Tuesday, October 13, 2015

ပွင့်တူရွက်တူ


စာရေးဆရာ ►►►တက္ကသိုလ်လွမ်းမြင့်ဝေ

                                                (၁)
လောကထုံးတမ်းစဉ်လာ နိယာမ စကားတစ်ခွန်းရှိပါသည်။ ဘာတဲ့...
လာတော့လည်း တစ်ယောက်တည်း၊
ပြန်တော့လည်း တစ်ယောက်တည်း ဆိုတဲ့ စကားလေ။

ကျွန်တော်ကတော့ ဒီနိယာမတရားကို ချိုးဖောက်ပြီး လူ့လောကကြီးထဲ ရောက်ရှိလာတဲ့သူလို့ပဲ ဆိုရမယ်။
ဟုတ်တယ်လေ။ ကျွန်တော့်ကို မေမေဒေါ်နှင်းဖွေး မွေးပေးလိုက်တုန်းက ကျွန်တော်တစ်ယောက်တည်းမှ မဟုတ်ဘဲ။ ကျွန်တော်နဲ့အတူ အစ်ကိုတစ်ယောက်ပါ လောကကြီးထဲကို ရောက်လာကြတာလေ။
တိတိကျကျပြောရရင် ကိုကိုနဲ့ ကျွန်တော်က အမြွှာညီအစ်ကို။ ကိုကိုက ကျွန်တော့်ထက် ဆယ့်ငါးမိနစ်လောက်စောပြီး လူ့လောကကြီးထဲကို ရောက်လာတာ။
နောက်ပြီး ဖြစ်ရိုးဖြစ်စဉ်မဟုတ်တာတစ်ခုရှိသေးတယ်။

လူဆိုတာ တစ်နှစ်တစ်ကြိမ် မွေးနေ့ပွဲ လုပ်ကြစမြဲမဟုတ်လား။ ကျွန်တော်နဲ့ ကိုကိုကတော့ အများနဲ့ဆန့်ကျင်
ဘက်။ ခရစ်နှစ်နဲ့တွက်ရင် ကျွန်တော်တို့ အမြွှာညီနောင်ရဲ့ မွေးနေ့က လေးနှစ်မှတစ်ကြိမ်ပဲ လုပ်ရတယ်။
ဘယ့်နှယ့်လဲ..နားရှုပ်သွားပြီလား။ အရှင်းလေးပါဗျာ။
ကျွန်တော့်တို့ မွေးနေ့က ဖေဖော်ဝါရီ(၂၉)လေ။ လေးနှစ်တစ်ကြိမ် ရက်ထပ်နှစ်မှာမှ တစ်ရက်ပဲတိုးတဲ့
ဖေဖော်ဝါရီ(၂၉)လေ။ ဒါ့ကြောင့် ဖေဖေဦးစိုးပိုင်ပြောတာပေါ့။
ငါ့သားတွေက တော်တယ်.. မိဘတွေ အကုန်အကျသက်သာအောင် လေးနှစ်မှတစ်ကြိမ်ပဲ မွေးနေ့ပွဲ
လုပ်ရတယ်... တဲ့လေ။

မြန်မာသက္ကရာဇ်ရှိပေမယ့် ဒီဖေဖော်ဝါရီ(၂၉)ကိုပဲ ကျွန်တော်တို့က မက်မက်မောမော ထွေးပိုက်ထားကြတယ်။
ထူးထူးခြားခြားရက်ပဲကိုး။ အမြွှာပူးညီအစ်ကို၊ မောင်နှမ၊ ညီအစ်မတွေရဲ့ ထုံးစံအတိုင်း ကိုကိုနဲ့ ကျွန်တော်
ရုပ်ချင်းတူတာ မဆန်းပါဘူးလို့ ပြောကြမလားပဲ။
မှန်ပါတယ်။ အမြွှာပူးဆိုတာ ရုပ်ချင်းတူကြစမြဲပဲ။ ဒါပေမယ့် ကျွန်တော်နဲ့ ကိုကို ရုပ်ချင်းတူပုံက ဘယ်လိုမှခွဲမရ
အောင် တူတဲ့ရုပ်။ အရပ်အမောင်း၊ အသားအရေ၊ ကိုယ်လုံးကိုယ်ပေါက်၊ မျက်နှာကျ၊ မျက်လုံး၊ မျက်ခုံး၊ နှာတံ...
အိုဗျာ..ပြောရရင် ကိုကိုနဲ့ ကျွန်တော်က ပွင့်တူရွက်တူ။
စကားကုန်ပြောရရင် လက်ဗွေပုံစံချင်းပါ ခွဲမရအောင် တစ်ထပ်တည်းကျတဲ့ ညီအစ်ကို။

အမြွှာမွေးတွေဟာ အများတကာထက် ထူးခြားတာတစ်ခုခုတော့ ရှိကြစမြဲပဲထင်ပါရဲ့။ တချို့များ သိပ္ပံပညာနဲ့
ဖြေရှင်းလို့တောင် မရနိုင်တဲ့ အံ့မခန်းအဆန်းတကြယ်ဖြစ်ရပ်တွေ။
ဆိုခဲ့ပြီနော်...ကျွန်တော်တို့ ညီအစ်ကို ရုပ်ချင်းခွဲမရအောင် တူတဲ့အကြောင်း။
ဖေဖေက ကိုကိုနဲ့ ကျွန်တော့်ကို အမည်ပေးထားတာရှိတယ်။
 ရဲရင့် နဲ့ ရဲဝင့် တဲ့။

ကိုကိုက ရဲရင့်၊ ကျွန်တော်က ရဲဝင့်တဲ့။ ဗုဒ္ဓဟူးသားတွေမို့ နေ့သင့်နံသင့် မှည့်ထားတာ။ အဲ..ကျွန်တော်တို့
နှစ်ယောက် အဝတ်အစားဆင်တူဝတ်ထားရင် ဘယ်သူက ရဲရင့်၊ ဘယ်ဝါက ရဲဝင့်လို့ ဘယ်သူမှ မခွဲခြားနိုင်ဘူး။
ကလေးဘဝ ငယ်ငယ်တုန်းကတော့ ဖေဖေနဲ့မေမေက အဝတ်အစားမတူအောင် ဆင်ပေးပြီး ရဲရင့် နဲ့ ရဲဝင့်ကို ခွဲခြားပေးဖို့ ကြိုးစားခဲ့ကြပါသေးရဲ့။

ဒါပေမယ့် ကိုကိုနဲ့ ကျွန်တော်က လူနောက်၊ လူပြောင်တွေ။
လူကြီးတွေ ကွယ်ရာမှာ အဝတ်အစားချင်းလဲဝတ်ပြီး အကြောင်ရိုက်ခဲ့ကြတာကလား။ သူတို့ခမျာ မျက်လုံးတွေ
ကလယ် ကလယ်နဲ့။ နောက်ဆုံးတော့ ဒီနည်းကိုလည်း သူတို့ လက်လျှော့ခဲ့ရတာပါပဲလေ။
မတတ်သာတဲ့အဆုံး ဘယ်သူဘယ်ဝါ ခွဲခြားရခက်ခဲတဲ့ ကျွန်တော်တို့နှစ်ယောက်စလုံးကို ဆွေမျိုးတွေ၊ အိမ်နီးနားချင်းတွေနဲ့ ဖေဖေရောက ရဲကြီး လို့ပဲ လွယ်လွယ်ခေါ်လိုက်ကြတော့တယ်။

ဒီအထဲမှာ မေမေ့ကိုတော့ ခြွင်းချက်ထားရလိမ့်မယ်။ ဘယ်သူတွေ ဘယ်လိုခွဲမရရ၊ မေမေ့ကိုတော့ ကျွန်တော်တို့
အကြောင်ရိုက်လို့မရဘူး။ မျက်လုံးတစ်ချက်ဝေ့ကြည့်လိုက်တာနဲ့ မေမေဟာ ဘယ်သူက ရဲရင့်၊ ဘယ်သူက ရဲဝင်ဆိုတာ ချက်ချင်းတန်းသိတယ်။
ဒါကလည်း သဘာဝတရားရဲ့ အံ့သြစရာတစ်ခုလို့ ပြောရလိမ့်မယ်ထင်ပါရဲ့။ ဗိုက်ထဲမှာ ကိုးလလွယ်၊ ဆယ်လဖွားလာခဲ့ရတဲ့ မိခင်တစ်ယောက်အနေနဲ့ ဗီဇဥာဏ်အရ အလိုလိုခွဲခြားသိတာပဲ ဖြစ်လိမ့်မယ်။
မေမေကိုယ်တိုင်ကလည်း ဝန်ခံခဲ့ဖူးပါတယ်။ သူသိလို့သာ သိတာ..ဘာကြောင့်သိတယ်၊ ဘယ်နေရာ ကွဲလွဲချက်ရှိတယ်ဆိုတာ မပြောနိုင်ဘူးတဲ့။

နောက်ထပ် ကျွန်တော်တို့ညီအစ်ကိုနဲ့ ပတ်သက်လို့ ထူးခြားချက်တစ်ခု ရှိသေးတယ်။
ဒါကတော့ အားလုံးထဲမှာ အထူးခြားဆုံးဖြစ်ပါလိမ့်မယ်။
တချို့အမြွှာတွေက ရင်ချင်းဆက်ပြီး မွေးလာကြသလို၊ ခေါင်းချင်းဆက်၊ ကျောချင်းဆက် အမြွှာတွေလည်း
မနည်းမနောရှိကြပါတယ်။ ကိုကိုနဲ့ ကျွန်တော်က ခန္ဓာကိုယ် တသီးတခြားစီနဲ့ကျန်းကျန်းမာမာ ရွှင်ရွှင်လန်းလန်း
မွေးလာခဲ့ကြတာပါ။ ရုပ်ချင်းတူတာကလွဲပြီး ရုပ်ပိုင်းဆိုင်ရာအနနဲ့ ပြောရလောက်အောင် မထူးဆန်းပါဘူး။
ထူးဆန်းတာက စိတ်။
ဟုတ်တယ်။ ကျွန်တော်နဲ့ ကိုကိုက အခြားအမြွှာတွေနဲ့ မတူဘဲ စိတ်ချင်းဆက်မွေးလာခဲ့ကြတယ်။
အဲဒီလို စိတ်ချင်းဆက်အမြွှာဖြစ်နေလို့လည်း အခုပြောပြမယ့် ဇတ်လမ်း ဖြစ်လာခဲ့ရတာကလား။

