Tuesday, October 13, 2015

စိန်မှန်ဘီလူးနှင့် လူတစ်ယောက်အကြောင်း


စာရေးဆရာ ►►►မောင်မောင်မြင့်သိန်း
The Diamond Lens by Fritz-James O'Brien


ကျွန်တော် အသက် (၁၀)နှစ်အရွယ်တွင် ကျွန်တော့်အစ်ကိုဝမ်းကွဲတစ်ယောက်သည် ကျွန်တော့်ကို မှန်ဘီလူးတစ်လက် လက်ဆောင်ပေးခဲ့ပါသည်။
ထိုမှန်ဘီလူး၏ မှော်မှန်ချပ်များကို ဖောက်ထွင်း၍ ပထမအကြိမ် ကျွန်တော် ကြည့်လိုက်စဉ်ကတည်းကပင်
ကျွန်တော့်နေ့စဉ်ဘဝကို ခြုံလွမ်းနေသည့် တိမ်တိုက်တို့ ဖယ်ရှားသွားလေသည်။

ရေစက်ရေပေါက်တစ်ပေါက်တွင် သေးငယ်လှသော သက်ရှိသတ္တဝါလေးများ၏လောကကို ကျွန်တော်
တွေ့မြင်ရသည်။ တစ်ရက်ပြီးတစ်ရက် တစ်ညပြီးတစ်ညပင် ကျွန်တော့်မှန်ဘီလူးအောက်မှဘဝကို ကျွန်တော် လေ့လာခဲ့သည်။
ကျွန်တော့်မိခင်၏ယိုကို ဖျက်ဆီးသောမှိုသည် ကျွန်တော့်အတွက် မှော်ဥယျဉ်တို့ဖြင့် ပြည့်သော အရပ်ဒေသ
ဖြစ်နေခဲ့သည်။ ကျွန်တော်သည် ဤအစိမ်းရောင်မှိုစက်တစ်ခုကို ကျွန်တော့်မှန်ဘီလူးအောက်ချ၍ သေးငယ်
သော သစ်ပင်များ၏ အကိုင်းအခက်များမှ ရွှေရောင်ငွေရောင် အသီးဆန်းများ တွဲလောင်းကျသည့်
လှပသောတောအုပ်ကို ကြည့်ပေမည်။ ကျွန်တော်သည် နောက်ထပ်ဧဒင်ဥယျဉ်တစ်ခု ရှာဖွေတွေ့ရှိခဲ့
သည့်အသွင် ခံစားမိသည်။

ကျွန်တော့်လျှိ့ဝှက်ကမ္ဘာအကြောင်း မည်သူကိုမျှ ကျွန်တော်မပြောသည့်တိုင်အောင် ကျွန်တော့်တစ်ဘဝလုံး မှန်ဘီလူးကို လေ့လာရန် ကျွန်တော်ဆုံးဖြတ်လိုက်သည်။
ကျွန်တော့်မိဘများက ကျွန်တော့်အတွက် အခြားအစီအစဉ်များရှိနေခဲ့သည်။ ကျွန်တော် အသက်၂၀နီးပါး
အရွယ်တွင်မူ ကျွန်တော်တို့သည် ကြွယ်ဝချမ်းသာသော မိသားစုဖြစ်ပြီး ကျွန်တော်အလုပ်လုပ်ကိုင်ရန်
မလိုသည့်တိုင်အောင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ရပ် မဖြစ်မနေဆည်းပူးရန် သူတို့က အတင်း
အကျပ် တွန်းအားပေးခဲ့သည်။
ကျွန်တော်သည် နယူးယောက်မြို့တွင် ဆေးဝါးပညာလေ့လာရန် ဆုံးဖြတ်လိုက်သည်။

