Tuesday, October 13, 2015

အချစ်ထားခဲ့လေသောအမွေ


စာရေးဆရာ ►►►မောင်မောင်မြင့်သိန်း
The Jewels of M-Lantin by Guy de Maupassant


အမ်လန်တင်းသည် သူ့အထက်အရာရှိ၏ ဧည့်ခံပွဲတစ်ခုတွင် ဤမိန်းမပျိုလေးကို တွေ့ရှိပြီး တစ်ခါတည်းနှင့်
ဦးစိုက်ခေါင်းထိုး ကြိုက်သွားခဲ့သည်။
သူမသည် လွန်ခဲ့သော နှစ်အနည်းငယ်က ကွယ်လွန်သွားခဲ့သော ပြည်နယ်အခွန်အရာရှိတစ်ဦး၏ သမီးဖြစ်သည်။
သူမမိခင်နှင့် သူမသည် ပါရီမြို့သို့ ပြောင်းရွေ့လာခဲ့ကြသည်။ သူမမိခင်သည် သူမကို သင့်တော်သူနှင့် လက်ထပ်ပေးရန် ရည်သန်၍ ပတ်ဝန်းကျင်ရှိ အလယ်အလတ်တန်းစားအိမ်နီးချင်းများစွာနှင့် အလွှမ်းသင့်အောင်ပေါင်းဖက်၍ ခင်မင်မှုလမ်းကြောင်းများ ဖောက်ခဲ့သည်။ မိခင်ရော သမီးပါ အေးဆေးသည်၊ သိမ်မွေ့သည်၊ သိက္ခာရှိသည်။ ဆင်းရဲချို့တဲ့သည်ကသာ ပြောစရာရှိသည်။

မိန်းမပျိုကား အဘယ်သူကောင်းသားမဆို ဘဝကို ပုံကိုးအပ်နှံ ချစ်ကြိုက်လောက်သော အိပ်မက်မလေးပင်။ သူ၏ ယဉ်ယဉ်အေးအေးအလှက နှလုံးသားတိုင်းကို နွေးထွေးစေသည်။
သူမ နှုတ်ခမ်းပေါ် အချိန်ပြည့် ရေးရေးတင်နေတတ်သော အပြုံးကား သူမ နှလုံးသား၏ ရောင်ပြန်ဟပ်ချက်နှင့် တူလို့နေသည်။ လူတိုင်းက သူမကို ချီးမွမ်းစကားဆိုကြသည်။
►သူ့အချစ်ကို ရတဲ့လူဟာ အင်မတန်ကံကောင်းတဲ့သူ ဖြစ်လိမ့်မယ်.. သူ့ထက်သာတဲ့မယား ရှားလိမ့်မယ်...

ပြည်ထဲရေးဝန်ကြီးဋ္ဌာနတွင် ရုံးအုပ်စာရေးကြီးဖြစ်ပြီး လစာဖရန့်ငွေ (၃၅၀၀) ရရှိခဲ့သော အမ်လန်တင်းက သူမကို ချစ်ခွင့်ပန်ပြီး လက်ထပ်ခွင့်ရခဲ့သည်။ သူ မယုံနိုင်လောက်အောင်ပင် ပျော်ရွှင်ခဲ့သည်။ သူမသည် အိမ်မှုကိစ္စတို့ကို သူမတူအောင် ကျွမ်းကျင်သောကြောင့် သူတို့ဘဝမှာ စည်းစိမ်ပြည့်ဝခဲ့သည်။
သူမ မလိုက်နာ မဖြည့်ဆည်းသည့် လင်သားအလို တစ်ခုမရှိခဲ့ချေ။ သူမ စွမ်းရည်မည်မျှ ပြည့်ဝခဲ့သနည်းဟူမူကား အိမ်ထောင်သက်ခြောက်နှစ်ခန့် အကြာတွင် အမ်လန်တင်းသည် သူမကို ကနဦးချစ်ခဲ့စဉ်ကထက် ပို၍ပင် ချစ်မိခဲ့သည်။

သူသည် သူမ၏ အကြိုက်နှစ်ခုကို သတိပြုမိသည်။ တစ်ခုကား သူမ ပြဇတ်ကြိုက်တတ်မှုနှင့် နောက်တစ်ခုကား လက်ဝတ်ရတနာအတုတို့ကို တမက်တမောကြိုက်နှစ်သက်မှုပင်ဖြစ်သည်။ သူမသည် အရာရှိငယ် တော်တော်များများ၏ ဇနီးမယားများနှင့် မိတ်ဆွေသူငယ်ချင်းပမာ အကျွမ်းတဝင်ရှိခဲ့သည်။
တစ်ခါတစ်ရံတွင် သူတို့က လူကြိုက်များသော ပြဇတ်များကို ပွဲဦးအတွက်ပင် လက်မှတ်များ အမြဲတစေ လက်ဆောင်ပေးလေ့ရှိသည်။ သူမကလည်း တစ်နေကုန် အလုပ်တွင် လက်ပန်းကျလာခဲ့သည့် သူမ လင်ယောက်ျားကို ထိုပြဇတ်များသို့ အလိုတူ မတူ တရွတ်ဆွဲ ခေါ်သွားလေ့ရှိသည်။ သို့ဖြင့် ပြဇတ်ပွဲပြီးလျှင် သူမကို အိမ်အပြန်လိုက်ပို့မည့် အမျိုးသမီးသူငယ်ချင်းတစ်ဦးကိုသာ အဖော်ပြုပြီးသွားရန် အမ်လန်တင်းက တောင်းတောင်းပန်ပန်ဆိုခဲ့ရသည်။