                                                   (၂)
ကျွန်တော်တို့ကို မွေးတုန်းကတော့ ဖေဖေက မြင်းခြံမြို့မှာ တာဝန်ကျနေခဲ့တာကလား။
ဖေဖေက အစိုးရရုံးကြီးတစ်ရုံးမှာ ခရိုင်အဆင့် ဦးစီးအရာရှိကလေး ဒီတော့ ကျွန်တော်တို့ညီအစ်ကိုက အညာသားတွေ။ ကျွန်တော်တို့ ဆယ်နှစ်သားအထိ မြင်းခြံမှာပဲ ကြီးပြင်းခဲ့ရတယ်။ ကျောင်းနေခဲ့ရတယ်။

ကျွန်တော်တို့ လေးတန်းအောင်တဲ့နှစ်ပါပဲ။ ဖေဖေဟာ အဆင့်မြင့်ရာထူးနဲ့ ရန်ကုန်ကို ပြောင်းရွှေ့ခဲ့ရတယ်။
အင်းလေ..ဖေဖေဦးစိုးပိုင်ဆိုတာ ရန်ကုန်မှာမွေး၊ ရန်ကုန်သွေးစစ်စစ်လေ။ ဒီတော့ ရန်ကုန်မှာပဲ နေချင်မှာပေါ့။
မေမေဆိုတာကတော့ သားကိုသခင်၊ လင်ကိုဘုရား အားထားကိုးကွယ်နေသူမို့ သျှောင်နောက်ဆံထုံးပါ လိုက်လာခဲ့ရတာ။ တောင်ကြီးသူမေမေက နာမည်နဲ့လိုက်အောင် အသားကဖွေးဖွေးဖြူပြီး စိတ်ထားက နှင်းလိုအေးချမ်းတာကလား။
ပညတ်သွားရာ ဓာတ်သက်ပါဆိုသလို မနှင်းဖွေးဆိုတဲ့အမည်နဲ့ လိုက်လျောညီထွေရှိလှတဲ့ မိန်းမလှဇနီးကောင်း မေမေရယ်လေ။

ဒါပေမယ့် ကျွန်တော်တို့ ရန်ကုန်တက္ကသိုလ် ဘွဲ့ရတဲ့နှစ်မှာပဲ ဖေဖေနဲ့ မေမေက ပဲခူးဘက်ခရီးသွားရင်း ကား
မှောက်ပြီး သေဆုံးခဲ့ကြတယ်။ အင်းလေ..သူတို့ လင်မယားကတော့ သေတာတောင် မခွဲမခွာ။ သေတပန် သက်တဆုံး ရိုးမြေကျပေါင်းရလို့ ကံကောင်းကြပေမယ့် ကျွန်တော်တို့ညီအစ်ကိုမှာတော့ မိဘမဲ့ခဲ့ရပြီ။
တော်သေးတာက ကျွန်တော်တို့ လူလားမြောက်မှ မိဘနှစ်ပါး တိမ်းပါးကွယ်လွန်သွားကြပေလို့။ ဒီတုန်းက
ကျွန်တော်တို့ အသက် (၂၂)နှစ်။

ဖေဖေ့မှာက အစိုးရပေးတဲ့ တိုက်ခန်းပဲ ရှိတာကလား။ အိုးပိုင်အိမ်ပိုင် မရှိဘူး။
ဒီတော့ ဖေဖေတို့လည်း ဆုံးရော ကျွန်တော်တို့ ထွက်တော်မူနန်းက ခွာခဲ့ကြရတယ်။ ပိုဆိုးတာက ဖေဖေဟာ ဥတစ်လုံး တစ်ကောင်ကြွက်၊ ရန်ကုန်မှာ ဆွေမျိုးရင်းချာမရှိဘူး။ မေမေဆိုတာက ကမ္ဘောဇတိုင်းရင်းသူဆိုတော့ ရန်ကုန်မှာ ဆွေမျိုးဥာတိ နက္ထိ။

ဒီတော့ ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက် ရရာအလုပ် ကိုယ်စီဝင်လုပ်ကြရတော့တယ်။ ကိုကိုရဲရင့်က အင်းစိန်
ကြို့ကုန်းဘက်က စက်ရုံကြီးတစ်ရုံမှာ အလုပ်ရတယ်။ ကျွန်တော်က ရန်ကုန်မြို့လယ် ဘဏ်လမ်းက ကုမ္ပဏီ
ကြီးတစ်ခုမှာ။ နှစ်ယောက်စလုံး စက်ရုံနဲ့ ကုမဏီကပေးတဲ့ တိုက်ခန်းမှာ နေကြတယ်။ တစ်လနေမှ တစ်ခါတောင် ညီအစ်ကိုချင်း ချိန်းတွေ့ကြမှ တွေ့ကြရတော့တယ်။

ဒါ့ကြောင့်ပဲ ထင်ပါရဲ့ ကျွန်တော့်ကုမ္ပဏီက လုပ်ဖော်ကိုင်ဖက်တွေကရော ကိုကို့စက်ရုံက အပေါင်းအသင်းတွေက
ပါ ကျွန်တော်တို့မှာ လူချင်းခွဲမရအောင်တူတဲ့ အမြွှာညီအစ်ကို ရှိတယ်ဆိုတာ မသိကြဘူး။
ကျွန်တော်တို့ကလည်း အားအားယားယား စကားပို ပြောတတ်ကြတာမဟုတ်တော့ ဒီအကြောင်း ဘယ်သူမှ
စကားမစပ်မိကြဘူး။ ဘာသိဘာသာပဲနေပြီး ကိုယ့်အလုပ် ကိုယ်လုပ်နေကြတယ်။ ကွယ်လွန်သူမင်းသားကြီး
မြတ်လေးစကားနဲ့ပြောရရင် ကိုယ့်စာကိုယ်ရေး၊ ကိုယ့်တေးကိုယ်ဆို၊ ကိုယ့်ကဗျာ ကိုယ်ရွတ်နေခဲ့ကြတာလေ။

တစ်ရက်..ပျင်းပျင်းရှိတာနဲ့ ညနေပိုင်းအလုပ်ပြီးချိန်မှာ အခန်းကို မပြန်သေးဘဲ ဆူးလေဘုရားလမ်းပေါ်က
ရုပ်ရှင်ရုံတွေအောက်မှာ လမ်းလျှောက်နေမိပါတယ်။ ဟိုငေးသည်ငေး၊ ဟိုကြည့်သည်ကြည့်နဲ့ လျှောက်လာခဲ့ရာ
က ဆူးလေဘုရားလမ်းကိုဖြတ်ပြီး ထရိတ်ဒါးဟိုတယ်ဘက်ကို ကူးလျှောက်လာခဲ့တယ်။
ဒီတုန်းမှာ ဗိုလ်ချုပ်ဈေးဘက်က လာတဲ့သူတစ်ယောက်နဲ့ တူပါရဲ့။ အဝတ်အစား သေသေသပ်သပ်နဲ့ သက်လတ်
ပိုင်းအရွယ် လူတစ်ယောက်က ကျွန်တော့်ကို ဖော်ဖော်ရွေရွေ ရင်းရင်းနှီးနှီး နှုတ်ဆက်လာတယ်။

►အားပါး..မောင်ရဲရင့်ကြီးပါလား.. မြို့ထဲမှာ မတွေ့စဖူး.. အင်းလေ..မောင်ရင်က အမြဲတမ်းလိုလို အခန်းအောင်း
  နေတတ်တဲ့သူပဲ.. ဟိုတစ်လောကတောင် စကားစပ်မိလို့ ကျုပ်နဲ့ ကျုပ်မိန်းမက မောင်ရင့်အကြောင်း ပြောမိကြသေးတယ်.. ကျုပ်မိန်းမကတောင် မောင်ရင့်ကို အိမ်ခေါ် ထမင်းစားဖိတ်ရဦးမယ်လို့ ပြောနေကြသေးတယ်...

သူက ရေပက်မဝင်အောင် စကားပြောနေတာကို ကျွန်တော် ဘာမှပြန်မပြောဘဲ ပြုံးနေလိုက်တယ်။
ကိုကိုနဲ့ လူလွဲပြီဆိုတာ သိလိုက်ပြီပဲကိုး။ သူကတော့ ကျွန်တော့် လက်မောင်းတစ်ဖက်ကို ဆုပ်ကိုင်ပြီး အားတက်သရော ဆက်ပြောနေလေရဲ့။

►ကဲဗျာ..မောင်ရင်နဲ့ ကျုပ်ကလည်း တွေ့ရခဲ့ဘိခြင်.. ဒီတော့ ကြုံတုန်း တစ်ခါတည်းပဲ ဖိတ်လိုက်တော့မယ်..
  မနက်ဖြန်ညနေ ခြောက်နာရီလောက် အိမ်ကို ထမင်းစားကြွခဲ့ကွာ.. ကျုပ်မဟေသီကို မောင်ရင်လာမယ့်အ
  ကြောင်း ကြိုပြောထားလိုက်မယ်.. အခုတော့ သွားစရာ အရေးတကြီးကိစ္စရှိနေလို့..
  ဆက်ဆက်လာခဲ့နော်..မောင်ရင်...

ဒီနေရာမှာ အံ့သြစရာတစ်ခုက သူ့ကို ကျွန်တော် မသိဘူး.. တစ်ခါမှလည်း မတွေ့ဖူးဘူး။
ဒါပေမယ့် ကျွန်တော့်နှုတ်က လွှတ်ခနဲထွက်သွားတဲ့ စကားက-
►ကျေးဇူးတင်ပါတယ်..ဦးဒေဝါ.. ကျွန်တော် ဆက်ဆက်လာခဲ့ပါ့မယ်.. ဦးဒေဝါနဲ့ ဇနီးဒေါ်ဆန်းသီရိထွန်းကိုလည်း
  ကျေးဇူးတင်ကြောင်း ပြောပြပေးပါ.. ဒေါ်သီရိ သဘောကောင်းကြောင်း၊ ဟင်းချက်ကောင်းကြောင်း သတင်းတွေကို ကျွန်တော် ကြားဖူးပြီးသားပါ...