နယူးယောက်မြို့တော်မှာ ကျွန်တော့်မိသားစုနှင့် လှမ်းလှသောကြောင့် ကျွန်တော်သည် ကျွန်တော့်အချိန်ကို စိတ်ကြိုက်ဖြုန်းနိုင်ခဲ့သည်။ နှစ်စဉ် ကျွန်တော့်ဆေးကျောင်းလခ ပေးနေခဲ့သမျှ ကျွန်တော်မည်သည့် အတန်းမှ မတက်သည်ကို ကျွန်တော့်မိသားစုက သိမည်မဟုတ်ချေ။
နယူးယောက်တွင် ကျွန်တော်သည် အကောင်းဆုံးမှန်ဘီလူးများ ဝယ်ယူနိုင်မည်ဖြစ်ပြီး၊ ကမ္ဘာတစ်ဝန်းမှ
သိပ္ပံပညာရှင်များနှင့် တွေ့ဆုံနိုင်ပေမည်။ ကျွန်တော့် စိတ်ကူးပေါ်တွင် ငွေကြေးနှင့် အချိန်များစွာ အသုံးချ
နိုင်ပေမည်။ ကျွန်တော်သည် မျှော်လင့်ချက်မြင့်မားစွာနှင့် အိမ်မှထွက်လာခဲ့သည်။

နယူးယောက်မြို့သို့ ကျွန်တော်ရောက်ပြီး နှစ်ရက်အကြာတွင် နေစရာနေရာတစ်နေရာကို ကျွန်တော်ရှာဖွေ
တွေ့ရှိခဲ့သည်။ အခန်းတစ်ခန်းကို ကျွန်တော်ဓါတ်ခွဲခန်းအဖြစ် အသုံးချနိုင်လောက်အောင် ယင်းနေရာက
ကြီးမားလှသည်။
ကျွန်တော်သည် မည်သို့သုံးရမှန်းမသိသော ဈေးကြီးသည့် သိပ္ပံဆိုင်ရာပစ္စည်းများဖြင့် ထိုအခန်းကို ဖြည့်
ဆည်းလိုက်သည်။ သို့သော် မြို့ကြီးတွင် ကျွန်တော်ပထမနှစ်ကုန်ဆုံးသောအခါ ကျွန်တော်သည်
မှန်ဘီလူးနှင့် ပတ်သက်၍ ကျွမ်းကျင်လာသည်။
ထို့ပြင် ကျွန်တော်သည် ပို၍ ပို၍ စိတ်မချမ်းမသာ ဖြစ်လာခဲ့သည်။ ကျွန်တော်၏ တန်ဖိုးကြီးသော မှန်ဘီလူး၏ မှန်ချပ်များသည် အားမကောင်းလှသောကြောင့် ကျွန်တော်၏ အသက်အကြောင်းမေးခွန်းကို မဖြေကြားနိုင်ခဲ့ချေ။ ကျွန်တော့် ပစ္စည်းကိရိယာများ၏ စွမ်းအားအကန့်အသတ်ရှိသည့် သဘာဝကြောင့် သဘာဝ၏ လျှို့ဝှက်ချက်များမသိအောင် ကာကွယ်ထားသည်ဟု ယူဆမိခဲ့သည်။

ကျွန်တော်သည် အပီပြင်ဆုံးမှန်ပြောင်း၊ ပုံကြီးချဲ့အား အလွန်ကောင်းမွန်သော ကိရိယာကို တောင့်တရင်း
ညဘက်တွင် အိပ်မပျော်နိုင်စွာ လဲလျောင်းခဲ့သည်။ အသေးမွှားဆုံးသောအဆင့်တွင် အသက်ဖွံဖြိုးကြီးထွါး
နေပုံကို မြင်သာစေမည့် မှန်ချပ်မျိုးတောင့်တနေခဲ့သည်။
ထိုကဲ့သို့ အင်အားကောင်းသောလှသော မှန်ချပ်ကို တည်ဆောက်နိုင်သည်ဟု ကျွန်တော်တပ်အပ် ယုံကြည်မိသည်။ ကျွန်တော်သည် ထိုမှန်ချပ်မျိုးဖန်တီးရင်းဖြင့် နယူးယောက်မြို့တွင် ဒုတိယနှစ်ကုန်လွန်ခဲ့သည်။