ဤသည်ကို သူမက အင်တင်တင် ဖြစ်ခဲ့ရသည်။ သူပြောသလိုပင် မိန်းမဖော်တစ်ယောက်ရှာသွားရန်ကို အကြာကြီး စဉ်းစားခဲ့သည်။ အတော်အဆင်မပြေမည့်ကိစ္စဟု အမ်လန်တင်းကို ပြောခဲ့သည်။ သို့သော်လည်း နောက်ဆုံးတွင် သူ၏ တိုက်တိုက်တွန်းတွန်းစကားကို သူမ လက်ခံသဘောတူလိုက်ရာ သူကပင်လျှင် သူမကို လေးလေးနက်နက် ကျေးဇူးတင်မိသည်။

သည်ပြဇတ်ကြိုက်သည့် စရိုက်ကပင်လျှင် သူမရင်ထဲ အလှပြင်လိုစိတ် ပေါ်လာစေခဲ့ပြန်သည်။ သူမ အလှပြင်ကိရိယာတို့က ရိုးရိုးစင်းစင်းမျှသာဖြစ်သည်။ ပပလွှားလွှားအသွင် မပေါက်စေသော်လည်း သားနားစေသည်က အမှန်ပင်။
သူမ၏ နူးညံသိမ်မွေ့သောအလှ၊ တစ်ဖက်သား ရတက်ပွားစေတတ်သော မျက်စိသူငယ်နားသူငယ်ဟန်၊ ညင်သာလှသောအပြုံး..ဤသည်ကို ထည်ဝါမှုကင်းလှသည့် ဂါဝန်လေးက ပံ့ပိုးမှုပြုရုံမျှသာဖြစ်သည်။ သူမသည်တကယ့်စိန်ပွင့်များအလားထင်ရသော ဧရာမစိန်တုကြီးနှစ်လုံးဆင်သော နားကွင်းဆွဲခဲ့သည်။
ထို့ပြင် လည်ပင်းတွင် ပုလဲတုပုတီးတစ်လုံး ချိတ်ဆွဲခဲ့သည်။ အလားတူ ကျောက်မျက်ရတနာတို့ဆင်သော လက်ကောက်များ ဝတ်ဆင်ခဲ့သည်။

သည်အတုအပများကို အလေးထားလွန်းသော သပ်ရပ်မှုကို သူမ လင်ယောက်ျားက ဘဝင်မကျခဲ့ချေ။
►အချစ်ရေ..တကယ့်လက်ဝတ်ရတနာတွေဆင်ဖို့ ဓနအင်အားမရှိတဲ့အခါမှာ ကိုယ့်ပင်ကိုအလှလေးတွေကိုပဲ ဝတ်ဆင်ပြီး ဂုဏ်ယူသင့်တယ်.. အဲဒါကမှ ပုလဲအစစ်အမှန်တွေပဲ...
သို့သော် အေးဆေးစွာပြုံးရင်းဖြင့် သူမက တုံ့ပြန်ပြောဆိုလိုက်သည်။
►ဘယ်တတ်နိုင်မလဲရှင်ရယ်.. ကျွန်မက ဒါတွေကို ကြိုက်တာကိုး.. ဒါက ကျွန်မရဲ့ အားနည်းချက်ပဲ..
  ရှင့်စကား အကြွင်းမဲ့မှန်တာကို ကျွန်မသိပါတယ်.. ဒါပေမယ့် ကျွန်မကိုယ်ကျွန်မ ပြုပြင်လို့မှမရတာ..
  ကျွန်မ တကယ့်လက်ဝတ်ရတနာတွေလို့ မှန်းရွယ်ပြီး ကြိုက်လိုက်မယ်....
ထို့နောက် သူမသည် ပုလဲလုံးများကို သူမ၏ လက်ချောင်းများဖြင့် လိမ်လှည့်ပြီး ပြောဆိုလိုက်သည်။
►ကြည့်စမ်းပါဦး.. ဘယ်လောက်ပီပြင်သလဲဆိုတာ.. အစစ်လို့ ကျိန်ပြောလောက်အောင်ပဲ...

တစ်ခါတစ်ရံတွင် ညဦးပိုင်းကာလ မီးလင်းဖိုရှေ့တွင် သူတို့ထိုင်နေစဉ် သူမသည် သူမ၏ လက်ဝတ်ရတနာဘူးကို ထုတ်ယူလာပြီး ဘေးစားပွဲငယ်တွင်တင်သည်။ သည့်နောက် ဘူးထဲရှိ လက်ဝတ်ရတနာများ၏ နောက်ကွယ်တွင် လျှို့ဝှက်နက်နဲသော ဇတ်လမ်းတစ်ပုဒ်ရှိသည့် သဏ္ဌန်
ဖြင့်ယင်းတို့ကို အလေးအနက် စစ်ဆေးကြည့်ရှုသည်။

သူမသည် သူမလင်ယောက်ျား၏ လည်ပင်းတွင် ပုလဲပုတီးများ အထပ်ထပ်ဆွဲပေးတတ်သည်။ ထို့နောက် လက်ခုပ်တီးကာ ပျော်ရွှင်စွာ အော်ဟစ်လေ့ရှိသည်။
►ကြည့်စမ်းပါဦး.. ရှင်အဲဒါကို ဝတ်လိုက်တော့ ဘယ်လောက်အရူးအပေါပုံ ပေါက်သွားလဲလို့...
 သည့်နောက်တော့ သူမ၏ ရင်ခွင်ထဲ ပြေးဝင်ပြီး သူ့ကို အငမ်းမရ ပွေ့ဖက်နမ်းရှုပ်လိုက်သည်။

