Tuesday, October 13, 2015

စတိုခန်းထဲမှမမြင်ရသောအရာ


စာရေးသူ   ►►►မြသိန်း
The Thing In The Cellar by D.H.Keller


အိမ်ကြီး၏ အနောက်ဘက်ပိုင်း၌ ပစ္စည်းအဟောင်းများနှင့် အသုံးမလိုတော့သည့် ပစ္စည်းများထားရာ အခန်းတစ်ခန်းရှိ၏။ စတိုခန်းဟုခေါ်သော ၄င်းအခန်းသည် မီးဖိုခန်းနှင့် နီးကပ်စွာရှိ၏။ ၄င်းစတိုခန်းသည် ပထမအိမ်ဟောင်း မီးလောင်သွားစဉ် မလောင်ဘဲ ကျန်နေရစ်ခဲ့သော အခန်းဖြစ်သည်ဟု မူလအိမ်ရှင်က ပြော၏။
ပထမအိမ်ဟောင်း မီးလောင်စဉ်က အိမ်ရှင်အမေအိုကြီး မီးလောင်သေဆုံးသွားခဲ့၏။

စတိုခန်းတွင် ပြတင်းပေါက် တစ်ပေါက်သာရှိ၏။ ၄င်းပြတင်းပေါက်ကို အမြဲပိတ်ထားသောကြောင့် စတိုခန်းတံခါးဝမှ ကြည့်လျှင် စတိုခန်းတစ်ခန်းလုံး မည်းမှောင်နေသည်ကို တွေ့ရမည်ဖြစ်သည်။

တော်မီတပ်ကား...
တော်မီတပ်ကားသည် ကာဆယ်ဒက်စပဲယားဟု အရပ်သားများ အမည်ပေးထားသော ဤအိမ်ကြီးကို
ဝယ်လိုက်သူ မစ္စတာတပ်ကား၏ သားငယ်လေးဖြစ်သည်။
ကာဆယ်ဒက်စပဲယား၌...
မစ္စတာတပ်ကားဇနီးမောင်နှံ၊ သူတို့၏သားငယ်လေး တော်မီတပ်ကားနှင့် အိမ်ဖော်အမျိုးသမီးကြီးတစ်ယောက် စုစုပေါင်းလေးယောက်သာ ရှိ၏။

ကလေးငယ်တော်မီတပ်ကား ဤအိမ်ကြီးသို့ ရောက်ကာစ တစ်နှစ်သားအရွယ်မျှသာ ဖြစ်၏။
ကာဆယ်ဒက်စပဲယား၏ မီးဖိုချောင်မှာ ကျယ်ဝန်း၏။ တပ်ကားမိသားစုသည် မီးဖိုချောင်ထဲ၌သာ အစားအစာများကို စားကြ၏။
တော်မီတပ်ကားသည် မီးဖိုချောင်ထဲ ရောက်လာလျှင် မျက်နှာညှိုးသွားလေ့ရှိပြီး မီးဖိုချောင်အနီးရှိ စတိုခန်းအနီးသို့ လုံးဝမသွား။ ၄င်းစတိုခန်းတံခါးပွင့်နေလျှင် တော်မီတပ်ကားသည် တံခါးပေါက်ကို ကြည့်ပြီး ငိုလေတော့၏။
ဤသည်ကို တော်မီတပ်ကား၏ အိမ်ဖော်မှတစ်ဆင့် တော်မီတပ်ကား၏မိခင်၊ သူမမှတစ်ဆင့် တော်မီတပ်ကား၏ ဖခင် သိသွား၏။

ကျန်းမာရေးကောင်းသော တော်မီသည် မီးဖိုချောင်မှလွဲလျှင် တစ်အိမ်လုံးသို့ တောက်တောက်ထောက်ထောက်
နှင့် လမ်းလျှောက်သွားနေလေ့ ရှိ၏။ မီးဖိုချောင်နှင့် မီးဖိုချောင်အနီးရှိ စတိုခန်းဝမှလွဲလျှင် တော်မှသည် အိမ်၏ အခြားနေရာများသို့ တစ်ယောက်တည်းသွားလေ့ရှိ၏။