ကျွန်တော်သည် ပစ္စည်းမျိုးစုံကို စမ်းသပ်ခဲ့သည်။ ကျွန်တော်သည် သာမန်ဖန်သလင်းကျောက်နှင့် အဖိုးတန်
ကျောက်မျက်များကိုပင် စမ်းသပ်ကြည့်ခဲ့သည်။ သို့သော် ကျွန်တော်စတင်ခဲ့သည်ကိုသာ ပြန်ရောက်သည့်
အဖြစ် အမြဲကြုံခဲ့ရသည်။ ကျွန်တော့်ဆေးဝါးပညာလေ့လာမူတွင် တိုးတက်မူမရှိသောကြောင့်
ကျွန်တော့်မိဘများ ဒေါသဖြစ်လာခဲ့သည်။
နယူးယောက်မြို့သို့ ရောက်ကတည်းက တစ်တန်းမျှကျွန်တော် မတက်ခဲ့ချေ။ ထို့ပြင် ကျွန်တော့် စမ်းသပ်မူ
များတွင် ငွေကြေးအတော်သုံးစွဲခဲ့ပြီးဖြစ်သည်။

တစ်နေ့တွင် ကျွန်တော် ဓာတ်ခွဲခန်း၌ အလုပ်လုပ်နေစဉ် ဂျုးလ်(စ်)ဆိုင်မွန်က ကျွန်တော့်တံခါးကို လာခေါက်သည်။ သူသည် ကျွန်တော့်အထက်က အခန်းတွင် နေထိုင်သည်။
သူသည် လက်ဝတ်ရတနာများ၊ တန်ဖိုးကြီးသည့် အဝတ်အစားများနှင့် ဇိမ်ကျကျနေထိုင်ရသည်ကို ကြိုက်
နှစ်သက်ကြောင်း ကျွန်တော်သိခဲ့သည်။ သူနှင့်ပတ်သက်၍ လျှို့ဝှက်ဆန်းကြယ်မူတစ်ခုလည်းရှိခဲ့သည်။
သူသည် အမြဲတစေပင် တစ်ခုခုရောင်းချတတ်သည်။
ပန်းချီကားတစ်ချပ်၊ ရှားပါးလှသော ပန်းပုရုပ်၊ တန်ဖိုးကြီးသည့်မီးအိမ် စသည်ဖြင့်...။

ဆိုင်မွန်မည်သည့်အတွက်ကြောင့် ဤသို့ပြုမှန်း ကျွန်တော်မသိခဲ့ချေ။
သူငွေလိုပုံမရခဲ့ချေ။ နယူးယောက်မြို့၏ လူကုံထံမိသားစုများကြားတွင် သူ့မိတ်ဆွေအများအပြား ရှိနေသည်။
ဆိုင်မွန်သည် ကျွန်တော့် ဓာတ်ခွဲခန်းထဲသို့ ဝင်ရောက်လာသောအခါ အလွန်စိတ်လှုပ်ရှားနေခဲ့သည်။

►ဟေ့.. ကိုယ့်လူ.. ကိုယ်ကမ္ဘာပေါ်မှာ အံ့သြစရာ အကောင်းဆုံးအရာကို ခုပဲမြင်ခဲ့တယ်...

သူက အမောတကော ပြောလိုက်သည်။ သူသည် ထူးဆန်းသော မှော်အစွမ်းရှိသည့် အမျိုးသမီးထံသို့ သွား
ရောက်ခဲ့သည်ဟု ကျွန်တော့်ကို ပြောပြသည်။
သူသည် သေသူတို့နှင့် စကားပြောဆို၍ ရှင်လူတို့၏ မနောစိတ်ကို ဖတ်ရှူနိုင်သည်ဟုဆိုသည်။
သူမကို စမ်းသပ်ရန် ဆိုင်မွန်သည် စက္ကူစတစ်တွင် သူ့အကြောင်းမေးခွန်းအချို့ ရေးသားခဲ့သည်။
မဒမ်ဗောပီ(စ်)ဟု အမည်တွင်သော ထိုအမျိုးသမီးက မေးခွန်းများကို မှန်ကန်စွာဖြေကြားခဲ့သည်။