ဘယ့်နှယ့်လဲ..တစ်ခါမှ မမြင်ဖူးတဲ့ လူတစ်ယောက်ကို နာမည်သိရုံတင်မကဘူး၊ သူ့မိန်းမ ဘယ်သူဘယ်ဝါဆို
တာကိုတောင် သိနေတဲ့အဖြစ်က အံ့မှအံ့၊ သြမှသြပဲ။
ဦးဒေဝါက ပြောပြောဆိုပဲ ဆူးလေဘုရားလမ်းဘက်ကို ချိုးကွေ့ပြီး လူအုပ်ကြီးကြားမှာ ပျောက်ကွယ်သွားလေရဲ့။
ကျွန်တော်နဲ့ကိုကို့ကို လူမှားပြီဆိုတာ ကျွန်တော် တွက်မိပြီးသားပါ။
ဒါမျိုးတွေက ကျွန်တော်တို့ဘဝမှာ တွေ့ပေါင်း၊ ကြုံပေါင်းများလွန်းလို့ ရိုးနေပါပြီ။ ဘာမဟုတ်တဲ့ အကြောင်းကိစ္စဆိုရင်လည်း တစ်ဖက်လူကို ရှင်းပြမနေတော့ဘဲ အလိုက်သင့်၊ အလျားသင့် နေလိုက်တာကအကျင့်ဖြစ်နေပြီ။

ထားတော့..ဒါက မဆန်းဘူး။ ဒါပေမယ့် သူ ဦးဒေဝါဆိုတာ ကျွန်တော် ဘယ်လိုလုပ်သိနေရတာလဲ။
လူကို မမြင်ဖူးသလို ဒီနာမည်ကလည်း ကျွန်တော့်အတွက် အစိမ်းသက်သက်။
ဒီထက်ဆန်းတဲ့အဖြစ်ကို နောက်တစ်ရက်မှာ ထပ်ကြုံရပြန်ပါလေရော။ ဦးဒေဝါက တကူးတက ဖိတ်ထားတဲ့ကိစ္စ
မို့ ကိုကို့ကို အကျိုးအကြောင်းသွားပြောမယ်စိတ်ကူးနဲ့ ခပ်စောစောပဲ အိမ်က ထွက်လာခဲ့တယ်။
ကိုကိုနဲ့တွေ့တော့ မနေ့က ဦးဒေဝါအကြောင်း ပြောပြလိုက်တယ်။ ကျွန်တော့်စကားလည်းဆုံးရော ကိုကို့ရဲ့
ထူထဲတဲ့ မျက်ခုံးတန်းနှစ်ခုဟာ နှာရင်းဆီ ကွေးညွှတ်ကိုင်းကျလာကြတယ်။ တစ်ခုခုကို အလေးအနက် စဉ်းစားနေပုံမျိုးနဲ့ ကိုကိုဟာ ခဏကြာနေပြီးမှ-

►ဆန်းတော့ အဆန်းသားပဲ ညီလေးရ.. ဦးဒေဝါဆိုတာက ဒီစက်ရုံမှာ ကိုကို့ရဲ့ ရှားရှားပါးပါး မိတ်ဆွေတွေထဲမှာ
  တစ်ယောက်အပါအဝင်လေ.. သူ့စိတ်သဘောထားကိုလည်း ကိုကိုက လေးစားတယ်..
  ဒီနေ့မနက် စက်ရုံဂိတ်မှာ သူနဲ့ငါ တွေ့ကြတော့ ထုံးစံအတိုင်း နှုတ်ဆက်ကြရင်း မသိစိတ်က ငါ့ကို နှိုးဆော်တာပဲထင်ပါရဲ့ကွာ.. လွှတ်ခနဲ ငါသူ့ကို ပြောလိုက်တယ်..
  စိတ်မရှိပါနဲ့..ဦးဒေဝါ.. ကျွန်တော်က ဦးဒေဝါလိပ်စာကို မေးဖို့မေ့သွားလို့... တဲ့လေ.. အံ့သြစရာမကောင်းဘူး
  လား.. မင်းနဲ့တွေ့ပြီး ငါ့အထင်နဲ့ ထမင်းစားဖိတ်ထားမှန်းလည်း ငါ သိတာမဟုတ်ဘူး..
  အေး..သူပြောလိုက်လို့ လိပ်စာတော့ ငါသိပါရဲ့.. ခု မင်း မရောက်လာခင်အထိ ငါ ဘာလုပ်လို့လုပ်ရမှန်း မသိသေးဘူး.. ခုမှ မင်းပြောလို့ ထမင်းစားဖိတ်ထားမှန်း သိရတာ..
  အေးလေ..ကနေ့ည ထမင်းစားဖိတ်ထားတာကို ငါပဲ သွားလိုက်ပါ့မယ်...

                                                            (၃)
အဲဒီကတည်းက ကိုကိုဟာ ဦးဒေဝါတို့အိမ်ကို ရွှေလမ်းငွေလမ်း ဖောက်လိုက်တာ အဲဒီ ရပ်ကွက်က လူတွေအ
ပြောနဲ့ ပြောရရင် ရေထွက်မတတ်ပဲတဲ့လေ။ သူတို့လမ်းတောင် တစ်ထွာလောက် နိမ့်သွားသလိုပဲတဲ့။

ဆန်းတော့ မဆန်းပါဘူးလေ။ မထွေးလေးက ရှိနေမှတော့ ရွှေစွန်ညိုကိုကို ဝဲတော့မှာပေါ့။
ဦးဒေဝါနဲ့ ဒေါ်ဆန်းသီရိထွန်းတို့ရဲ့သမီး ယုယုလှကို ကိုကို တစွဲတလမ်းဖြစ်နေပြီလေ။ ယုယုလှဆိုတာကလည်း
အမည်နဲ့လိုက်အောင် တယုတယနဲ့ အလှမွှေးထားရလောက်အောင် ချောဆိုပဲ။ ဒါက ကိုကို့အပြောလေ။
ကျွန်တော်ကတော့ မမြင်သေးပါဘူး။ ကိုကို့စကားကြားတော့ ကျွန်တော် ပြုံးလိုက်မိတယ်။ အင်းလေ..ရှမ်းကြီးက
ကြိုက်မှတော့ နွားမလေးခမျာ ချောရတော့တာပေါ့၊ လှရတော့တာပေါ့။ ကိုယ်ထင် ခုတင်ရွှေနန်းပေကိုး။
ပုထုဇနော ဥမ္မတကောပေကိုး။

ဒီနေရာမှာတော့ ကိုကိုက ကျွန်တော့်ထက်သာတယ်။ ကျွန်တော့်နှလုံးသားက ခုချိန်ထိ မတုန်မလှုပ်။
ကျောက်ရုပ်။ အသက်က (၂၅)နှစ်ကိုတောင် သီသီစွန်းလာပါပြီ။ ဒါကြောင့်လည်း အပေါင်းအသင်းတွေက စကြပြောင်ကြတာ။ ဘာတဲ့..
အသက်အစိတ်မှ ပုခက်မချိတ်ရရင် တစ်ချက်မနိပ်ဘူးတဲ့နော်..ကိုရဲဝင့်... တဲ့။

ကျွန်တော် ပြုံးရုံပဲ ပြုံးပြလိုက်တယ်။ ပခုံးနှစ်ဖက်ကို တွန့်ပြလိုက်တယ်။ အဲ..ကိုကိုကတော့ ရှေ့လထဲမှာပဲ
ယုယုလှနဲ့ စေ့စပ်ကြောင်းလမ်းတော့မလို့တဲ့။
ဒီသတင်းကြားပြီး ရက်သတ္တပတ်အတော်ကြာသွားသည်အထိ ကျွန်တော့် မရီးလောင်းကို ကျွန်တော် မမြင်ဖူး
သေးဘူး။ အင်းလေ..ယုယုလှကိုမှ မဟုတ်ပါဘူး။ သူ့အမေ ဒေါ်ဆန်းသီရိထွန်းကိုလည်း မမြင်ဖူးသေးပါဘူး။
ဦးဒေဝါကိုသာ လမ်းမှာ တစ်ခါပဲ ကိုကိုနဲ့ လူမှားပြီး တွေ့ဖူးတာ။
ဆိုရရင် သူတို့အိမ်ကိုတောင် ဘယ်မှာရှိနေမှန်း မသိဘူး။ ဒီအတိုင်း ဘာသိဘာသာ နေလိုက်တယ်။
ဘာဆန်းလို့လဲဗျာ..သီးချိန်တန်သီးလို့ ပွင့်ချိန်တန်ပွင့်ကြတာ လောကနိယာမတရားပဲ မဟုတ်လား။

တစ်ညနေခင်း အလုပ်ပါးတာနဲ့ ရုံးက စောစောဆင်းလာခဲ့တယ်။ ဘဏ်လမ်းထဲက စားနေကျ ထမင်းဆိုင်ဆီ
ခြေဦးလှည့်လာခဲ့တယ်။ ဒီတုန်းမှာ မဟာဗန္ဓုလပန်းခြံရဲ့ အဝင်ပေါက်မှာ ခပ်ချောချော လူငယ်တစ်ယောက်ကို မြင်လိုက်ရတယ်။ ဝတ်စားထားတာကလည်း ယနေ့ခေတ် လူငယ်တွေပုံစံ အပျံစားပဲ။
ရန်ကုန်မှာက လူငယ်တွေ မနည်းမနောမို့ ထူးခြားတယ်လို့ မဆိုနိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော့်မျက်လုံးတွေက
သူ့မျက်နှာဆီ တန်းခနဲ စိုက်ကြည့်မိပြီး ရုတ်တရက် ခွာလို့မရဘဲဖြစ်နေတယ်။
အသက်က ကျွန်တော့်ထက် နှစ်နှစ်၊ သုံးနှစ် ငယ်လိမ့်မယ်။ ကြည့်ရတာ တစ်ယောက်ယောက်ကို စောင့်ဆိုင်းနေပုံမျိုး။ ကျွန်တော်ကြည့်နေတုန်းမှာပဲ ခေတ်ဆန်ပြီး ချောမောလှပတဲ့ (၂၁)ရာစုရဲ့ သမီးပျိုတစ်ယောက်က သူ့ဆီ
တန်းတန်းမတ်မတ် လျှောက်လာတယ်။ တကယ့်ကို ချောမှချော၊ လှမှလှ။ ကျွန်တော်ဟာ အင်မတန်စာရေး
ကောင်းတဲ့သူဆိုရင်တောင်မှ သူ့အလှကို စာဖွဲ့နိုင်စွမ်း မရှိလောက်ပါဘူး။ အင်းလေ..ဘယ်လိုပုဂ္ဂိုလ်မျိုးမှလည်း သူ့အလှကို ပီပြင်ပေါ်လွင်အောင် ရေးနိုင်စွမ်းရှိမှာ မဟုတ်ပါဘူး။