ဆောင်းကာလတစ်ညနေတွင် သူမသည် အော်ပရာပြဇတ် သွားကြည့်ခဲ့သည်။ အိမ်ပြန်ရောက်သောအခါတွင်
သူမ ခိုက်ခိုက်တုန်အောင်ချမ်းနေသည်။ နောက်တစ်နေ့တွင် သူမ အပြင်းအထန်ချောင်းဆိုးနေသည်။
သီတင်းပတ်တစ်ပတ်အကြာတွင် သူမ ကွယ်လွန်သွားသည်။
အမ်လန်တင်းသည် သူမအုတ်ဂူထဲ ထက်ကြပ်နီးပါးလိုက်လု ဖြစ်သွားခဲ့သည်။ သူ၏ ပူဆွေးဗျာပါဒကြီးမားသော
တစ်လတာကာလအတွင်းမှာပင် သူ့ဆံပင်တို့ လုံးဝဥဿုံဖွေးသွားသည်။ သူ အဆက်မပြတ် ငိုကြွေးခဲ့သည်။
သူ့စိတ်ဝိညာဉ်ပင်လျှင် ဝေဒနာကိုခံစားရင်း မရှူနိုင် မရှိုက်နိုင်ဖြစ်နေဟန် ပေါ်ပေါက်ခဲ့သည်။ကွယ်လွန်ခဲ့ရှာသော သူ့ဇနီး၏ အပြုံးအရွှင်၊ အသံ၊ အလှတို့ကသာလျှင် သူ့စိတ်မှတ်ဥာဏ်ကို ထာဝရစိုးမိုးနေသည်။

သူ့ရင်ထဲကသောကကို အချိန်ပင်လျှင် မကုစားနိုင်ခဲ့ချေ။ သူ့ရုံးတွင် သူ့လုပ်ဖော်ကိုင်ဖက်များက တောင်တောင်မြောက်မြောက် လေသင့်ရာလျှောက်ပြောနေစဉ် သူ့ပါးများတုန်ယင်လာသည်။ သူ့မျက်လုံးများတွင် မျက်ရည်တို့ လျှံတက်လာသည်။ ပြီးတော့ အတင်းဖျစ်ညှစ်၍ ငိုရှိုက်မိသည်။
သူသည် သူ့ဇနီးသည်အခန်းကို ခြေရာလက်ရာမပျက် သူမ ရှိစဉ်ကအတိုင်းထားပြီး နေ့စဉ်ပင်လျှင် အခန်းထဲဝင်၍ ကမ္မဋ္ဌာန်းရှုသကဲ့သို့ ပြုလုပ်သည်။ သူမ၏ ပရိဘောဂအားလုံး၊ အဝတ်အစားအားလုံးကိုပင်လျှင် ထကြမ္မာဆိုးသင့်သည့်နေ့ကအတိုင်း လက်ရာမပျက်ထားသည်။

သူ့အဖို့ နေရေးထိုင်ရေးတို့ ခက်ခဲကျပ်တည်းလာသည်။ သူ့ဇနီးသည်၏ စီမံခန့်ခွဲမှုအောက်တွင် သူတို့နှစ်ဦးစလုံး၏ စားဝတ်နေရေးကို အလျှံအပယ်ဖြည့်ဆည်းပေးနိုင်ခဲ့သော သူ၏ဝင်ငွေသည် ယခုအခါတွင် သူ့တစ်ယောက်တည်းအတွက်ပင် မလောက်မငဖြစ်နေသည်။
သူ ဝယ်ယူရန် မတတ်နိုင်တော့သော အကောင်းဆုံးဝိုင်အရက်များကို သူမ မည်သို့မည်ပုံ ဝယ်ယူနိုင်ခဲ့သည်ကို သူ အတော်စဉ်းစားရကျပ်ခဲ့သည်။

သူ အကြွေးတင်လာပြီး ရုတ်တရက် ဆင်းရဲချို့တဲ့လာသော လူတို့ကဲ့သို့ပင် သူသည် အရူးအမှုး ငွေရှာဖွေလာသည်။ လစာထုတ်ရန် တစ်ပတ်တိတိအလို တစ်မနက်တွင် တစ်ပြားမှမရှိသည့် အခြေအနေကို ကြုံသောအခါတွင်
တစ်စုံတစ်ရာကို ရောင်းချရန် စဉ်းစားလိုက်သည်။ သူ့မိန်းမ၏ ရတနာသိုက်လေးကို တစ်ချက်ကြည့်ရန် သူ ရုတ်တရက် အတွေးဝင်လာသည်။
တကယ်တမ်းပြောရလျှင် ထိုလက်ဝတ်ရတနာတို့ကို မလိုလား။ ရင်ထဲ နဂိုကတည်းကရှိနေသောကြောင့် ထိုပစ္စည်းတို့ကို အရင်ဆုံး စိတ်မျက်စိကျသွားခြင်းဖြစ်သည်။ ထိုပစ္စည်းလေးကို မြင်ရသည်ကပင် သူ့အချစ်၏ ပကတိအလှကို စွန်းထင်းစေသည်ဟု သူထင်မိခဲ့သည်။

လက်ဝတ်ရတနာဘူးများကို မွှေနှောက်ရှာဖွေရသည့်အလုပ်က အတော်ပင်ခက်ခဲခဲ့သည်။ အဘယ့်ကြောင့်ဆို
သော် သူ့ဇနီးသည်သည် သူမဘဝ၏ နောက်ဆုံးနေ့အထိပင်လျှင် ခေါင်းမာစွာ ဈေးဝယ်ထွက်ခဲ့သည်။
ပြဇတ်ကြည့်ပြီး အိမ်အပြန်တွင် လက်ဝတ်ရတနာအသစ်တစ်ခုခု ပါမလာသည့်ရက် မရှိသလောက်ပင်ဖြစ်ခဲ့သည်။
နောက်ဆုံးတွင် သူသည် လှပသောလည်ဆွဲတစ်ခုကို ရွေးလိုက်သည်။
ကျေက်မျက်အတုများ ဆင်ထားပါသော်လည်း လက်ရာမြောက်လှပါသောကြောင့် အနည်းဆုံး ဖရန့်ငွေ ခြောက် (သို့မဟုတ်) ခုနှစ်ခန့် ထိုက်တန်သည်ဟု သူယူဆလိုက်သည်။