ဤမိန်းမအကြောင်း ကြားရသောအခါ ကျွန်တော် စိတ်ကူးတစ်ခုရလိုက်သည်။ အပြစ်ကင်းသည့် မှန်ဘီလူး၏
လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိအောင် သူမ ကျွန်တော့်ကို ကူညီကောင်းကူညီနိုင်ပေမည်။
နှစ်ရက်အကြာတွင် ကျွန်တော် သူမအိမ်သို့ သွားရောက်ခဲ့သည်။
မဒမ်ဗောပီ(စ်)မှာ အကျည်းတန်ပြီး စူးရှရက်စက်သော မျက်လုံးများရှိသည်။ သူမ တံခါးဖွင့်သောအခါ
ကျွန်တော့်ကို စကားတခွန်းမှမပြောသော်လည်း ကျွန်တော့်ကို သူမ၏ ဧည့်ခန်းထဲသို့ ခေါ်ဆောင်သွားသည်။
ကျွန်တော်တို့သည် ကြီးမားသောစားပွဲဝိုင်းတွင် ထိုင်လိုက်သည်။ သူမက ကျွန်တော့်ကို ပြောလိုက်သည်။

►ရှင် ကျွန်မဆီက ဘာလိုချင်လို့လဲ..
►ကျွန်တော်မမွေးခင် နှစ်ပေါင်းများစွာက ကွယ်လွန်သွားခဲ့တဲ့ သူတစ်ယောက်နဲ့ စကားပြောချင်တယ်...

ကျွန်တော်တို့သည် မိနစ်များစွာပင် ထိုနေရာတွင် ထိုင်နေခဲ့သည်။ အခန်းက ပိုလို့...ပိုလို့မှောင်လာသည်။
သို့သော် မဒမ်ဗောပီ(စ်)သည် မည်သည့်မီးမျှမဖွင့်ခဲ့ချေ။ ကျွန်တော်သည် အနည်းငယ်ခန့် ရူးတူးတူးပေါတောတော ခံစားမိသည်။ ထို့နောက်တွင် ပြင်းထန်စွာရိုက်ခတ်ချက်များ ခံစားလိုက်ရသည်။
ကုလားထိုင်၊ ကျွန်တော့်ကုလားထိုင်နောက်ကျော၊ ကျွန်တော့်ခြေထောက်အောက်မှ ကြမ်းပြင်၊ ပြတင်းပေါက်များပင် လှုပ်ခါသွားသည်။
မဒမ်ဗောပီ(စ်)က ပြုံးလိုက်သည်။

►ဒီည အတော်အားကောင်းနေတယ်.. ရှင်ကံကောင်းပါတယ်.. ရှင်စကားပြောဆိုချင်တဲ့ ဝိညာဉ်ရဲ့နာမည်ကို
  ရေးချလိုက်ပါ..

ကျွန်တော်သည် ကျွန်တော့်မှတ်စုစာအုပ်ထဲမှ စာရွက်ပိုင်းတစ်စဆွဲဖြဲ၍ နာမည်ရေးချလိုက်သည်။ ထိုနာမည်ကို မဒမ်ဗောပီ(စ်)ကို မပြသခဲ့ချေ။
ခဏအကြာတွင် မဒမ်ဗောပီ(စ်)၏ လက်များပြင်းထန်စွာ လှုပ်ခါလာရာ စားပွဲပင်ရွေ့လျားသွားသည်။
သူမ၏ လက်ကို ဝိညာဉ်တစ်ခုကကိုင်ထားပြီး ကျွန်တော့်ကို စာတစ်စောင်ရေးပေးမည်ဟု သူမကပြောကြားသည်။
ကျွန်တော်က သူမကို စက္ကူနှင့်ခဲတံပေးလိုက်သည်။ သူမက တစ်စုံတစ်ခုကိုရေးသားပြီး ကျွန်တော့်အား ကမ်းပေးလိုက်သည်။ စာမှာ အောက်ပါအတိုင်းဖြစ်သည်။