►မဟာဗြဟေ၊ လျှာကုဋေဖြင့်၊ ဌာနေဆန်းညီ၊ ဂါထာစီ၍၊ ကျူးချီမြွက်ဖော်၊ လျှောက်တုံသော်လည်း၊
  အရေးကုန်ရောက်၊ ပြီးမမြောက်တဲ့ အလှမျိုး။

နှစ်ဦးသား ဘေးချင်းယှဉ် ရပ်မိကြတော့ ကမ်းနားလမ်းဘက်ကို ခပ်သုတတ်သုတ် လျှောက်သွားကြပါလေရော။
ဘာကြောင့်လို့ ကျွန်တော် ရှင်းမပြတတ်ဘဲ သူတို့နောက်ကို နောက်ယောင်ခံ လိုက်သွားမိတယ်။
နောက်ယောင်ခံဆိုမှ တကယ့်ကို နောက်ယောင်ခံ ခိုးကြောင်ခိုးဝှက်။ သူတို့ မမြင်အောင်၊ သတိမထားမိအောင် ရှောင်ရင်းတိမ်းရင်း၊ ပုန်းရင်းကွယ်ရင်း လိုက်သွားမိတာ။
ကျွန်တော် ဘာလို့များ ဒီလိုလိုက်လာခဲ့မိပါလိမ့်။ ဆိုခဲ့ပြီပဲ..ကျွန်တော့်မသိစိတ်က ကျွန်တော့်ကို တိုက်တွန်းစေ့ဆော်နေတာပဲလို့သာ အကြောင်းကောင်းပြရတော့မှာပဲ။

သူတို့ကြည့်ရတာ သမီးရည်းစားစုံတွဲ ချိန်းတွေ့သလိုမျိုး ကြည်ကြည်နှုးနှုး မရှိဘူး၊ ရယ်ရယ်မောမော မရှိဘူး။
ခပ်သွက်သွက်ခြေလှမ်းတွေနဲ့ တစ်လမ်းဝင်တစ်လမ်းထွက် လျှောက်သွားနေကြတာ။ သူတို့မျက်လုံးတွေက
လည်း တောင်းမှောက်မိတဲ့ ကျီးကန်းနဲ့အပြိုင်။ ကောင်မလေးချောချောရဲ့ သောက်ရှူးကြယ်လို မျက်ဝန်းနက်နက်ကလေးတွေဆိုတာ အရည်လဲ့ပြီး ကလယ် ကလယ်။

နောက်ဆုံး ကျွန်တော်ထင်တဲ့အတိုင်း ကမ်းနားလမ်းဘက်ကို ရောက်လာတယ်။ ကျွန်တော်က သူတို့ အောက်ဘက်ကို ဆက်ဆင်းသွားလိမ့်မယ်ထင်တာ။ မဟုတ်ဘူး..ကမ်းနားလမ်းရဲ့ ဟိုဘက်ခြမ်းကိုမကူးဘဲ ဘယ်ဘက်ကို
ကွေ့ချိုးပြီး ခေတ်မှီနှစ်ထပ်တိုက်တစ်လုံး ထီးထီးကြီးရှိနေတဲ့ ခြံထဲကို တံခါးတွန်းဖွင့် ဝင်သွားကြလေရဲ့။
ခြံထဲမဝင်ခင် ရှေ့နောက်ဝဲယာကို လှည့်ပတ်ကြည့်နေတဲ့ ကောင်မလေးရဲ့ မျက်ဝန်းတွေထဲမှာ စိုးရွံ့ထိတ်လန့်မှုက အထင်းသား။
ဒီနောက် နှစ်ယောက်သား တိုက်ထဲကို ဝင်သွားကြတယ်။ ဆက်စောင့်နေစရာ အကြောင်းမရှိတော့တာမို့
ကျွန်တော် ပြန်လှည့်လာခဲ့တယ်။ ကျွန်တော့် အာရုံထဲမှာတော့ မိန်းမလှကလေးရဲ့ မျက်နှာက တရစ်ဝဲဝဲ။
ကောင်လေးချောချောရဲ့ ရုပ်က တဝဲလည်လည်။

                                                       (၄)
ဘာလိုလိုနဲ့ ရှေ့အပတ်ထဲဆို ယုယုလှတို့ရဲ့ စေ့စပ်ကြောင်းလမ်းပွဲပါလား။ တစ်လောကလုံး ပြေးကြည့်မှ ဒီညီအစ်ကိုပဲရှိတာမို့ သတို့သားကိုကိုရဲ့ ဆွေမျိုးအဖြစ် သတို့သမီးလောင်းအိမ်ကို ကိုကိုနဲ့အတူ ရောက်သွားခဲ့ကြတယ်။
ဦးဒေဝါရော ဒေါ်ဆန်းသီရိထွန်းပါ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်ရဲ့ ပွင့်တူရွက်တူ ပုံပန်းကိုကြည့်ပြီး တအံ့သြသြ၊ လက်ဖျားတစ်ခါခါ။ သည်တော့မှလည်း သူတို့ခမျာ ကိုကို့မှာ ခွဲမရအောင်တူတဲ့ ညီတစ်ယောက်ရှိမှန်းသိကြတော့တာကိုး။ ကျွန်တော်က ထရိတ်ဒါးဟိုတယ်ထောင့်ချိုးမှာ ဦးဒေဝါနဲ့ဆုံခဲ့တာ ကျွန်တော်ပါလို့ပြောပြ
တော့ ဦးဒေဝါခမျာ ပါးစပ်အဟောင်းသား။ သူတို့ အံ့အားသင့်နေတာကိုကြည့်ပြီး ကျွန်တော်တို့ ညီအစ်ကို ပွဲကျလို့မဆုံးဖြစ်နေတယ်။

ဒီတုန်းမှာ ကျွန်တော်တို့ဝိုင်းထဲကို ယုယုလှ ဝင်လာပါလေရော။ ကိုကို့ရဲ့ ဇနီးလောင်း သတို့သမီးရယ်လေ။
ကာလဝိပါက် နောက်ပိုးတက်ဆိုတာ တယ်မှန်ပါလားဗျာ။ ဒီတစ်ခါ ပါးစပ်အဟောင်းသားနဲ့ အံ့အားသင့်ရတာက
ကျွန်တော်လေ။ ယုယုလှဆိုတာ တခြားဟုတ်ပါလေရိုးလား၊ ဟိုတစ်ခါ ကောင်ချောချောလေးတစ်ယောက်နဲ့
ချိန်းတွေ့တုန်း ဘာအကြောင်းပြချက်မှမရှိဘဲ ကျွန်တော် နောက်ယောင်ခံလိုက်သွားမိတဲ့ မိန်းမချောလေးရယ်
လေ။ ဒီတုန်းက သူ့ကို ယုယုလှမှန်း၊ ကိုကိုနဲ့ စေ့စပ်ထားတဲ့ မိန်းကလေးမှန်း လုံးဝမသိခဲ့ရိုး အမှန်ပါ။

ဒီစကားဝိုင်းမှာ ကျွန်တော်တို့တစ်တွေ ဝမ်းသာကြည်နှုးနေကြသလောက် ယုယုလှမျက်နှာက အပူရုပ် ဟန်လုပ်နေမှန်း သိသာလွန်းနေတယ်။ ပြုံးပုံက အသက်မပါသလို၊ ရယ်ပုံက ခြောက်ကပ်ကပ်။
ကိစ္စတစ်ခုနဲ့ ဦးဒေဝါတို့ လင်မယားရော ကိုကိုပါ အပြင်ကို ခဏထွက်သွားကြတော့ ယုယုလှနဲ့ ကျွန်တော် နှစ်ယောက်ပဲကျန်ခဲ့တယ်။ ကျွန်တော်က ယုယုလှ မျက်နှာသွယ်သွယ်လေးကို စေ့စေ့ကြည့်ပြီး မေးလိုက်မိတယ်။ ကျွန်တော့်အသံက ပြောလိုက်တဲ့စကားအပေါ် အလေးအနက်ထားနေပုံမျိုး။

►သြော်..မယုယုလှကို ကြုံတုန်းမေးရဦးမယ်.. မယုယုလှမှာလည်း ကျွန်တော်တို့လိုပဲ ရုပ်ချင်းခွဲမရအောင်တူတဲ့
  အမြွှာညီအစ်မတစ်ယောက် ရှိသလားဟင်.. တစ်လောက အဲဒီ အမျိုးသမီးကို မဟာဗန္ဓုလပန်းခြံနားမှာ
  တွေ့လိုက်မိလို့...

ယုယုလှက ကျွန်တော့်အမေးအတွက် ဘာမှမထူးခြားတဲ့ လေသံမျိုးနဲ့-
►သူက ကျွန်မနဲ့ သိပ်တူသလား..ကိုရဲဝင့်...
မေးလို့သာမေး၊ ဖြေလို့သာ ဖြေရတာ။ သူ့မျက်နှာက ကျွန်တော့်ကို မကြည့်ဘဲ သူ့ခြေဖမိုးထိပ်က ခြေချောင်းတွေကိုပဲ အဓိပ္ပါယ်မဲ့ ငုံ့ကြည့်နေတာ။ မသိသားဆိုးဝါးတဲ့ ကျွန်တော်ကသာ-
►သိပ်တူတာပေါ့..မယုယုလှ.. ကျွန်တော်တောင် သိပ်လှလွန်းလို့ သဘောကျပြီး နောက်ယောင်ခံလိုက်ကြည့်မိသေးတယ်.. ကမ်းနားလမ်းဘက်က အိမ်တစ်လုံးထဲ ဝင်သွားကြတော့မှ...

ပြောရင်း ကျွန်တော့်လျှာကို ဘရိတ်အုပ်လိုက်ရတယ်။
►အင်းလေ..ဒီလောက်ဆို မယုယုလှ သဘောပေါက်နားလည်မှာပါ...
သူ့မျက်နှာလှလှလေးဟာ သွေးဆုတ်သလို ဖြူသွားတယ်။ ဒါပေမယ့် အတော်လေးတော့ ဟန်ဆောင်အကောင်းသား။ ပြကတော့ တည်တည်ငြိမ်ငြိမ်နဲ့ပဲ ကျွန်တော့်မျက်နှာကို မော့ကြည့်လာပြီး-
►ရှင့်ဆန္ဒကို ယု အရင်ဆုံး သိပါရစေလား..ကိုရဲဝင့်...