ထိုလက်ဝတ်ရတနာကို အိတ်ကပ်ထဲထည့်ပြီး ဝန်ကြီးရုံးဘက်သို့ သူ လမ်းလျှောက်ထွက်လာခဲ့သည်။ စိတ်ချယုံကြည်လောက်သော ရတနာသည်ကို ရှာဖွေခြင်းပင်။ စတိုးဆိုင်တစ်ဆိုင်ကို တွေ့သောအခါ သူ ဝင်ရောက်သွားသည်။ သူ ဆင်းရဲချို့တဲ့နေကြောင်း လူသိရှင်ကြား ဖော်ကျူးပြသနေရကိန်း ဆိုက်နေ၍ ဒေါသကျိတ်ဖြစ်နေသည်ကတစ်မျိုး၊ အဖိုးမတန်လှသော ဤပစ္စည်းလေးကို ရောင်းချရန် ကြိုးစားနေရသည်ကို ရှက်ရွံ့မိသည်ကတစ်မျိုးဖြစ်နေသည်။

သူသည် ကုန်သည်ထံ ချဉ်းကပ်သွားပြီး ပြောလိုက်သည်။
►တဆိတ်ဗျာ..ဒါလေးကို ခင်ဗျား ဘယ်လောက်ဈေးဖြတ်မလဲ...
ထိုသူက လည်ဆွဲကို ယူလိုက်သည်။ နောက်ကို လှည့်ကြည့်လိုက်သည်။ အလေးချိန်ကို ချိန်ဆလိုက်သည်။
သူ့အဒေါ်ကို လှမ်းခေါ်လိုက်ပြီး အသံတိုးတိုးဖြင့် ပြောဆိုသည်။ ထို့နောက် လည်ဆွဲကို ကောင်တာပေါ်တင်လိုက်
ပြီး လည်ဆွဲ၏ အရှိန်အဝါကို လေ့လာအကဲဖြတ်သကဲ့သို့ ခပ်လှမ်းလှမ်းမှ သေချာလှမ်းကြည့်လိုက်သည်။
ဤထွေလီလှသော လုပ်ငန်းစဉ်တို့ကြောင့် တအံ့တသြဖြစ်နေသော အမ်လန်တင်းသည်-
►သြော်..ဒါ တစ်ပြားမှ မတန်တာကို ကျွန်တော်သိပါတယ်...ဟု ပြောလုပြောခင်မှာပင် ဆိုင်ရှင်က ဆိုလိုက်သည်။
►နောင်ကြီး..ဒီပစ္စည်းက ဖရန့်ငွေ တစ်သောင်း..နှစ်သောင်းကနေ တစ်သောင်းခွဲလောက် တန်ကြေးရှိတယ်..
 ဒါပေမယ့် ခင်ဗျား ဒါကို ဘယ်လိုပိုင်ဆိုင်ရထားတယ်ဆိုတာ အတိအကျမသိဘဲနဲ့ ခင်ဗျားဆီက မဝယ်နိုင်ဘူး...

အမ်လန်တင်းက မျက်လုံးပြူးပြူးနှင့် နှုတ်ဆိတ်ပြီး နားမလည်စွာ ကြောင်ကြည့်နေသည်။ နောက်ဆုံး အထစ်ထစ်အငေါ့ငေါ့ ဆိုလိုက်မိသည်။
►ခင်ဗျား..သေ..သေချာရဲ့လား...
ဆိုင်ရှင်သည် အမ်လန်တင်း၏ သဘောထားကို ဘဝင်မကျဟန် ရှိခဲ့သည်။ ထိန်းထိန်းသိမ်းသိမ်း ပြန်ပြောခဲ့သည်။
►ခင်ဗျား..ဒါ့ထက် ဈေးရမယ်လို့ ထင်ရင်ယူသွားပါ.. ကျွန်တော်ကတော့ ဒါကို တစ်သောင်းခွဲတန်တယ်လို့ပဲ
  သတ်မှတ်တယ်.. ဒီဈေးထက် ပိုပေးတဲ့သူ မရှိရင်တော့ ခင်ဗျား ဒီကို ပြန်လာလို့ရပါတယ်...

ခပ်ကြောင်ကြောင်ဖြစ်နေသော အမ်လန်တင်းသည် လည်ဆွဲကို ကောက်ယူပြီး ဆိုင်ထဲမှထွက်ခဲ့သည်။
တစ်ယောက်ထီးတည်း အနှောင့်အယှက်ကင်းကင်းနေလိုစိတ် ရုတ်တရက်ပေါ်လာမိသည်။ သို့သော်လည်း သူသည် ခပ်လှမ်းလှမ်းသို့မရောက်ခင်မှာပင် ရယ်ချင်စိတ် ရုတ်တရက်ပေါ်လာပြီး တွေးလိုက်သည်။
►တုံးလိုက်တဲ့ကောင်..တကယ့်အရူးပဲ.. ငါ သူ့စကားကို ချက်ချင်းလက်ခံပြီး သူပေးတဲ့ငွေ ယူလာခဲ့ရင်..ဟာ..လွဲရော..ရတနာကုန်သည်လုပ်နေပြီး ကျောက်မျက်အတုနဲ့အစစ်တောင် ခွဲခြားမသိဘူးရယ်လို့...