►ငါ ဒီမှာရောက်ပြီ.. ငါ့ကိုမေးပါ..
လီယူဝင်ဟို့ခ်ဟု လက်မှတ်ရေးထိုးထားသည်။
ကျွန်တော့်မျက်လုံးကိုပင် ကျွန်တော်မယုံနိုင်ခဲ့ချေ။ ထိုနာမည်မှာ ကျွန်တော့်စာရွက်ပေါ်တွင် ရေးသားခဲ့သောနာမည်ပင်ဖြစ်သည်။ မဒမ်ဗောပီ(စ်)ကဲ့သို့ အသိဥာဏ်ကင်းမဲ့သော အမျိုးသမီးက လီယူဝင်ဟို့ခ်ကို မသိနိုင်ချေဟု ကျွန်တော်ယုံကြည်မိသည်။
မှန်ဘီလူးကို တီထွင်ခဲ့သူ၏ အမည်ကို သူမ မည်သို့သိနိုင်ပါမည်နည်း။
ကျွန်တော်သည် စာရွက်တစ်စပေါ်တွင် မေးခွန်းတစ်ခုကို လျင်မြန်စွာရေးချလိုက်သည်။

►ပီပြင်တဲ့ မှန်ဘီလူးမှန်ချပ်ကို ကျွန်တော် ဘယ်လိုဖန်တီးနိုင်မလဲ...
လီယူဝင်ဟို့ခ်က ပြန်ရေးလိုက်သည်။
►၁၄၀ ကာရက်ရှိတဲ့ စိန်တစ်လုံးကို ရှာဖွေပါ.. လျှပ်စစ်ဓာတ်ပြင်းပြင်း ခတ်လိုက်ပါ.. လျှပ်စစ်ဓာတ်က စိန်ရဲ့
  အဏုမြူတွေကို ပြောင်းလဲပစ်လိမ့်မယ်.. အဲဒီ ကျောက်ကနေ ပီပြင်တဲ့ မှန်ဘီလူးမှန်ချပ်ကို ပုံဖော်လို့ရမယ်...

ကျွန်တော်သည် မဒမ်ဗောပီ(စ်)၏ အိမ်မှနေ၍ စိတ်လှုပ်ရှားစွာ ထွက်လာခဲ့သည်။ ထိုမျှ ကြီးမားသော စိန်ကို
ဘယ်မှာရှာလို့ ရနိုင်မည်နည်း။ ကျွန်တော့် မိသားစုငွေကြေးအားလုံးဖြင့် ပုံဝယ်လျှင်ပင် ထိုသို့သော
စိန်တစ်ပွင့်မရနိုင်ချေ။ ငွေကြေးလုံလောက်စွာရှိလျှင်လည်း ထိုသို့သော စိန်မျိုးရှာတွေ့ရန် မလွယ်ကူကြောင်း ကျွန်တော်သိသည်။

ကျွန်တော် အိမ်ပြန်ရောက်သောအခါ ဆိုင်မွန်၏ ပြတင်းပေါက်တွင် မီးတစ်ပွင့်တွေ့ရသည်။ ကျွန်တော်သည် သူ့တိုက်ခန်းလှေကားအတိုင်းတက်သွားပြီး တံခါးမခေါက်ဘဲ အထဲသို့ဝင်လိုက်သည်။
ဆိုင်မွန်က ကျွန်တော့်ကို ကျောခိုင်းနေခဲ့ပြီး မီးအိမ်တစ်အိမ်ပေါ် ကိုင်းညွတ်နေခဲ့သည်။
သူ့လက်ထဲရှိ သေးငယ်သော အရာဝတ္ထုတစ်ခုကို သေချာစွာလေ့လာနေပုံရသည်။
ကျွန်တော်ဝင်လာသံကို ကြားသည်နှင့် ထိုပစ္စည်းကို သူ့အိတ်ထဲထည့်လိုက်သည်။ သူ့မျက်နှာနီရဲသွားပြီး
အလွန်စိတ်ဂဏှာမငြိမ် ဖြစ်နေပုံရခဲ့သည်။