သို့နှင့် တော်မီသည် စကားပြောတတ်သောအရွယ်သို့ ရောက်လာ၏။
တော်မီသည် မီးဖိုခန်းသို့ တစ်ယောက်တည်း မည်သည့်အခါမျှ မသွား။
မိဘများနှင့်အတူ မီးဖိုခန်းထဲ၌ စားစရာများ စားသည့်အခါ တော်မီသည် စတိုခန်းကို ကျောပေး၍ စားလေ့ရှိ
သည်။ ဤသည်ကို သူ၏ မိဘများ သတိပြုမိသည်။

မစ္စတာတပ်ကားသည် သူ၏သား ယခုကဲ့သို့ သူရဲဘောကြောင်သည်ကို လုံးဝမကြိုက်။
သို့နှင့် တော်မီသည် လူကြီးများက တောက်တိုမည်ရ ခိုင်းလျှင် ၀ိုင်းကူလုပ်ပေးနိုင်သော အရွယ်သို့ ရောက်လာ၏။
တော်မီသည် သူ၏မိခင်ကို အလွန်ချစ်၏။ မိခင်ကို ၀ိုင်းကူလေ့ရှိ၏။ သို့သော် မီးဖိုချောင်အနီးရှိ စတိုခန်းထဲသို့ ၀ငိ၍ တစ်ခုခုယူခိုင်းလျှင်မူ လုံးဝမသွား။ စတိုခန်းထဲသို့ ကြည့်ပြီး စူးစူးရှရှ ငိုလေတော့၏။

သူသည် ပွင့်နေသော စတိုခန်းတံခါးဝကို တစ်ချက်ကြည့်ပြီး နောက်ထပ်ပြန်မကြည့်တော့ဘဲ စူးစူးဝါးဝါးနှင့် ထိတ်လန့်တကြားအော်ငိုပြီး ဝေးရာသို့ ထွက်သွားလေ့ရှိ၏။ မိခင်ဖြစ်သူက သားကို ဤသို့ဖြစ်ရမလားဟု ဆူရုံသာဆူပြီး ဖခင်ကမူ သားဖြစ်သူကို စတိုခန်းထဲသို့ တစ်ခါတစ်ရံ ဇွတ်အတင်းဝင်ခိုင်း၏။ တော်မီသည် ထိုအခါဝယ် အသံကုန်ဟစ်၍ ငိုတော့၏။

မိခင်က သားအဖနှစ်ယောက်ကြား ၀င်ပါရလေတော့၏။
တော်မီ ခြောက်နှစ်သားအရွယ်သို့ ရောက်လာသည်။ စာသင်ကျောင်းတွင် စာသင်ရလေတော့၏။ တော်မီသည် ကျောင်းစာကို ကြိုးစားသင်၏။ ဆရာများ လုပ်ခိုင်းသော အိမ်စာကို မပျင်းမရိလုပ်၏။ အိမ်ပြန်ရောက်လျှင် အိမ်စာများကို လုပ်ပြီးမှ အခြားအလုပ်ကိုလုပ်၏။ ဆရာများက တော်မီသည် စာတော်သည်၊ ဥာဏ်ကောင်းသည်ဟု ချီးကြူးကြသည်။

တော်မီစာတော်သည့် သတင်းကြောင့် တော်မီ၏ မိဘများက တော်မီအတွက် ဂုဏ်ယူကြသည်။
သို့သော် တော်မီ၏ ဖခင်သည် သူ၏သား မီးဖိုချောင်နားက စတိုခန်းကို ကြောက်ရွံ့ခြင်းနှင့် ပတ်သက်၍မူ လုံးဝမကျေနပ်။
ထို့ကြောင့် မစ္စတာတပ်ကားသည် ရွာထဲမှ ဆရာဝန်ဟောသွန်းနှင့် တွေ့ဆုံပြီး တော်မီ၏ ကြောက်စိတ်အကြောင်းကို တိုင်ပင်လေတော့၏။