သည့်နောက် သူသည် ဒီလာပိစ်လမ်းမရှိ အခြားရတနာဆိုင်တစ်ဆိုင်သို့ ဝင်ရောက်သွားပြန်သည်။ ရတနာကုန်သည်သည် လည်ဆွဲကိုတွေ့လိုက်သည်နှင့် အော်လိုက်သည်။
►ဟာ..ဒီလည်ဆွဲကို ကျွန်တော် ကောင်းကောင်းသိတာပေါ့.. ကျွန်တော်ကိုယ်တိုင်ရောင်းခဲ့တဲ့ လည်ဆွဲပဲ...

အတော်စိတ်အနှောင့်အယှက်ဖြစ်သွားကာ အမ်လန်တင်းက မေးလိုက်သည်။
►ဒါ ဘယ်လောက်တန်လဲ...
►ဆရာ..ကျွန်တော် ဒီလည်ဆွဲကို ဖရန့်ငွေနှစ်သောင်းခွဲနဲ့ ရောင်းခဲ့ပါတယ်.. ဒီလည်ဆွဲကို ဆရာ ဘယ်လိုများရရှိခဲ့သလဲဆိုတာ ပြောပြနိုင်ရင်တော့ ကျွန်တော် ငွေတစ်သောင်းရှစ်ထောင်နဲ့ ပြန်ဝယ်ဖို့အသင့်ပါပဲ...

သည်တစ်ကြိမ်တွင် အမ်လန်တင်းသည် တအံ့တသြ ကြက်သေသေစွာ ထိုင်နေမိသည်။ အတော်ကြာမှ အထစ်ထစ်အငေါ့ငေါ့ ဆိုလိုက်မိသည်။
►သေ..သေချာ စစ်ဆေးကြည့်ပါဦးဗျာ.. ကျွန်တော်က ဒါကို အတုလို့ မှတ်နေခဲ့တာ...
ရတနာကုန်သည်က မေးလိုက်သည်။
►လူကြီးမင်းရဲ့ နာမည်ကို သိပါရစေခင်ဗျာ...
►ဟုတ်ကဲ့..ကျွန်တော့် နာမည် အမ်လန်တင်းပါ.. ကျွန်တော် ပြည်ထဲရေးဋ္ဌာနမှာ လုပ်ပါတယ်.. ဒက်စ်မာတြစ်လမ်း အိမ်နံပါတ် (၁၆)မှာ နေပါတယ်...
ရတနာကုန်သည်က သူ့လယ်ဂျာစာအုပ်ကိုဖွင့်ကာ ကြည့်ပြီးနောက် ပြောလိုက်သည်။
►ဒီလည်ဆွဲကို (၁၈၇၆)ခုနှစ်၊ ဇူလိုင်လ (၂၀)ရက်နေ့က ဒက်စ်မာတြစ်လမ်း အိမ်နံပါတ် (၁၆)မှာ နေထိုင်တဲ့
  မဒမ်လန်တင်းထံသို့ ပေးပို့ခဲ့ပါတယ်...

သူတို့ တစ်ယောက်ကိုတစ်ယောက် ပြူးကြည့်မိလိုက်သည်။ ရုံးအုပ်စာရေးကြီးက မှင်တတ်မိလျက်။
ရတနာကုန်သည်က သူခိုးတစ်ယောက်မိနေပြီလားဟုသော သံသယဖြင့်။
ရတနာကုန်သည်က ပြောလိုက်သည်-
►ခင်ဗျား..ဒါလေးကို တစ်ရက်လောက်ထားခဲ့နိုင်မလား.. ကျွန်တော် ပစ္စည်းလက်ခံရရှိထားကြောင်း ဖြတ်ပိုင်းတစ်ခု ရေးပေးပါ့မယ်...
►ရပါတယ်...
အမ်လန်တင်းသည် ဒရောသောပါး ပြောလိုက်မိသည်။ သူသည် ဖြတ်ပိုင်းလေးကို အိတ်ထဲခေါက်ထည့်ရင်း ဆိုင်ထဲမှ ထွက်လာခဲ့သည်။

ထို့နောက် သူ လမ်းကိုဖြတ်ကူးလိုက်သည်။ တစ်ကျော့ပြန်လှည့်သွားခဲ့သည်။ သူသွားရမည့်လမ်းနှင့် လှမ်းသွားသည်ကို သတိပြုမိ၍ တူးလ်လီရီးစ်အဆောက်အအုံရှေ့ ပြန်လျှောက်ခဲ့သည်။ သူမှားသွားပြန်ကြောင်း သတိပြုလိုက်မိသည်။ ထို့ကြောင့် စိန့်မြစ်ကူးတံတားကို ဖြတ်လိုက်ပြန်သည်။ ချန်ဖ်အီလိုင်ဇီးလမ်းမဘက်သို့ ပြန်လျှောက်လာခဲ့သည်။ ခေါင်းထဲတွင် ပီပီသသအချက်တစ်ခုမှ ရှိမနေခဲ့ချေ။
သူ ဖျစ်ညှစ်ပြီး စဉ်းစားလိုက်သည်။ သူ့ဇနီးသည်က သည်မျှဈေးကြီးသော လက်ဝတ်တန်ဆာတို့ကို ဝယ်နိုင်ခဲ့မည်မဟုတ်ချေ။ မဝယ်နိုင်ခဲ့မည်မှာ ဧကန်မုချပင်။ သို့ဖြင့် ကောင်းပြီ..လက်ဆောင်ပစ္စည်းတစ်ခုပေါ့။
ဘယ်သူ့ဆီက လက်ဆောင်ပစ္စည်းလဲ..ဘာအတွက်လဲ...။