►ခင်ဗျား ဘာကိုကြည့်နေတာလဲ...
ကျွန်တော်က မေးလိုက်သည်။ ဆိုင်မွန်က ပြန်မပြောခဲ့ချေ။ ထိုအစား သူဂဏှာမငြိမ်စွာ ရယ်မောလိုက်ပြီး
ကျွန်တော့်ကို ထိုင်ခိုင်းလိုက်သည်။ သူ့ကို ကျွန်တော့်သတင်းပြောပြရန် စိတ်စောနေခဲ့သည်။။

►ဆိုင်မွန်.. ကျွန်တော် မဒမ်ဗောပီ(စ်)ဆီက အခုပဲ ပြန်လာတာ.. ပီပြင်တဲ့မှန်ဘီလူးမှန်ချပ်ကို ရှာတွေ့အောင်ကျွန်တော့်ကို အထောက်အကူပြုမယ့် အချက်အလက်တစ်ချို့ပေးခဲ့တယ်..
  ကာရက်(၁၄၀)လေးတဲ့ စိန်တစ်ပွင့်သာ ကျွန်တော် ရှာလို့တွေ့ခဲ့ရင်.....

ကျွန်တော့်စကားလုံးများက ဆိုင်မွန်ကို တိရစ္ဆာန်ရိုင်းတစ်ကောင်အဖြစ်သို့ ပြောင်းလဲပစ်ပုံရသည်။
သူသည် စားပွဲလေးတစ်လုံးသို့ပြေးသွားပြီး ရှည်လျားသေးသွယ်သော ဓားတစ်လက်ကို ဆွဲယူလိုက်သည်။

မရဘူးး...
သူက အော်ဟစ်လိုက်သည်။
►ကျုပ်ရဲ့ ရတနာ ခင်ဗျားကို မပေးဘူး.. အသေသာခံလိုက်မယ်..

►သူငယ်ချင်း ဆိုင်မွန်...
ကျွန်တော်က ပြောလိုက်သည်။

►ခင်ဗျားပြောနေတာကို ကျွန်တော် နားမလည်ဘူး.. ကျွန်တော် သိပ္ပံဆိုင်ရာပြဿနာတစ်ခုမှာ အကူအညီလိုလို့ မဒမ်ဗောပီ(စ်)ဆီကို သွားမေးခဲ့တယ်.. အရမ်းကြီးတဲ့ စိန်တစ်လုံးလိုတယ်လို့ ကျွန်တော့်ကို ပြောတယ်..
  ခင်ဗျား အဲဒီလောက်ကြီးတဲ့စိန် မပိုင်နိုင်ကောင်းပါဘူး..
  ပိုင်ခဲ့ရင်လည်း ခင်ဗျားသိပ်ချမ်းသာမှာပဲ.. ဒီမှာ နေထိုင်မှာမဟုတ်ဘူး..

သူသည် တစ်စက္ကန့်ခန့် ပြူးကြည့်လိုက်သည်။ ထို့နောက် ရယ်မော၍ တောင်းပန်လိုက်သည်။

►ဆိုင်မွန်.. ကျွန်တော်က အကြံပြုလိုက်သည်။
 ►ကျွန်တော်တို့ ဝိုင်နည်းနည်းသောက်ပြီး ဒီကိစ္စကို မေ့လိုက်ရအောင်... အောက်ထပ်က ကျွန်တော့်အခန်းမှာ ပုလင်းနှစ်လုံးရှိတယ်.. ခင်ဗျား ဘယ်လိုမြင်လဲ..
►ခင်ဗျားရဲ့စိတ်ကူးကို ကြိုက်တယ်..  သူက ဆိုလိုက်သည်။