►ကလေးက ငယ်ငယ်တုန်းက အကြီးအကျယ် နာမကျန်း ဖြစ်ဖူးသလား...
ဆရာဝန်က မေးသည်။
►အကြီးအကျယ် နာမကျန်း မဖြစ်ဖူးပါဘူး..  ရိုးရိုးသာမန် ဖျားရိုးဖျားစဉ်လေက်ပဲ ရှိတယ်...
မစ္စတာတပ်ကားက ဖြေသည်။

►ထိတ်လန့်တကြားနဲ့ မျက်လုံးပြူး မျက်စံပြူး အဖြစ်မျိုးရော...
►မီးဖိုချောင်နားက အခန်းထဲကို ကြည့်ပြီး ဖြစ်တာမျိုးကလွဲရင် ဘယ်နေရာမှာမှ မရှိဘူး...
မစ္စတာတပ်ကား၏ အဖြေ။
►ဒီလိုဆိုရင် ကလေးကို ကျုပ်ဆီ ခေါ်ခဲ့ဗျာ..  ကျုပ်ကလေးနဲ့ နှစ်ယောက်ချင်းတွေ့ပြီး စစ်ဆေးမေးမြန်းချင်တယ်....

ဆရာဝန်က ပြော၍ မစ္စတာတပ်ကားသည် သူ၏သားကို ဆရာဝန်ထံ ခေါ်သွား၏။
►တော်မီ စတိုခန်းထဲမှာ မင်း ဘာကိုတွေ့လို့ ထိတ်လန့်တကြား ဖြစ်ရတာလဲ...
ဆရာဝန်သည် တော်မီနှင့် နှစ်ယောက်ချင်းတွေ့ပြီး မေးသည်။
►ကျွန်တော် အဲဒီအခန်းထဲကို ကြည့်ပြီး လန့်တာပဲသိတယ်..  ဒီအခန်းကို ဖြတ်တာနဲ့ ကြောက်စိတ်တွေ ရောက်လာတော့တာပါပဲ...
တော်မီက ဖြေသည်။

►အခန်းထဲမှာ မင်းဘာကို တွေ့ရလို့လဲ...
►မတွေ့ရပါဘူး...
►အခန်းထဲက တစ်ကောင်ကောင်က မင်းကို အလန့်တကြားလုပ်ပြတာ မြင်ရလို့လား...
►ဘာကောင်မှ မမြင်ရပါဘူး..  ကျွန်တော့်စိတ်ထဲက ဒီအခန်းကို မြင်ရတာနဲ့ ကြောက်စိတ်တွေ ပေါ်လာလို့ပါ...
►ဘာမှမမြင်ရရင်လည်း အသံရော ကြားရလို့လား...
►ဘာသံမှ မကြားရပါဘူး...
►အနံတစ်ခုခုရော ရလို့လား...
►မရပါဘူး...
►ဒီလိုဆိုရင် ဒီအခန်းကို မင်း ဘာဖြစ်လို့ ကြောက်ရတာလဲ...
►ကျွန်တော် ဘယ်လိုပြောရမလဲဆိုတာ မသိပါဘူးခင်ဗျာ..  ဒီအခန်းထဲမှာ ကြောက်စရာတစ်ကောင်ကောင် ဒါမှမဟုတ် တစ်ခုခုရှိနေတယ်လို့ ထင်ကိုထင်နေပါတယ်...

