက်အအုံကို ထိန်းသိမ်းစောင့်ရှောက်သူပါ..
   ဆာရစ်ချဒ် မကွယ်လွန်မီက ကျွန်တော့်ကို တာဝန်ပေးခဲ့တာပါ...
► ဘယ်လို..ဘယ်လို..ဆာရစ်ချဒ် မကွယ်လွန်မီက.. ညတုန်းကပဲ ကျုပ် ဆာရစ်ချဒ်နဲ့စကားပြောခဲ့သေးတယ်...
ကျွန်ုပ်က အံ့သြစွာဖြင့် ပြောလိုက်သည်။

► ကျွန်တော်က ဒီတောင်ကုန်းရဲ့ အောက်ဘက်က ရွာမှာ နေပါတယ်.. ညတုန်းက မီးရောင်လဲ့လဲ့ကလေးတွေကိုမြင်ရတော့ ဧည့်သည်တွေ ရောက်နေပြီဆိုတာ သိလိုက်တယ်...
► ကျုပ်တော့ ဘယ်လိုမှ နားမလည်ဘူး.. သူတို့နဲ့အတူတူ ညတုန်းက ကျုပ် အစားအစာ အတူတူ စားခဲ့သေးတယ်..  ကျုပ်ရဲ့ အမည်က လင်တန်ပါ.. မြေခွေးလိုက်ရင်း ဒီကို ရောက်ခဲ့တာပါ......

ဝီလျံက ပြုံးလိုက်သည်။
► ဒီဇတ်လမ်းကို အကျဉ်းချုံးပြီး ပြောရမယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက်က ဆာရစ်ချဒ်ရယ်၊ သူ့ဇနီးရယ်၊ သူ့ဇနီးရဲ့ တပည့်မ ကချေသည်တွေ ဒီကို လာကြရင်း ဒီမှာ ပေါက်နေတဲ့ မှိုရိုင်းတွေကို ဘာတလာက စားလို့ရတဲ့ မှိုထင်ပြီး ချက်ကျွေးလိုက်တာ မှိုဆိပ်သင့်ပြီး သေသွားကြတယ်..
စားသောက်စားပွဲဝိုင်းမှာ လူပေါင်း (၁၃) ယောက်စားကြတယ်.. ကံမကောင်းတဲ့ နံပါတ်ပါ..
တစ်ယောက်ပဲ အသက်ရှင်တယ်.. အမျိုးသမီးတစ်ယောက်ပါ.. သူက မှိုကို နည်းနည်းလေးပဲစားမိလို့ မူးဝေအော့အန်ပြီး သတိလစ်နေတယ်..
မနက်ကျတော့ တောလည်သွားတဲ့ ရွာသူအချို့ ဒီအဆောက်အအုံနား ဖြတ်သွားရင်း မသင်္ကာတာနဲ့ ဝင်ကြည့်တော့မှ အဖြစ်မှန် သိရတော့တယ်...

►  ဟင်..ထူးဆန်းလိုက်တာ...
►  ဆာရစ်ချဒ်နဲ့ သူ့ဇနီးရဲ့ အုတ်ဂူ ပြီးတော့ အခြားမိန်းကလေးတွေရဲ့ အုတ်ဂူတွေဟာ ဟောဟိုနားမှာ ရှိပါတယ်..
ဝီလျံက ကျွန်ုပ်ကို ခေါ်ပြီး အဆောက်အအုံ အနောက်ဘက် ကိုက်ငါးဆယ်အကွာ နေရာရှိ အုတ်ဂူများကို ပြ၏။ အားလုံးပေါင်း အုတ်ဂူ (၁၂) ခု။

►  ဘာတလာရော သေတဲ့အထဲ ပါမသွားဘူးလား...
►  ဘာတလာလည်း သေတဲ့အထဲ ပါသွားတယ်...
►  ဒီလိုဆိုရင်..ညစာစားသောက်ပွဲဟာ......
►  ဒါတော့ ကျွန်တော် မပြောတတ်ဘူး..ကျွန်တော်က မနက်ဆိုရင် ဒီကိုလာ..ခင်ဗျားတို့လို တောလည်လာသူတွေ ဒီကို ရောက်လာရင် သောက်ဖို့ ရေကရားနဲ့ ရေခွက်ကို ဧည့်ခန်းထဲမှာ နေ့စဉ်ထားပေးထားတယ်...

►  ကျုပ်တော့ ဘယ်လိုမှ မစဉ်းစားတတ်တော့ဘူး.. ညက သူတို့တစ်တွေနဲ့ အတူတူ အစားအစာ အတူတူစားတာတော့ အမှန်ပဲဗျ...
►  ခင်ဗျား..အိပ်မက်မက်နေတာ ဖြစ်လိမ့်မယ်...
►  အိပ်မက်မဟုတ်ဘူး.. တကယ့် ဖြစ်ရပ်...
►  သူတို့ သေသွားတာ ကြာပြီလေ.. သူတို့ရဲ့ အုတ်ဂူကို ခင်ဗျား မြင်ပြီးပြီ မဟုတ်လား....
►  အိပ်မက် မဟုတ်ဘူးဆိုရင် သူတို့ တစ်တွေဟာ...
ကျွန်ုပ်သည် ကြက်သီးများထသွားလေ၏။

ဖတ်ခဲ့ဖူးသည်များကို တင်ထားခြင်းဖြစ်ပါသည်။ အားလုံးကို ကျေးဇူးတင်ပါသည်။
@yexin189

No comments:

Post a Comment