သူ့အမေးကို ကျွန်တော် ချက်ချင်း ပြန်မဖြေနိုင်ဘူး။ အတော်လေးကြာအောင် ပြောရမယ့်စကားကို စဉ်းစားချိန်ဆ
နေရတယ်။ ကြည့်ရတာ ကိုကိုဟာ ယုယုလှဆီက အချစ်ကို ယောက်ျားတစ်ယောက်ပီပီ တောင်းခံခဲ့တာ မဟုတ်ဘဲ သူ့မိဘတွေကတစ်ဆင့် နားဖောက်ခဲ့တယ်ဆိုတာ ကျွန်တော် သဘောပေါက်သွားပြီ။
ယုယုလှခမျာ မိဘစကားကို မလွန်ဆန်နိုင်လို့သာ ချစ်သူရှိလျက်နဲ့ ခေါင်းညိတ်လိုက်ရတာကလား။

အခြေအနေက ဘဝင်ကျစရာမကောင်းတော့ဘူး။ ကျွန်တော့်ခေါင်းထဲမှာ အန္တရာယ်ခေါင်းလောင်းသံတွေက
အဆက်မပြတ် ထိုးနှက်နေလေရဲ့။
နောက်ပြီး ကျွန်တော်ကိုယ်တိုင်ကလည်း သားပေးသမီးယူ လူကြီးချင်းစကားပြော မိဘတွေ သဘောကျရုံမျှနဲ့ ညားကြရတဲ့ အိမ်ထောင်ရေးစနစ်ကို ခေတ်လူငယ်ပီပီ လက်မှမခံနိုင်တာ။ တစ်သက်တာ လက်တွဲသွားရမယ့်ခရီး
မှာ မချစ်မနှစ်သက်သူနဲ့ သေတပန်သက်တဆုံး ပေါင်းသွားကြဖို့ဆိုတာ လွယ်တာမှမဟုတ်ဘဲ။
မချစ်သော် အောင့်ကာနမ်း၊ မနမ်းသော် ပင့်သက်ရှူဆိုတာ စကားအနေနဲ့ ပြောလို့ကောင်းပေမယ့် တကယ်ခံစားရသူတွေအတွက်ကတော့ မဟာအဝီစိငရဲအိုးထဲ ဇောက်ထိုးကျတာပဲ။
ယုယုလှကို သနားသလို ကိုကို့ကိုလည်း စိတ်မချမ်းမသာ မဖြစ်စေချင်ဘူး။ အိမ်ထောင်ရယ်လို့ ထူထောင်ကြမှတော့ သူချစ် ကိုယ်ချစ်ပဲ ဖြစ်စေချင်တယ်။

ကျွန်တော်က ရင်အုံကြီး မောက်ကြွလာတဲ့အထိ သက်ပြင်းရှိုက်လိုက်ပြီးမှ-
►သိပ်စိတ်ဆင်းရဲနေတဲ့ မယုယုလှကို ကျွန်တော့်စကားကြောင့် ရေနစ်ရာ ဝါးကူထိုးသလို မဖြစ်စေချင်ရိုး အမှန်ပါ.. ကိုကို့ကို အကျိုးအကြောင်းပြောပြ နားချပြီး ဒီစေ့စပ်ကြောင်းလမ်းပွဲကို ဖျက်သိမ်းဖို့ ကျွန်တော် ဖျောင်းဖျပေးပါ့မယ်...

ယုယုလှက ခေါင်းကို ခပ်သွက်သွက်ယမ်းပြလာသည်။ မျက်နှာပေါ်မှာ ကြေကွဲရိပ်တွေက စွန်းထင်းပေကျံလို့။ ကူကယ်ရာမဲ့ ဆောက်တည်ရာမရ ဖြစ်နေပုံက အထင်းသား။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ပြောလက်စ စကားကို ဆက်ပြောနေမိတုန်း-
►စဉ်းစားဖို့အချိန်တွေ ရှိပါသေးတယ်-မယုယုလှ.. မိဘစကားကို နားထောင်တဲ့ သမီးအလိမ္မာအဖြစ် ခံယူပြီး
  ကိုယ့်အသည်းနှလုံးကိုပဲ စတေးလိုက်မလား.. ကျွန်တော့်ဆန္ဒက ကိုကိုရော၊ မယုယုလှပါ  စိတ်ချမ်းသာစေချင်တယ်.. ပျော်ရွှင်စေချင်တယ်.. သာယာချမ်းမြေ့တဲ့ အိမ်ထောင်တစ်ခု ဖြစ်စေချင်တယ်..
  ကိုကိုကလည်း ကျွန်တော်ပြောရင် သဘောပေါက်နားလည်မှာပါ...

ဒီနောက် ဘာစကားတစ်လုံးမှ ထပ်မဆက်တော့ဘဲ သူ့အနားက ခွာထွက်လာခဲ့တယ်။ အတော်ပါပဲ..ဦးဒေဝါတို့
ရော၊ ကိုကိုပါ ပြန်ရောက်လာကြတယ်။ ကျွန်တော်က အိနြေ္ဒမပျက်ဘဲ နှုတ်ဆက်စကားကို ဆိုလိုက်တယ်။
►ခုလေးတင်ပဲ မယုယုလှကို နှုတ်ဆက်ပြီး ပြန်တော့မလို့.. ခွင့်ပြုပါဦးဦးနဲ့ဒေါ်ဒေါ်..
  တော်တော်လေးတောင် အချိန်လင့်သွားပြီ...

ကိုကိုကလည်း ကျွန်တော်နဲ့အတူ ပြန်လိုက်လာပါတယ်။ လမ်းကျတော့ ယုယုလှနဲ့ ပတ်သက်ပြီး ကျွန်တော့်
အမြင်ကို ကိုကိုက မေးလာတယ်။ ကျွန်တော်ကလည်း ခေါင်းရှုပ်ရှုပ်ရှိတာနဲ့ တိုတိုပဲ ပြန်ဖြေလိုက်မိတယ်။
►မယုယုလှ ကြည့်ရတာ သိပ်နေကောင်းပုံမရဘူး ကိုကို.. ဒါကြောင့် ကျွန်တော် သူ့ကို တစ်ယောက်တည်းထားခဲ့တာ...

ဒီထက်ပိုပြီး ကိုကို့ကို လောလောဆယ် ဘာမှမပြောချင်သေးဘူး။ အချိန်တွေ ရှိပါသေးတယ်။
နောက်ရက်တွေကျမှပဲ ဖြည်းဖြည်းချင်း ရှင်းပြရတော့မှာပဲပေါ့ဗျာ။

                                                  (၅)
နောက်တစ်နေ့..ခေါင်းထဲမှာ နောက်ကျိရှုပ်ထွေးပြီး ရင်ထဲမှာ မွန်းကျပ်ဆို့နင့်နေတယ်။
လှံဖျား ပုစဉ်းနားတာကိုကြည့်ပြီး  ကျီးကန်းက ချေးပါရန်ကော..လို့ အပြစ်ပြောချင်လည်း ပြောကြတော့။
ကိုကိုနဲ့ ယုယုလှကိစ္စကို ဘဝင်မကျဖြစ်နေတာကတော့ အမှန်ပဲ။ ကျွန်တော်ကိုယ်တိုင်လည်း ခိုင်ခိုင်လုံလုံ
အကြောင်း မပြနိုင်တာကို ကျွန်တော် ဝန်ခံပါတယ်။ ဒါပေမယ့် လူ့စိတ်ဆိုတာက အခက်သားကလား။ တစ်ခါတစ်လေ တစ်စုံတစ်ခုဖြစ်တော့မှာကို စိတ်ထဲက အလိုလိုကြိုသိနေတာမျိုး။

ခင်ဗျားတို့လည်း ကြုံဖူးကြမှာပါ။ အခု ကျွန်တော့်အဖြစ်က အဲသလိုမျိုး။ မနက်ကျတော့ ကိုကို့ဆီသွားပြီး ဒီကိစ္စ ပြောဖြစ်အောင် ပြောမယ်လို့ စိတ်ပိုင်းဖြတ်ထားတယ်။ ကနေ့အဖို့ကတော့ အချိန်မရှိတော့ဘူး။
ဒီနေ့ ရုံးအလုပ်တွေ ပြုံကျလာလို့ အိုဗာတိုင်တောင် ဆင်းခဲ့ရသေးတယ်။ ဒါကြောင့် အိမ်ပြန်ရောက်လာတော့ အတော်လေးတောင် ညဥ့်နက်နေပြီ။ ညနေစာကို စားနေကျ တောသားကြီးထမင်းဆိုင်မှာပဲ စားလိုက်တယ်။
ဒီဆိုင်က အစားအသောက်ကောင်းပြီး အခင်းအကျင်း သန့်ပြန့်တာရယ်၊ ဆိုင်ရှင် ကိုကြည်ဝင်းနဲ့ စားပွဲထိုးလေး
တွေရဲ့ ဖော်ရွေပျူဌာတာရယ်ကြောင့် ဒီရုံးမှာ အလုပ်စဝင်ကတည်းက မနက်စာရော ညစာပါ စားလာခဲ့တာ နှစ်တွေ မနည်းတော့ဘူး။ အစားအသောက် ဇီဇာကြောင်တဲ့ ကျွန်တော့်လျှာနဲ့ ဒီဆိုင်က ထမင်းဟင်းက သဟဇာတတည့်နေပုံရပါရဲ့။

ရန်ကုန်ဆောင်းမို့များ အချမ်းပေါ့လိမ့်မယ်ထင်ရင် ဒီနှစ်ကတော့ အတွက်မှားသွားမယ်။ အမှောင်သမ်းလို့ ညချမ်း
ရောက်ပြီဆိုတာနဲ့ အအေးဓာတ်က တစ်လောကလုံးကို ဖုံးလွှမ်းရစ်ပတ်သွားတော့တာကလား။
ဒီကြားထဲ မိုးလည်းမဟုတ်၊ နှင်းလည်းမပီတဲ့ မိုးနှင်းတွေက တဖွဲဖွဲ ရွာချလိုက်သေးတယ်။ စားသောက်ဆိုင်က
ပြန်လာတော့ ကျွန်တော့် အဝတ်အစားတွေရော၊ ဆံပင်တွေရော စိုနစ်လို့။ တစ်ကိုယ်လုံးလည်း အအေးဓာတ်ကြောင့် ဆတ်ဆတ်တုန်နေလေရဲ့။
ကပျာကယာ ဂက်(စ်)မီးဖိုကို မီးမွှေးပြီး ခြေဖျားလက်ဖျားတွေကို မီးကင်နေမိတယ်။ အဝတ်စိုတွေကို ကြိုးတန်းမှာ လှမ်းပြီး အဝတ်ခြောက်တွေနဲ့ လဲထားတာတောင်မှ သက်သောင့်သက်သာ မရှိလာဘူး။
စိတ်ကလည်း ဘာမှန်းမသိ နောက်ကျညစ်ထေးနေလေရဲ့။