ဆရာဝန်သည် တော်မီကို ဆက်မမေးတော့။ သူသည် ခေတ္တမျှ စဉ်းစားလိုက်သည်။ ပြီးတော့မှ တော်မီ၏ မိခင်နှင့်ဖခင်ကို ခေါ်လိုက်သည်။
ဆရာဝန်သည် တော်မတပ်ကားကို အပြင်သို့ ထွက်ခိုင်းလိုက်သည်။

►ခင်ဗျားတို့ရဲ့သားဟာ ကျန်းမာရေးကောင်းပါတယ်..  အဲ..သူ့စိတ်ထဲမှာ ဒီအခန်းထဲမှာ ကြောက်စရာတစ်ခုခုရှိနေတယ်လို့ စွဲလမ်းနေတာပဲရှိတယ်...
►ဒါကို ကျွန်တော် မကြိုက်တာပေါ့..  ကျွန်တော့်သား ဒီလိုသတ္တိကြောင်တာကို အပြောခံရတာ ကျွန်တော်
  ရှက်တယ်...
►ဒီလိုလုပ်ဗျာ...
......................။ ဆရာဝန်ဟောသွန်းက တော်မီ၏ မိဘများကို အကြံပြုသည်။

►ဟာ..ဒါကို ကျွန်မ သဘောမတူဘူး...
►မင်းအသာနေ..ငါလုပ်မယ်..  ဆရာဝန်ပြောတာ ငါသဘောတူတယ်...
တော်မီ၏ မိခင်မှာ မျက်နှာမကောင်းပေ။ ခင်ပွန်းဖြစ်သူမှာ လုပ်မည်ဆိုလျှင် လုပ်သူဖြစ်၍ သူမ၏ ခင်ပွန်းကို
မလွန်ဆန်ရဲသောကြောင့် စိတ်မကောင်းစွာဖြင့် တိတ်ဆိတ်စွာ နေနေလိုက်၏။

နောက်တစ်နေ့ညနေ ညနေစာစားပြီး မှောင်စပျိုးချိန်...။
မစ္စတာတပ်ကားသည် ဆရာဝန်ပြောသည့်အတိုင်း စတိုခန်းတံခါးကို ဖွင့်လိုက်သည်။ စတိုခန်းတစ်နေရာ၌
ဖယောင်းတိုင်တစ်တိုင် ထွန်းထားလိုက်သည်။

ထို့နောက် သူသည် သားဖြစ်သူ တော်မီကို ဇနီးဖြစ်သူ တားဆီးနေသည့်ကြားထဲက ဇွတ်အတင်းဆွဲခေါ်လာပြီး စတိုခန်းထဲရှိ ထိုင်ခုံတစ်လုံးပေါ်၌ ထိုင်ခိုင်းလိုက်သည်။
►မင်း ဒီအထဲမှာ ဖယောင်းတိုင်မီးငြိမ်းတဲ့အထိ နေနေရမယ်..  အထဲမှာ ဘာမှမရှိဘူး မဟုတ်လား.. 
  မင်းရဲ့ကြောက်စိတ်တွေကို မောင်းထုတ်ပြီး သတ္တိရှိကြောင်းပြ..တံခါးကို အပြင်ဘက်က ငါပိတ်ထားမယ်..
  ဖယောင်းတိုင်မီးငြိမ်းတာနဲ့ မင်း တံခါးကို ထုလိုက်.. ငါ တံခါးလာဖွင့်ပေးမယ်...

ထိုသို့ပြောပြီးနောက် မစ္စတာတပ်ကားသည် ထိတ်လန့်တကြားနှင့် ငိုယိုနေသော တော်မီကို စတိုခန်းထဲ၌ ထားခဲ့ပြီး စတိုခန်းတံခါးကို ပိတ်ထားလိုက်လေသည်။