ကျွန်တော်သည် သူ့ တိုက်ခန်းထဲသို့ ဝိုင်အရက်ပုလင်းများယူလာပြီး စသောက်ကြသည်။
ပထမတစ်ပုလင်းသောက်ပြီးချိန်တွင် ဆိုင်မွန်အတော်မူးနေခဲ့သည်။

►ဆိုင်မွန်.. ခင်ဗျားမှာ လျှို့ဝှက်ချက်တစ်ခုရှိနေမှန်း ကျွန်တော်သိတယ်..
  ကျွန်တော့်ကို အဲဒါလေးပြောပြပါလား...

ကျွန်တော့်လေသံက သူ့ကို ယုံကိုးမှုရှိစေခဲ့သည်။ သူ့လျှို့ဝှက်ချက်ကို စောင့်ထိန်းပါမည်ဟု ကျွန်တော့်ထံမှ
ကတိတောင်းခဲ့သည်။ ထို့နောက် သူ့အိတ်ထဲမှ ဘူးလေးတစ်ဘူးကို ထုတ်ယူလိုက်သည်။
ဘူးကို ဖွင့်လိုက်သောအခါတွင် နှင်းဆီပုံစံရှိသော စိန်ပွင့်ကြီးတစ်လုံးကို ကျွန်တော်တွေ့ရသည်။
စိန်ပွင့်အတွင်းနက်နက်မှ ဖြူစင်ဝင်းပသော အလင်းရောင်ဖြာထွက်နေသည်။

ဆိုင်မွန်က ထိုစိန်ကို တောင်အာဖရိကရှိ လူတစ်ယောက်ထံမှ ခိုးယူခဲ့သည်ဟု ပြောပြသည်။ စိန်ပွင့်၏
အလေးချိန်မှာ (၁၄၀)ကာရက်တိတိဖြစ်သည်ဟု သူကဆိုသည်။
ကျွန်တော့်ခန္ဓာကိုယ်တစ်ခုလုံး စိတ်လှုပ်ရှားတုန်ခါသွားသည်။ ကျွန်တော့်ကံကို ကျွန်တော် မယုံနိုင်ခဲ့ချေ။
လီယူဝင်ဟို့ခ်၏ ဝိညာဉ်က အပီပြင်ဆုံး မှန်ဘီလူးချပ်လျှို့ဝှက်ချက်အား ကျွန်တော်ကို ပြောပြသည့်နေမှာပင်
ကျွန်တော်သည် ထိုမှန်ဘီလူးချပ်ကို ဖန်တီးရန် လိုအပ်သည့် စိန်ပွင့်ကို ရှာတွေ့သည်။

ကျွန်တော်သည် ဆိုင်မွန်၏ရတနာကို ခိုးယူရန်ဆုံးဖြတ်လိုက်သည်။ ကျွန်တော်သည် ဝိုင်နောက်တစ်ခွက်သောက်ရင်း သူ့စားပွဲတစ်ဖက်တွင် ထိုင်မိသည်။
စိန်ပွင့်ကို ခိုးယူရုံသာ ခိုး၍မရကြောင်း ကျွန်တော်သိခဲ့သည်။ ဆိုင်မွန်က ရဲကိုအကြောင်းကြားပေမည်။
စိန်ပွင့်ကို ရနိုင်ရန် တစ်ခုတည်းသောနည်းလမ်းသာရှိသည်။ ကျွန်တော် ဆိုင်မွန်ကို သတ်ရမည်။