အဆက်အစပ်မရှိဘဲ မေမေနဲ့ဖေဖေကို သတိရနေမိတယ်။ ရင်ခွဲရုံထဲမှာ ဘေးချင်းယှဉ်လျက် လဲလျောင်းနေကြတဲ့
သူတို့ရဲ့ ဝိညာဉ်မဲ့ ခန္ဓာဒြပ်ထည်တွေက အမြင်အာရုံမှာ ပေါ်လာလိုက်၊ ပျောက်သွားလိုက်။ ဒီနောက် သူတို့ရဲ့
အုတ်ဂူဖြူဖြူနှစ်လုံးကို ပြန်မြင်မိလား မြင်မိရဲ့။
►ဘာဖြစ်နေတာလဲ..ငါ..ဘာဖြစ်နေပါလိမ့်...
ခေါင်းကို သွက်သွက်ခါသွားအောင် ယမ်းပစ်လိုက်မိတယ်။ အတွေးစတွေ လွင့်ပါးပျောက်ကွယ်သွားအောင်
ကြိုးစားကြည့်မိတယ်။
အဲဒီတုန်းမှာပဲပေါ့..တဒင်္ဂအခိုက်အတန့်လေးမှာပဲပေါ့။

စူးစူးရှရှနဲ့ နာနာကြည်းကြည်းအော်ဟစ်လိုက်တဲ့ အသံက ကျွန်တော့်နားစည်အမြှေးပါးတွေ ပေါက်ထွက်မတတ်
အကြားအာရုံထဲ လှိမ့်ဝင်လာတယ်။ ဟုတ်တယ်..သေခါနီး လူတစ်ယောက်ရဲ့ ချောက်ချားသွေးပျက်စရာကောင်း
လှတဲ့ မချိမဆံ့အော်သံမျိုး။
ပြီးတော့ ဒီ..ဒီအသံက ကိုကို့အသံ။ ကိုကိုရဲရင့်ရဲ့ အသံ။
ပြတင်းပေါက် အပြင်ဘက် လမ်းပေါ်ကလာတဲ့ အသံ။
ထိုင်နေရာက ကျွန်တော် လွှားခနဲခုန်ထလိုက်တယ်။ ပြတင်းတံခါးတွေကို ခပ်ပြင်းပြင်းပဲ ဆောင့်တွန်းဖွင့်ပစ်လိုက်မိတယ်။ ဒါပေမယ့် လမ်းပေါ်မှာ ဓာတ်မီးတိုင်ကို မှီရပ်နေတဲ့ ပတ္တရောင်ရဲသားတစ်ယောက်ကလွဲလို့ မြင်ကွင်းက
ရှင်းနေတယ်။ ရဲသားရဲ့ ဆေးပေါ့လိပ်မီးတရဲရဲကလွဲရင် ပတ်ဝန်းကျင်မှာ သက်ရှိသတ္တဝါဆိုလို့ ဘာဆိုဘာမှ
မရှိဘူး။

ပြတင်းပေါက်ကို ပြန်ပိတ်ပြီး မီးဖိုဘေးမှာ ပြန်ထိုင်နေလိုက်တယ်။ လက်ကနာရီကို ကြည့်လိုက်တော့ လက်တံတို
ရော လက်တံရှည်ပါ ဆယ့်တစ်ဂဏန်းပေါ် မေးတင်ငိုက်မျဉ်းနေကြပြီ။ ဆယ့်တစ်နာရီတောင် ထိုးတော့မှာပါလား။
ဒီတုန်းမှာ စောစောက ကြားခဲ့ရတဲ့ အသံက ဒုတိယမိ ကျွန်တော့် နားထဲ ဝင်လာပြန်ပါပကောလား။
ဒီတစ်ခါတော့ အသံက ကျွန်တော့်အခန်းထဲက..တိတိကျကျပြောရရင် ကျွန်တော့်ဘေးကပ်လျက်သားက ထွက်လာခဲ့သည်။

ကျွန်တော့် ခန္ဓာကိုယ်ထဲက သွေးလည်ပတ်မှုတွေ ရပ်ဆိုင်းသွားပြီလားလို့တောင် ထင်လိုက်မိသည်။ ထိတ်လန့်
ချောက်ချားမှုကလည်း နှလုံးသွေးပျက်မခန်း။ တစ်ကိုယ်လုံး ဆောက်တည်ရာမရ တဆတ်ဆတ်တုန်နေတာပဲ
ကြည့်။ နောက်ပြီး တုတ်တုတ်မျှ လှုပ်မရအောင် လူစင်စစ်က ကျောက်ရုပ်တစ်ပိုင်း ဖြစ်သွားတယ်။
ခန္ဓာကိုယ်ထဲမှာရှိတဲ့ အသိတရားတွေ လွင့်ပါးပျောက်ကွယ်သွားသလိုမျိုး။

ဒီနောက် ကျွန်တော့် ကိုယ်ကျွန်တော် သတိထားမိလာတာက လမ်းတစ်လမ်းပေါ်မှာ မပြေးရုံတစ်မည် ခြေလှမ်း
တွေနဲ့ ဒရောသောပါး လျှောက်သွားနေမိတာကိုပဲ။ ဒီလမ်းက ကျွန်တော်သွားနေကျ လမ်းမဟုတ်ဘူး။
နောက်ပြီး ကျွန်တော် ဘယ်သွားနေလဲ။ ကျွန်တော် ဘယ်ရောက်နေလဲ။

ဘာကိုမှ အဖြေရှာမရသေးခင်မှာပဲ ကျွန်တော် ခြံဝင်းကျယ်ကြီးတစ်ခုထဲက အိမ်ကြီးတစ်ဆောင်ရဲ့ရှေ့မှာ ခြေချမိနေတာပါပဲလား။ အိမ်ရှေ့မှာ ရုရှားပြည်လုပ် ကားပြာကြီးတစ်စင်းနဲ့ သူနာပြုကားဖြူဖြူတစ်စီး ရပ်ထားကြလေရဲ့။
အိမ်ထဲမှာ မီးတွေ ထိန်ထိန်လင်းနေပြီး လူတွေ ဥဒဟိုသွားလာနေတဲ့ အရိပ်တွေက ပြတင်းပေါက်မှန်ချပ်တွေပေါ်
မှာ ယောက်ယက်ခတ်ရွေ့လျားနေကြတယ်။ အသံမျိုးစုံကလည်း ဗူးလုံးနားမထွေး ဒွေးရောယှက်တင်။
ခေါင်းထဲမှာ ဖျတ်ခနဲ အသိတစ်ခု ဝင်လာတယ်။

ဒါ..ဒါ ဦးဒေဝါတို့အိမ်။
ဘာလဲ..ဘာတွေဖြစ်နေကြတာလဲ။
တံခါးဝမှာ စုပြုံနေကြတဲ့ လူတွေကြားထဲက တိုးဝှေ့ပြီး အထဲကို ကျွန်တော် လှမ်းဝင်လာလိုက်တယ်။
ကျွန်တော့် အမြင်ဧရိယာထဲကို မမြင်ဝံ့၊ မရှုရက်စရာ ခုန်ဝင်လာတာက ယုယုလှရဲ့  ဝိညာဉ်မဲ့ခန္ဓာဒြပ်ထည်။
သူမနဲ့ ဘေးချင်းယှဉ်လျက် လဲကျနေတာက ဝဲဘက်ရင်အုံပေါ်မှာ အရိုးထိစူးဝင်နေတဲ့ ဓားတစ်လက်။
နောက်ဓားတစ်လက်ကို ညာလက်နဲ့ ဆုပ်ကိုင်ထားလျက်သား အသက်ငွေ့ငွေ့ကျန်နေတဲ့ ကိုကို။ ရဲတွေရော၊
ဆရာဝန်တွေပါ တွန်းထိုးဖယ်ရှားပြီး ကိုကို့နံဘေးမှာ ကျွန်တော် ဒူးထောက်ထိုင်ချလိုက်တယ်။ ကိုကို့နဖူးပေါ် ကျွန်တော့် ညာလက်ဖဝါးကို အုပ်မိုးစမ်းသပ်ကြည့်လိုက်တယ်။

ကိုကို့မျက်စိတွေ ပွင့်တော့လာပါရဲ့။ မျက်ဝန်းသူငယ်အိမ်တွေ ကင်းမဲ့နေတဲ့ မျက်သားဖြူဖြူတွေ။ ဒါပေမယ့် မျက်လုံးတွေက ချက်ချင်းပြန်ပိတ်သွားကြတယ်။ ကျွန်တော့် ညာလက်ကို ခပ်တင်းတင်းဆုပ်ကိုင်လာပြီး ဘာဆိုဘာမှ မပြောနိုင်တော့ဘဲ ဟောဒီလောကထဲက ကိုကိုတစ်ယောက် ထွက်ခွာသွားပါပကော။
ဒါပေမယ့် ပြောခဲ့ပြီးပြီပဲ..ကိုကိုနဲ့ ကျွန်တော်ဟာ စိတ်ချင်းဆက် အမြွှာညီအစ်ကိုပါလို့။

ကျွန်တော့်လက်ကို ခပ်တင်းတင်းဆုပ်ညှစ်သွားတဲ့ ကိုကို့ရဲ့လက်ချောင်းတွေက ကျွန်တော့်ကို စကားတွေ မနည်းမနော ပြောပြသွားခဲ့ပြီပဲလေ။ ဒါကို နားလည်တာက ကျွန်တော်နဲ့ သွားလေသူ ကိုကို။

                                                       (၆)
ဒီအမှုကို ကိုင်တွယ်တာက အမှုလိုက်ရဲအရာရှိ ဒုရဲအုပ် အိုင်အိုလှိုင်မင်းထက်ဆိုတဲ့ လူငယ်ရဲဝန်ထမ်းကောင်း
တစ်ယောက်ပါ။ သွက်သွက်လက်လက် ဖျတ်ဖျတ်လတ်လတ်နဲ့ အနာဂတ်ရဲတပ်ဖွဲ့အတွက် အားထားရမယ့်
ဥပဒေဘက်တော်သားကောင်းတစ်ယောက်ပါ။
ဒါပေမယ့် ကျွန်တော်နဲ့ကတော့ အယူအဆချင်း ကွဲမှကွဲ၊ လွဲမှလွဲပဲ။