ဒေါက်တာဟောသွန်းသည် မြို့ပေါ်သို့ နေ့ချင်းပြန်သွား၍ ဆေးများသွားဝယ်ရင်း ဆေးကောလိပ်တက်စဉ်က
ကျောင်းနေဖက်သူငယ်ချင်း ဆရာဝန်တစ်ယောက်နှင့် ဆေးဆိုင်တွင် ဆုံသည်။ ၄င်းဆရာဝန်မှာ ကလေးစိတ်ပ  ညာဆိုင်ရာ ဆရာဝန်တစ်ယောက်ဖြစ်သည်။
စကားစပ်မိရင်း ဒေါက်တာဟောသွန်းက တော်မီတပ်ကားအကြောင်းကို ပြောပြသည်။ ကလေး၏ မိဘများကို မည်သို့လုပ်ရန် သူညွှန်ကြားခဲ့ပုံကို ပြောပြ၏။

ကလေးစိတ်ပညာ ဆရာဝန်သည် မျက်လုံးပြူးဖြင့် ဒေါက်တာဟောသွန်းကို ကြည့်ရင်း..
►သူငယ်ချင်း မင်းမှားနေပြီ..  မင်းမှားနေပြီ..ကလေးဘ၀မှာ ကလေးတွေရဲ့ စိတ်ဟာ နုနယ်တယ်..  လူကြီးရဲ့ စိတ်နဲ့ သွားမနှိုင်းနဲ့..  မင်းတို့ငါတို့ ငယ်ငယ်တုန်းကဆိုရင် လူသေကောင်ကို ကြောက်ကြတယ်မဟုတ်လား..
  အဲ..လူကြီးဖြစ်လာတော့ မကြောက်တော့လို့ ဆရာဝန်တွေ ဖြစ်လာပြီပဲ...

►အဲဒီသူငယ်ဟာ အဲဒီအိမ်ကို ရောက်ခါစမှာ အဲဒီ ဆဲလားစတိုခန်းထဲက ကြွက်ဖြစ်ဖြစ်၊ ကြောင်ဖြစ်ဖြစ်၊ လင်းနို့ဖြစ်ဖြစ်၊ တစ်ခုခုပေါ့လေ..လှုပ်ရှားတာကိုသော်လည်းကောင်း ဒါမှမဟုတ်..အဲဒီစတိုခန်းထဲက ပစ္စည်းတစ်ခုခုရဲ့ ပုံသဏ္ဍာန်ကို မြင်ပြီး ထိတ်လန့်သွားပုံရတယ်..  အဲဒီအချိန်ကစပြီး ဒီအခန်းကို ကြောက်သွားတယ်..
ကြောက်စိတ်က သူ့ရင်ထဲ ကိန်းအောင်းနေလေရဲ့..  သူ တဖြည်းဖြည်း အသက်ကြီးလာရင် ဒီကြောက်စိတ်ဟာ ပျောက်သွားမှာပါ..  ခုတော့ ငယ်သေးတယ်..  မင်းရဲ့အကြံပေးချက်ကို သူ့ဖခင်က ဇွတ်အတင်းလုပ်ရင် ဒီကလေး တစ်ခုခုဖြစ်သွားမှာ သေချာတယ်..  အကြောက်လွန်ပြီး တစ်ခုခုဖြစ်မှာ...

►ဆောရီးသူငယ်ချင်း..ငါ အတွေးချော်ပြီး မှားသွားတယ်..  ငါရွာကို အမြန်ပြန်ပြီး ငါ့အကြံကို မလုပ်ဖို့ တားမှဖြစ်မယ်..  အချိန်မှီတားမှ ဖြစ်မယ်..  မိုးမချုပ်မီရောက်မှ ဖြစ်မယ်..  ကဲ..သွားပြီသူငယ်ချင်း...
ဒေါက်တာဟောသွန်းသည် သူငယ်ချင်းဆရာဝန်ကို ကမန်းကတန်း နှုတ်ဆက်ပြီး ရွာသို့ မြင်းလှည်းဖြင့် ပြန်လာ၏။