သူ တုန့်ခနဲဖြစ်သွားသည်။ လမ်းမပေါ်တွင် တောင့်တောင့်ကြီးရပ်နေမိသည်။ လမ်းလယ်ခေါင်တွင် ကြက်သေသေလျက် ဆိုးဝါးလှသော အတွေးသည် သူ့ခေါင်းထဲ ဖျတ်ခနဲပြေးသွားသည်။
သူမ..သူမ ဖြစ်နိုင်ပါ့မလား။ အခြားလက်ဝတ်ရတနာများကရော လက်ဆောင်များပင်လော။ သူသည် ကမ္ဘာကြီးတစ်ခုလုံး တုန်ခါသွားသည်ကို ခံစားလိုက်မိသည်။ သူ့ရှေ့မှ သစ်ပင်က သူ့အပေါ်ကျလာသည့်အသွင် ပေါက်ခဲ့သည်။ သူသည် ကျလာသည့်သစ်ပင်ကို ဟန့်တားသည့်ပုံစံ လက်ကားယား၊ ခြေကားယားဖြင့် မြေကြီးပေါ် ပစ်လဲကျသွားသည်၊ သတိလစ်လျက်။

သူသည် လမ်းသွားလမ်းလာတချို့အကူအညီဖြင့် သူရောက်ရှိသွားခဲ့ရာ လမ်းဘေးဆေးခန်းတစ်ခုတွင် သတိပြန်လည်လာသည်။ သူသည် သူ့ကို အိမ်လိုက်ပို့ပေးပါရန် အကူအညီတောင်းလိုက်သည်။ အိမ်ရောက်သောအခါ အခန်းတံခါးကို အတွင်းမှ သော့ခတ်လိုက်သည်။
သူသည် မိုးချုပ်လာသည့်အချိန်အထိ ခါးခါးသီးသီး ငိုကြွေးမိသည်။ ငိုရှိုက်သံများ အပြင်သို့ လျှံထွက်မသွားစေရန် ပါးစပ်ထဲတွင် လက်ကိုင်ပဝါတစ်ထည် စို့ထားခဲ့သည်။ ထို့နောက် သူသည် သူ့ခုတင်သို့ ဒယီးဒယိုင်ဖြင့် လျှောက်သွားသည်။ စိတ်ပန်းလူပန်းဖြစ်ပြီး ရင်ထဲတွင် လောင်မီးကျနေသည့် အနေအထားဖြင့် သူသည် လေးလေးပင်ပင် အိပ်မောကျသွားခဲ့သည်။

နေခြည်တစ်တန်းက သူ့ကိုလှုပ်နှိုးလိုက်သည်။ သူသည် ရုံးသွားရန် ဖြည်းညင်းစွာထလိုက်သည်။ ထိုသို့သော ရိုက်ချက်မျိုးခံရပြီးနောက် သူ အလုပ်ကို ပုံမှန်ဆက်လက်လုပ်ကိုင်ရန် အတော်ခက်ခဲပေမည်။ သူသည် ခွင့်ယူသင့်ကြောင်း ဆင်ခြင်မိပြီး သူ့အထက်အရာရှိထံ ခွင့်စာတစ်စောင် ရေးလိုက်သည်။ သည့်နောက် ရတနာကုန်သည်ထံသို့ သူ ပြန်သွားသင့်ကြောင်း တွေးမိပြီး ရှက်လွန်း၍ မျက်နှာရဲတက်သွားသည်။
သူသည် ကသုတ်ကရက် အဝတ်အစားဝတ်ပြီး အပြင်ထွက်လာခဲ့သည်။

အမ်လန်တင်းသည် လမ်းအတိုင်းလျှောက်ရင်း သူ့ကိုယ်သူ ပြောလိုက်သည်။
►ပိုက်ဆံချမ်းသာတဲ့အခါ စိတ်ချမ်းသာဖို့လွယ်လိုက်တာ.. ပိုက်ဆံရှိလို့ကတော့ သောကမှန်သမျှပါ ခဝါချလို့ရတယ်.. ကြိုက်သလိုဆက်နေသွားလို့ရတယ်.. ခရီးသွားလို့ရတယ်.. ပျော်ပါးလို့ရတယ်.. ငါသာ တကယ်ချမ်းသာလို့ကတော့ကွာ...

ထို့နောက် သူ ဗိုက်ဆာနေမှန်း သတိပြုမိသည်။ လွန်ခဲ့သောညနေကတည်းက ဘာမှမစားဖြစ်ခဲ့။ သို့သော် သူ့အိတ်ကပ်ထဲ ပိုက်ဆံတစ်ပြားတစ်ချပ်မှ မရှိခဲ့ချေ။ သူသည် လည်ဆွဲအကြောင်း သူ့ကိုယ်သူ သတိပေးလိုက်မိသည်။ ဖရန့်ငွေ တစ်သောင်းရှစ်ထောင်..နည်းနည်းနောနောငွေ မဟုတ်ချေ။
သူသည် ဒီလာပီစ်လမ်းသို့ရောက်လာသည်။ ဆိုင်းဘုတ်မျက်နှာချင်းဆိုင်လမ်းဘက်တွင် ခေါက်တုံ့ခေါက်ပြန် လျှောက်မိသည်။ ဖရန့်ငွေ တစ်သောင်းရှစ်ထောင်။ သူသည် ဆိုင်ထဲသို့ဝင်ရောက်ရန် အကြိမ်ပေါင်းနှစ်ဆယ်မက ခြေလှမ်းစမိသည်။ ရှက်ရွံ့မှုက သူ့ခြေလှမ်းတို့ကို ပြန်လည်ဟန့်တားခဲ့သည်။
သူ ဆာလောင်နေသည်။ ငတ်မွတ်နေသည်ဟုပင် ဆိုလောက်သည်။ ခက်သည်က သူ့လက်ထဲတွင် တစ်ပြားမှပင် မရှိ။ နောက်ဆုံးတွင် သူ့စိတ်ကို ဒုန်းဒုန်းချလိုက်သည်။ သူ့လုပ်ရပ်ကို သူတွေးချိန်မရစေအောင်ပင် လမ်းတစ်ဖက်မှနေ၍ ဆိုင်ထဲအရောက် ဒုန်းစိုင်းပြေးဝင်လာခဲ့သည်။