သူ့ ကောက်ချက်က ရှင်းတယ်။ မပြေလည်တဲ့ ပြဿနာတစ်ခုကြောင့် ကိုကိုက ယုယုလှကို သတ်ပြီး သူ့ကိုယ်သူ
အဆုံးစီရင်လိုက်တယ်တဲ့လေ။ သူ့ကို အပြစ်မပြောပါဘူး။ အခြေအနေက ဒီအတိုင်းပဲ ဖြစ်နေတာကိုး။
ဓားရိုးလက်ကိုင်ပေါ်မှာ ကိုကို့လက်ဗွေရာကလွဲလို့ တခြားဘာမှမရှိတာပဲ။ နောက်ပြီး ပွင့်နေတဲ့ ပြတင်းပေါက်
တစ်ပေါက်ကလွဲရင် တံခါးမကြီးရော၊ ကျန်တဲ့ပြတင်းပေါက်တွေပါ အတွင်းက မင်းတုပ်ထိုး ကန့်လန့်ချပြီးသား။
ဒါဆို လူသတ်သမားက ဘယ်သူလဲ။
ဘာအထောက်အထားတွေနဲ့ သက်သေပြနိုင်မလဲ။

ဥပဒေဆိုတာက သဲလွန်စ အထောက်အထားမရှိဘဲ လူတစ်ယောက်ကို လွယ်လွယ်နဲ့ ဖမ်းလို့ရတာမှမဟုတ်ဘဲ။
မှန်ပါတယ်..ကျွန်တော် ဝန်ခံပါတယ်။ လူသတ်သမား ဘယ်သူလဲ။ ကျွန်တော် မသိဘူး။
ဘာအထောက်အထားတွေနဲ့ သက်သေပြမလဲ။ ကျွန်တော့်မှာ ဘာအထောက်အထားမှမရှိ နက္ထိ။

တစ်ခုပဲရှိတယ်။ ကိုကို့နောက်ဆုံး ထွက်သက်မတိုင်မီ ကျွန်တော့်လက်ကို ခပ်တင်းတင်း တစ်ချက်ညှစ်သွားတဲ့
ကိစ္စ။ ဒါဟာ ကိုကိုတို့ကို တခြားလူတစ်ယောက်က သတ်သွားပြီ။ အဲဒီလူကို တွေ့အောင်ရှာပါဆိုတဲ့ အဓိပ္ပါယ်မှန်း စိတ်ချင်းဆက် အမြွှာညီအစ်ကိုမို့ အရိပ်ပြရုံနဲ့ အကောင်ထင်ပြီးသား။

ဒါကို ရဲအရာရှိလှိုင်မင်းထက်ကို ပြောပြလို့ကော လက်ခံဖို့ဝေးလို့ ကျွန်တော့်ကိုတောင် စိတ်ကျန်းမာရေးဆေးရုံ
မပို့ ကံကောင်း။ သူ့ဘက်ကတော့ ရှင်းတယ်။ အမှုကိုလည်း ဒီအတိုင်း သူ့အထက်အရာရှိဆီတင်ပြီး ပိတ်လိုက်တယ်။
ဒီတော့ ကိုကိုနဲ့ယုယုလှကို သတ်သွားတဲ့ လူသတ်သမားကို ကျွန်တော့်ဟန်နဲ့ ရှာရုံပဲ ရှိတော့တယ်။ ပြောလို့သာပြောတာ မလွယ်ရေးချ မလွယ်။ သည်းထိတ်ရင်ဖို စုံထောက်ဝတ္ထုတွေ၊ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေဆိုရင်တော့ ဒါလေးများလို့ ပြောလို့ရတယ်။ ခုဖြစ်နေတာက အပြင်လောက တကယ့်ဖြစ်ရပ်မှန်။

ဒီလိုနဲ့ နွေကုန်လို့ မိုးကူးပြီး ဆောင်းဦးတောင် ရောက်လာခဲ့ပြီပဲ။ ကိုကိုနဲ့ ကျွန်တော်က ပွင့်တူရွက်တူ။ ပြောရရင်
စွယ်တော်ရွက်။ တစ်လွှာကတော့ ကြွေသွားပြီ။ တစ်ရွက်မမည်လို့ အလျှော့ပေးစတမ်းလား။ ကျဲသားပဲ။
ကိုကိုနဲ့ ကျွန်တော့်ကြား ဆက်သွယ်ထားတဲ့ နာမ်ချင်းဆက်ကို ကျွန်တော် ယုံတယ်။ ကိုကိုက လူသတ်သမား မဟုတ်ဘူး။ နာမည်က ရဲရင့်။ သူ့နာမည်နဲ့ သူ့စိတ်က ပြောင်းပြန်အချိုးကျတဲ့သူ။
ဘယ်သူ့မှ မသတ်ရဲသလို သူ့ကိုယ်သူလည်း လက်သည်းနဲ့တောင် အဆိတ်မခံနိုင်တဲ့သူ။ ကိုကို့ကို ရက်ရက်စက်
စက် သတ်သွားတဲ့ လူသတ်သမားကို ဓား ဓားချင်း၊ သေနတ် သေနတ်ချင်း ကျွန်တော် ယှဉ်ဖို့အသင့်။
ခက်တာက ကျွန်တော် ယှဉ်ရမယ့် လူသတ်သမား။

သူ ဘယ်သူလဲ..ဘယ်မှာဆိုက်ပြီး ဘယ်သောင်မှာ ရောက်နေလဲ...
ထားပါတော့..ရှိပါစေတော့...
မာန်မပြေတဲ့ အမျက်စကားနဲ့ပြောရရင် ငါ့အသက်မသေ၊ ကျန်နေ့ရက်များ၊ နင်နားတဲ့တစ်နေ့ ငါနဲ့ တွေ့ကြသေးတာပေါ့လေ။
နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြပေါ့ကွာ။

ဒီလိုနဲ့တစ်ရက်..ဘာရယ်မဟုတ်ပါဘူး။ စိတ်ထဲမှာ ဝေတေတေရှိတာနဲ့ မဟာဗန္ဓုလပန်းခြံဘက်ကို လမ်းလျှောက်
ထွက်လာခဲ့တယ်။ မြို့ကြီးက ကြီးသလောက် လူဦးရေက ထူထပ်သော မဟာရန်ကုန်ဆိုတာက စိတ်ရောကိုယ်ပါ အပန်းဖြေစရာနေရာက ရှာမှရှား။ စိတ်နောက်ကိုယ်ပါလာလို့သာ လာရတယ်။
အချိန်က တော်တော့်ကို ညဥ့်နက်နေပြီ။ ဒီတော့ ပန်းခြံတစ်ခုလုံး လူသူကင်းရှင်းပြီး ပြကတေ့ ငြိမ်ချက်သား
ကောင်းနေတာ ဘာမှမဆန်းဘူး။

စိတ်ဆိုတာမျိုးကလည်း အဆန်းသား။ ရန်ကုန်မြို့ကို ကျွန်တော်ရောက်နေတာ ကြာလှပြီ။ မဟာဗန္ဓုလပန်းခြံဆို
တာက ကျွန်တော်ရုံးနဲ့ဆိုရင် ရေအိုးနဲ့ရေမှုတ်။ အဲ..ဒီကနေ့၊ အင်းလေ..ယောင်လို့ ဒီနေ့ညမှာတော့ ကျွန်တော့်
မှတ်ဥာဏ်အာရုံကို ထိုးနှက်ထုရိုက်လာတဲ့ အချက်က ကြာမြင့်ခဲ့လေပြီဖြစ်သော ဟိုးအရင် နှစ်ပရိစ္ဆေဒ အကြာကာလက တစ်ခုသောညနေခင်း။

အဲဒီညက ကျွန်တော် နာမည်တောင် မကြားဖူးသေးတဲ့၊ ကျွန်တော့် မရီးလောင်းဆိုတာလည်း မသိသေးတဲ့
မိန်းမချောလေးတစ်ယောက်နဲ့ ကောင်ချောချောလေးတစ်ယောက်။ အခု ကျွန်တော်ရောက်နေတဲ့ ပန်းခြံအဝင်
ပေါက်မှာပဲ တွေ့ခဲ့ကြတာလေ။ အားလုံးဟာ ရုပ်ရှင်ဖလင်ပြကွက်တွေလို ကျွန်တော့် အမြင်အာရုံမှာ တစ်ကွက်
ချင်း ရှင်းမှရှင်း၊ လင်းမှလင်း။ ဒီတုန်းက ကျွန်တော် နောက်ယောင်ခံလိုက်သွားခဲ့လို့ ကမ်းနားလမ်းထောင့်က
ခြံကြီးထဲ ဝင်သွားကြတဲ့ စုံတွဲလေ။ အဲဒီတုန်းက တွဲသွားခဲ့တဲ့ ယုယုလှဆိုတဲ့ မိန်းမချောကတော့ ခြောက်ပေကျင်းထဲမှာ ဝပ်စင်းလဲလျောင်းသွားခဲ့ပြီ။

ဟုတ်တယ်..သူမှသူပဲ။ ဒီကောင်မှ ဒီကောင်။
ဒါထက် အံ့သြစရာကောင်းတာက ကျွန်တော့်ဦးနှောက်မှာရော နားထဲမှာပါ ကိုကို့အသံက အတိုင်းသား။
ဘာတဲ့..
►ဟုတ်တယ်..ညီညီရေ..သူပဲ။ ကိုကို့ကိုသတ်တာ သူပဲ...