ညအမှောင်ထု အားကောင်းစ အချိန်တွင်မှ ဒေါက်တာဟောသွန်းသည် မစ္စတာတပ်ကား၏နေအိမ်သို့ ရောက်လာသည်။
မစ္စတာတပ်ကားသည် အိမ်ရှေ့တံခါးဝတွင် သူ့ကို လာကြိုသည်။
►တော်မီကို လာကြည့်တာပါ...
ဆရာဝန်က ပြောသည်။
►ဆရာ့ရဲ့ အကြံပေးချက်အတိုင်း ကလေးကို ဟိုအခန်းထဲ ထည့်ထားလိုက်ပြီ..  မှောင်ကာစ အချိန်မှာ...
မစ္စတာတပ်ကား၏ အဖြေ။
►သားဟာ အဲဒီအခန်းထဲ ရောက်တာနဲ့ စူးစူးဝါးဝါးတစ်ချက်အော်ပြီး ငြိမ်သွားတယ်...
မစ္စတပ်ကားက ၀င်ပြောသည်။ ဆရာဝန်သည် မစ္စတာတပ်ကားဇနီးမောင်နှံနှင့်အတူ တော်မီရှိရာ အခန်းသို့လခဲ့သည်။

►ဟင်..အခန်းထဲမှာ မှောင်လို့ပါလား...
စတိုခန်းတံခါးကို ဖွင့်လိုက်သော မစ္စတာတပ်ကား၏ နှုတ်မှထွက်လာသော အသံ။
►နေဦး..ကျွန်မ ဖယောင်းတိုင်အသစ်တစ်တိုင် ထွန်းလိုက်မယ်...
မစ္စစ်တပ်ကားသည် တုန်တုန်ယင်ယင်ဖြင့် ပြောပြီး ဖယောင်းတိုင်အသစ်တစ်တိုင်ကို အမြန်ထွန်းလိုက်သည်။

ဖယောင်းတိုင်မီးအကူအညီဖြင့် ဆရာဝန်သည် စတိုခန်းတစ်နေရာ၌ လဲကျနေသော တော်မီထံသို့ အမြန်ရောက်သွားသည်။
►တော်မီ..တော်မီ.....
တော်မီ၏ မိခင်က သားဖြစ်သူကို ခေါ်သည်။ ဆရာဝန်ဟောသွန်းသည် တော်မီကို အပြန်ပြန်အလှန်လှန် စမ်းသပ်ပြီးနောက်-
►ကလေး အသက်မရှိတော့ဘူး...
ထိုင်နေရာမှ ထပြီး လေးတွဲ့စွာ ပြောလိုက်၏။

မစ္စစ်တပ်ကားသည် သားဖြစ်သူကို ဖက်၍ သည်းထန်စွာ ငိုကြွေးလေတော့၏။
တော်မီ၏ အလောင်းကို အိမ်ရှေ့ဧည့်ခန်းသို့ သယ်ယူပြီးသောအခါ မစ္စစ်တပ်ကားက
ဆရာဝန်ဟောသွန်းအား-
►သား..ဘာ့ကြောင့် သေသွားရတာလဲ ဒေါက်တာ...
ဟု မေးသည်။

►ဒီဆဲလားအခန်းထဲမှာ ဘာမှမရှိဘူးဆိုတာ ကျုပ်တို့လူကြီးတွေ သိကြတယ်..  ဒါပေမယ့် နုနယ်တဲ့ကလေးက မသိဘူး..  ကြောက်စိတ်က သူ့ကို သတ်လိုက်တာပဲ..  ကြောက်စိတ်ကြောင့် သူ့နှလုံး အခုန်ရပ်သွားတာပါဗျာ..
ကျုပ်စိတ်မကောင်းပါဘူး..  တကယ်ပါဗျာ..  ကျုပ် သိပ်..သိပ်ဝမ်းနည်းပါတယ်...
ဆရာဝန်ဟောသွန်းသည် စိတ်ထိခိုက်စွာဖြင့် ပြောလိုက်လေ၏။

<End>
@yexin189

No comments:

Post a Comment