သူ့ကိုတွေ့သည်နှင့် ဆိုင်ရှင်က တခမ်းတနားကြိုဆိုလိုက်သည်။ ဖော်ရွေလှိုက်လှဲစွာပြုံး၍ ကုလားထိုင်တစ်လုံး
ထိုးပေးသည်။ ဆိုင်ရှင်၏လုပ်ငန်းဖက်များကလည်း အခန်းထဲဝင်လာကြသည်။ အမ်လန်တင်း၏ အနားတွင်
ထိုင်လိုက်ကြသည်။ သူတို့ မျက်လုံးများက ပြုံးလို့။ သူတို့နှုတ်ခမ်းများက ပြုံးလို့။
ဆိုင်ရှင်က ဆိုညွှန်းလိုက်သည်။
►ကျွန်တော် ကျေနပ်သွားပါပြီ လူကြီးမင်း.. လူကြီးမင်း မနေ့ကအတိုင်း သဘောထားမပြောင်းသေးဘူးဆိုရင် ကျွန်တော်တို့ သဘောတူခဲ့တဲ့ကြေးပေးဖို့ အသင့်ပါဘဲ...
►ဟုတ်ကဲ့..မပြောင်းပါဘူး...

အမ်လန်တင်းက အထစ်ထစ်အငေါ့ငေါ့ဖြင့် ဆိုလိုက်သည်။ ဆိုင်ရှင်သည် အံဆွဲထဲမှ ငွေစက္ကူအရွက်ကြီး ၁၈ရွက်ကို ထုတ်ယူလိုက်သည်။ ရေတွက်လိုက်ပြီး အမ်လန်တင်းကို ကမ်းပေးလိုက်သည်။ အမ်လန်တင်းက ငွေရရှိ
ကြောင်း လက်ခံဖြတ်ပိုင်းတစ်ခုကို လက်မှတ်ရေးထိုးလိုက်ပြီး တုန်ယင်နေသော လက်များဖြင့် ငွေစက္ကူတွေကို အကျီအိတ်ကပ်ထဲ ထိုးထည့်လိုက်သည်။
ထို့နောက် ဆိုင်ထဲမှ ထွက်လုထွက်ခင်မှာပင် သူသည် မြိန့်မြိန့်ကြီးပြုံးနေသော ဆိုင်ရှင်ဘက်သို့လှည့်၍ မျက်လွာချရင်း ပြောလိုက်သည်။
►ကျွန်တော့်မှာ နောက်ထပ်ကျောက်မျက်ရတနာတွေ ရှိသေးတယ်.. ဒီပုံစံနဲ့ပဲ ကျွန်တော် ရခဲ့တဲ့ဟာတွေပေါ့..
ခင်ဗျားတို့ အဲဒါတွေဝယ်ဖို့ ဆန္ဒများရှိမလား...

ရတနာသည်က ခေါင်းညိတ်လိုက်သည်။
►ဝယ်တာပေါ့ လူကြီးမင်း...
ရတနာဆိုင်ရှင်၏ စီးဖွားဖက်တစ်ယောက်က မရယ်မိအောင် အတင်းဖျစ်ညှစ်ကြိုးစားခဲ့ရသည်။ အခြားတစ်ဦးကမူ ဟန်မလုပ်နိုင်ခဲ့၍ အခန်းထဲမှ ကသုတ်ကရက် ထွက်သွားခဲ့ရသည်။
မျက်နှာထားတည်တည် မှုန်ကုပ်ကုပ်ဟန်ဖြင့် အမ်လန်တင်းက ပြောလိုက်သည်။
►ဟုတ်ကဲ့..ယူလာခဲ့ပါ့မယ်...

နောက်တစ်နာရီအကြာတွင် ဆိုင်သို့ သူပြန်ရောက်လာသောအခါ သူ မစားမသောက်ရသေးချေ။ သူတို့သည်
လက်ဝတ်ရတနာတစ်ခုချင်းကို စစ်ဆေးကြည့်ရှု၍ ဈေးဖြတ်ခဲ့သည်။ ထို့နောက် သူတို့အားလုံး အမ်လန်တင်း၏ အိမ်သို့ လိုက်ပါလာခဲ့ကြသည်။
ယခုတော့ အမ်လန်တင်းသည် ရောင်းရေးဝယ်တာ စီးပွားရေးဈာန်ဝင်လာသည်။ အငြင်းအခုံပြု၊ ဈေးဆစ်လာသည်။ သူတို့ အရောင်းအဝယ်ဖြတ်ပိုင်းများကြည့်လိုကြောင်း တောင်းဆိုခဲ့သည်။ တန်ဖိုးတို့ တရိပ်ရိပ်တဖြည်းဖြည်း တိုးတက်များပြားလာသည်နှင့် သူလည်း ပို၍ပို၍ စိတ်လှုပ်ရှားတက်ကြွလာသည်။

ထည်ဝါခန့်ညားလှပသော နားဆွဲများက ဖရန့်ငွေ ၂၀၀၀၀ တည့်ခဲ့သည်။ လက်ကောက်များက ဖရန့်ငွေ ၃၅၀၀၀။
ရင်ထိုး၊ ဘယက်တို့က ဖရန့်ငွေ ၁၆၀၀၀။ စုစုပေါင်း ပစ္စည်းအားလုံးကို ဖရန့်ငွေ ၁၉၆၀၀၀ နှင့် ဈေးဖြတ်လိုက်ကြသည်။
ရတနာပိုင်ရှင်က အားရပါးရ လေသံကြီးဖြင့် ချီးကျူးလိုက်သည်။

►လက်ဝတ်ရတနာတွေထဲ ငွေရင်းနှီးမြှပ်နှံလိုက်ရင် ဒီလိုအကျိုးရှိသဗျ...
အမ်လန်တင်းကလည်း အလေးအနက် ပြောလိုက်သည်။
►အဲဒါတွေက ရင်းနှီးမြှပ်နှံစရာ နည်းလမ်းတစ်ရပ်ပေါ့လေ...