မောင်မင်းကြီးသားကတော့ လက်နှစ်ဖက်နောက်ပစ်ပြီး အေးအေးဆေးဆေး ကျွန်တော့်တူရူဆီ လျှောက်လာနေ
လေရဲ့။ ခေါင်းက အောက်ကိုငုံ့ထားလျက်သား။ လောကကြီးကို ဥပက္ခာပြုပြီး လျစ်လျူရူထားတဲ့ ပုံစံမျိုး။
ဟုတ်တယ်..သူ့ကို ယုယုလှနဲ့ အတူတွဲပြီး ကျွန်တော်တွေ့ခဲ့တာ ဒီနေရာပဲ၊ ဒီအချိန်ပဲ။ ဒါပေမယ့် သူ့ပုံစံက မယုံ
ကြည်နိုင်လောက်အောင် ပြောင်းလဲနေတယ်။ အရင်တစ်ခါ ကျွန်တော် တွေ့ခဲ့တဲ့ပုံစံနဲ့ တခြားစီ။
ပိန်လိုက်တာကလည်း အရိုးပေါ်အရေတင်။ ဝတ်ထားတဲ့ အဝတ်အစားတွေကလည်း ညစ်ထတ်ထတ်နဲ့။

ဘာပဲပြောပြောလေ..သူ ဘယ်သူဆိုတာ ကျွန်တော်ကတော့ မြင်လိုက်ကတည်းက သိပြီးသားပဲ။
ဒီကြားထဲ ကိုကို့အသံက နားထဲကြားလာတော့ ကျွန်တော့်အတွက် အဖြေက ရှင်းနေပြီ။
ကိုကို့ကိုယ်စား သွေးကြွေးဆပ်ရုံပေါ့။
ငနဲသားက ကျွန်တော့်တူရူကို လျှောက်လာနေတာကလား။ ကျွန်တော်က ပန်းခြံထဲက ခုံပေါ်မှာ ထိုင်လျက်သား။

ပြောလို့သာပြောရတယ်။ ကျွန်တော့်လက်ထဲမှာ လူသတ်လက်နက်ဆိုလို့ အပ်တိုတစ်ချောင်းတောင် မပါဘူး။
ကျွန်တော့်ရဲ့ သန်မာတဲ့ လက်ချောင်းတွေကိုပဲ လက်နက်အဖြစ် သုံးရတော့မှာပေါ့။ ထိုင်ရာက ကျွန်တော် ထရပ်
လိုက်တယ်။ ခေါင်းငိုက်စိုက်နဲ့ သူကောင်းသားက ကျွန်တော်နဲ့ မျက်နှာချင်းဆိုင်မိတော့ ကမန်းကတန်း မော့
ကြည့်လာတယ်။ ကျွန်တော့်ကိုလည်း မြင်လိုက်ရော သူ့မျက်နှာတစ်ပြင်လုံး ဖွေးဖွေးဖြူသွားတယ်။
မှေးမှိန်ဖျော့တော့ပြီး ပြူးထွက်မတတ် မျက်လုံးတွေက မျက်လုံးအိမ်ထဲက ထွက်ကျလာတော့မတတ်။
ပါးစပ်က အဟောင်းသား။ သူ့တစ်ကိုယ်လုံး နတ်ကျသလို တဆတ်ဆတ်တုန်နေပြီး လှမ်းနေတဲ့ခြေထောက်တွေ နေရာမှာ တုံ့ခနဲရပ်သွားတယ်။
စက္ကန့်ပိုင်းလောက်အချိန်အတွင်း သူ့မျက်နှာမှာ ဖြတ်သန်းသွားလာနေတဲ့ အပြောင်းအလဲတွေကို ကျွန်တော် စာနဲ့ ဖော်ပြနိုင်စွမ်းမရှိပါဘူး။

အံ့သြထိတ်လန့်မှုတွေ၊ တုန်လှုပ်ချောက်ချားမှုတွေ၊ မယုံကြည်နိုင်မှုတွေ၊ သွေးပျက်ကြောက်ရွံ့မှုတွေ..တွေ။
တစ်ခုပဲ..ကျွန်တော် သေချာပေါက်ပြောနိုင်တယ်။
ကျွန်တော့်ကို မြင်လိုက်ရတဲ့ သူ့မျက်နှာပေါ်မှာ တစ္ဆေတစ်ကောင်ကို တွေ့လိုက်ရသလို ထိန်းမနိုင်သိမ်းမရ
တုန်လှုပ်ချောက်ချားသွားတာကတော့ အမှန်ပဲ။
ဒယီးဒယိုင်နဲ့ သူ့ခြေထောက်တွေ နောက်ဆုတ်သွားတယ်။ တုန်ယင်အက်ကွဲနေတဲ့ စကားလုံးတွေ လှိမ့်ဆင်းထွက်ကျလာတယ်။

►မင်း..မင်း..ရဲ..ရင့်..မင်းကသေ..သေသွားပြီပဲဟာ...
စကားအဆုံးမှာ ကျွန်တော့်နှုတ်ကလည်း စကားတချို့ထွက်ကျလာတယ်။ သူ့လို ကြောက်ရွံ့ထိတ်လန့်ပြီး ထစ်
ထစ်ငေါ့ငေါ့ပြောနေတာ မဟုတ်သလို ဒီစကားလုံးတွေက ကျွန်တော့်နှုတ်က ထွက်ပေါ်လာတာမှန်ပေမယ့် အသံက ကျွန်တော့်အသံမဟုတ်ဘူး။ အတိအကျပြောရရင် ကိုကို့အသံ။

ဟုတ်တယ်..တမလွန်က ကိုကို့အသံ။ သိလိုက်ပြီ..အခြေအနေကို နားလည်လိုက်ပြီ။ ကျွန်တော့်ရဲ့ ကိုယ်ထဲကို
ကိုကို့ရဲ့ ဝိညာဉ် ဝင်ပူးနေပြီ။ ဒီဇတ်လမ်းအစမှာ ပြောခဲ့ပြီးပြီပဲ။ ကိုကိုနဲ့ စိတ်ချင်းဆက်အမြွှာပါလို့။
တမလွန်ရောက်နေတာတောင် ကိုကိုနဲ့ ကျွန်တော်က ဝိညာဉ်ချင်းဆက်၊ စိတ်ချင်းဆက်နေတုန်းပါလား။

►သိပ်ဟုတ်တာပေါ့..နိုင်ဝင်းအောင်.. မင်းသတ်ခဲ့လို့ ငါရော၊ ယုယုလှရော သေခဲ့ကြပြီလေကွာ...
  ဒီအတွက် လက်စားချေဖို့ ငါ အခုပြန်လာခဲ့တာ...
ပြောပြီး လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင်ဆုပ်လို့ ရှေ့ကို ကျွန်တော် တိုးသွားပါတယ်။ သူ့နာမည် နိုင်ဝင်းအောင်ဆိုတာလည်း ခုမှပဲ သိရတော့တယ်။

နိုင်ဝင်းအောင်ရဲ့ မျက်နှာပေါ်ကို ဖြတ်သန်းပြေးလွှားသွားတဲ့ အံ့အားသင့်မှုတွေ၊ ထိတ်လန့်ချောက်ချားမှုတွေက
ရုပ်ရှင်ဖလင်ကွက်လို အမြန်နှုန်းတင်ပြီးပြသလို ဖျတ်ခနဲ ဖျတ်ခနဲ ပြောင်းသွားကြတာ။ ယုံနိုင်စရာတောင် မရှိဘူး။  နောက်ကို ဒယီးဒယိုင်နဲ့ ပြန်ဆုတ်သွားတယ်။ ဘယ်ဘက်ရင်အုံကိုလည်း လက်နဲ့ ခပ်တင်းတင်းဖိထားလေရဲ့။

►မ..မ..လာနဲ့။ ရှေ့..ရှေ့ကိုမတိုးနဲ့။ သွား..သွား..မင်း ထွက်သွားးး...
ပြောလည်းပြော၊ လက်ကလည်း ကျွန်တော့်ကို တစ်စုံတစ်ခုလုပ်ဖို့ ဟန်ပြင်လိုက်တယ်။ ဒါပေမယ့် ချက်ချင်းပဲ သူ့လက်သီးဆုပ်က ပြေကျသွားပြီး ဒူးတွေ ကွေးညွှတ်ကျသွားပါလေရော။
ဒီနောက် ကျွန်တော့်ရှေ့ မြေပြင်ပေါ်မှာ မှောက်လျက်သား။ ကျွန်တော်က သူ့ဘေးမှာ ဒူးထောက်ထိုင်ချလျက်ပြီး လက်ကောက်ဝတ်သွေးကြောကို စမ်းကြည့်လိုက်တယ်။
အသွေးလည်း မလှုပ်ပါလေတော့။ အသားလည်း မလှုပ်ပါလေတော့။
အသက်ဇီဝိန်ချုပ်ပြီး တစ်ဇတ်သိမ်းသွားပါပကော။

ဒီတုန်းမှာ ကျွန်တော့်တစ်ကိုယ်လုံး ကြက်သီးဖြန်းဖြန်းထသွားတယ်။ အနားမှာ တစ်ယောက်ယောက်ရှိနေသလို ထင်လိုက်မိတယ်။
ခပ်မှိန်မှိန် မီးရောင်အောက်မှာ ကျွန်တော့်ကို ကျောခိုင်းပြီး တရွေ့ရွေ့ထွက်သွားတဲ့ ကိုကိုရဲရင့်ရဲ့ မပီဝိုးတဝါး ပုံရိပ်ရယ်လေ။
ကျွန်တော် ကြည့်နေတုန်းပါပဲ...
ကိုကို့ရဲ့ ပုံရိပ်က မြူခိုးလိုလို၊ နှင်းလိုလိုနဲ့ လွင့်ပါးသွားတယ်။ အဲဒီလို ပျောက်မသွားခင် ကိုကိုက ကျွန်တော့်ကို
သမင်လည်ပြန်လှည့်ကြည့်ပြီး လက်ပြနှုတ်ဆက်သွားလေရဲ့။ ကျွန်တော် ဒူးထောက်နေရာက ထရပ်လိုက်ပြီး
နိုင်ဝင်းအောင်ရဲ့ အလောင်းဘေးက ချာခနဲလှည့်ထွက်လာခဲ့တယ်။

သူ့ကို ကျွန်တော်ကပဲ သတ်လိုက်တာလား။ ကိုကိုရဲရင့်ကပဲ တမလွန်က ရောက်လာပြီး လက်စားချေလိုက်တာလား...

ဒါမှမဟုတ်.. သူ ကျူးလွန်ခဲ့တဲ့ အကုသိုလ် ဒုစရိုက်မှုကပဲ သူ့တရားသူ စီရင်သွားတာလားဆိုတာတော့...
တော့... တော့....။

Ϯዘᓬ ᗕӢÐ

( ဖတ်ခဲ့ဖူးသည်များကို ရိုက်နှိပ် တင်ထားခြင်းဖြစ်သည်။ အားလုံးကို ကျေးဇူးတင်ပါသည်။ )
@ϒe义iӢ189

No comments:

Post a Comment