နောက်တစ်နေ့တွင် အခြားကျွမ်းကျင်ရာဖြတ်တစ်ဦး ကြည့်ရှုဈေးသတ်မှတ်ပေးရန် သဘောတူပြီးနောက်တွင် ရတနာကုန်သည်နှင့် သူ့လူများ ပြန်သွားကြသည်။
သူတို့ ပြန်သွားပြီးနောက် အတန်ကြာတွင် အမ်လန်တင်းသည် အိမ်မှ ထွက်လာခဲ့သည်။ လမ်းပေါ်သို့ရောက်သည်နှင့် သူသည် ဗန်ဒွန်ကျောက်တိုင်ကြီးကို မော့ကြည့်မိလိုက်သည်။ ထိုကျောက်တိုင်ကြီး၏ထိပ်သို့ ခုန်ပေါက်
တက်ချင်စိတ် ပေါက်လာခဲ့သည်။ ကျောက်တိုင်ကြီးထိပ် တိမ်တိုက်များကြားတွင် မားမားကြီးရပ်နေသော
ဧကရာဇ်ဗန်ဒွန်နှင့် ဖားခုန်ခုန်တမ်း ကစားနိုင်လောက်အောင် သူ့ကိုယ်သူ ပေါ့ပါးသလို ခံစားမိခဲ့သည်။

သူသည် အစားအသောက်စားသုံးရန် ထည်ဝါလှသော စားတော်ဆက်တစ်ခုထဲသို့ ဝင်ရောက်သွားခဲ့ပြီး တစ်ပုလင်းလျှင် ဖရန့်ငွေ ၂၀ပေးရသော ဝိုင်အရက်ကို သောက်ခဲ့သည်။
ထို့နောက် သူသည် ရထားလုံးတစ်စီးဌား၍ ဘွိုဂိစ်ဒီဘိုလော့ခ်ရင်ပြင်တစ်လျှောက် ပတ်မောင်းစေခဲ့သည်။
သူသည် တောက်ပနေသော အခြားရထားလုံးများကို ကြည့်၍ အားရပါးရ အော်ဟစ်ကြေငြာလိုစိတ်ကို ထိန်းချုပ်ထားခဲ့ရသည်။ သူ အော်ချင်သော စကားကတော့-
►ငါလည်း ချမ်းသာသကွ.. ငါ့မှာ ဖရန့်ငွေ ၂၀၀၀၀၀ ရှိသကွ...

သူသည် သူ့ရုံးအကြောင်း တွေးလိုက်မိသည်။ သူ့ရထားလုံးကို သူ့ရုံးသို့ မောင်းစေခဲ့သည်။ သူ့ဆရာ၏ ရုံးခန်းထဲသို့ ဝင်ရောက်ပြီး လေးလေးနက်နက် ကြေညာလိုက်သည်။
►ဆရာ..ကျွန်တော် အလုပ်က နုတ်ထွက်တော့မယ်.. ခုပဲ ကျွန်တော် ဖရန့်ငွေ ၂၀၀၀၀၀ ရရှိတယ်...
သူသည် လုပ်ဖော်ကိုင်ဖက်များကို လျှောက်ပြီး နှုတ်ဆက်သည်။ သူ၏ အနာဂတ်အစီအစဉ်များအကြောင်း ပြောကြားခဲ့သည်။ သည့်နောက် သူသည် ကာဖေးအိန်ဂျလိ(စ်)တွင် ညစာ သွားရောက်စားသောက်ခဲ့သည်။

ဥပဓိရုပ်ခန့်ညားသော လူကြီးလူကောင်းတစ်ယောက်ဘေးတွင် ထိုင်မိသည့်အဖြစ်ကြုံသောအခါတွင် သူသည် သူ့ဘက်ကို ခပ်ကြွားကြွားလေးကိုင်း၍ သူ ဖရန့်ငွေ ၂၀၀၀၀၀ အခုတင် အမွေခံ ရရှိကြောင်း မအောင့်အည်းနိုင်ဘဲ ပြောလိုက်မိသည်။
သူ့ဘဝတွင် ပထမဦးဆုံးအကြိမ် သူသည် ပြဇတ်ကို နှစ်နှစ်ခြိုက်ခြိုက် ကြည့်ဖြစ်ခဲ့ပြီး တစ်ညတာလုံး လျှောက်ပျော်ပါးခဲ့သည်။ ခြောက်လအကြာတွင် သူ အိမ်ထောင်ထပ်ပြုခဲ့သည်။ သူ့ ဒုတိယဇနီးသည် တကယ့်မိန်းမကောင်းမိန်းမမြတ်ဖြစ်သော်လည်း အနည်းငယ် ဆက်ဆံရခက်သူ ဖြစ်သောကြောင့် သူ့ဘဝ အတော်စိတ်ညစ်ညူးစရာ
ဖြစ်ခဲ့သည် ။ ။

ပြီးပါပြီ။
ကျေးဇူးတင်ပါသည်။

@yexin189

No comments:

Post a Comment