ဆိုင်မွန်ကို သတ်ရန် လိုအပ်သမျှပစ္စည်းအားလုံး သူ့အခန်းထဲမှာပင် ရှိနေခဲ့သည်။ အိပ်ဆေးမှုန့်များဖြင့် ပြည့်နေသော ပုလင်းတစ်လုံးသည် သူ့ခုတင်အနီး စားပွဲပေါ်တွင် ရှိနေခဲ့သည်။
စားပွဲပေါ်တွင် ရှည်လျားသေးသွယ်သော ဓားတစ်လက်ရှိသည်။ ဆိုင်မွန်သည် စိန်ပွင့်ကို အာရုံစိုက်နေသော
ကြောင့် သူ့ဖန်ခွက်ထဲသို့ အိပ်ဆေးမှုန့် လွယ်လွယ်ကူကူထည့်နိုင်ခဲ့သည်။
သူသည် (၁၅)မိနစ်အိပ်ပျော်သွားခဲ့သည်။

ကျွန်တော်သည် သူ၏ စိန်ပွင့်ကို အိတ်ထဲထည့်၍ ဆိုင်မွန်အား အိပ်ရာသို့သယ်သွားသည်။
ဆိုင်မွန် သူ့ကိုသူ သတ်သေခဲ့သည်ဟု ရဲကထင်အောင် ကျွန်တော်ပြုလိုခဲ့သည်။ ကျွန်တော်သည် ဆိုင်မွန်၏ ဓားရှည်ကို ကောက်ယူ၍ သူ့ကိုသေချာငုံကြည့်လိုက်သည်။ ဓားကိုသူကိုယ်တိုင် ကိုင်နေခဲ့လျှင် သူ့နှလုံးသားထဲသို့ မည်သည့်ပုံစံစိုက်ဝင်မည်ကို အတိအကျ စိတ်ကူးကြည့်နေခဲ့သည်။

ကျွန်တော်သည် ဓားကို သူ့နှလုံးထဲသို့ နက်နက်ထိုးထည့်လိုက်သည်။ သူ့လည်မျိုမှ အသံထွက်လာသည်။
ပူဖောင်းကြီးတစ်လုံးပေါက်ကွဲသည့် အသံမျိုးဖြစ်သည်။
သူ့ခန္ဓာကိုယ် ရွေ့လျားသွားပြီး သူ့ညာလက်က ဓားလက်ကိုင်ကို ဖမ်းကိုင်လိုက်သည်။
သူချက်ချင်း သေဆုံးသွားပုံရသည်။
ကျွန်တော်သည် အရက်ခွက်များကို ဆေးကြော၍ ဝိုင်ပုလင်းနှစ်လုံးကို ကျွန်တော်နှင့်အတူ ယူထုတ်ခဲ့သည်။
မီးများကို ဖွင့်ထားခဲ့ပြီး တံခါးကို ပိတ်လိုက်သည်။ ထို့နောက် ကျွန်တော့်အခန်းထဲ ပြန်သွားခဲ့သည်။

ဆိုင်မွန် သေဆုံးသည့်ကိစ္စကို နောက်တစ်နေ့ နေ့ခင်းသုံးနာရီကျမှ သိလာခဲ့သည်။ အိမ်နီးချင်းတစ်ဦးက
သူ့တံခါးကို ခေါက်လိုက်သည်။ ပြန်ထူးသံမကြားရသောအခါ သူမက ရဲကိုအကြောင်းကြားလိုက်သည်။
သူတို့သည် ဆိုင်မွန်၏အလောင်းကို ခုတင်ပေါ်တွင် တွေ့ရှိသည်။ ရဲက လူတိုင်းကို မေးမြန်းခဲ့သည်။
သို့သော် ဖြစ်ရပ်မှန်ကို သူတို့မသိသွားခဲ့ချေ။
ဂျူးလ်(စ်)ဆိုင်မွန်က သူ့ကိုသူ သတ်သေသွားသည်ဟု နောက်ဆုံးတွင် ရဲများက ဆုံးဖြတ်လိုက်ပြီး
မကြာခင်မှာပင် သူ့ကို အားလုံးမေ့လျော့သွားကြသည်။ ကျွန်တော်သည် အပီပြင်ဆုံးသော မူခင်းကို
ကျူးလွန်နိုင်ခဲ့သည်။

ဆိုင်မွန် သေဆုံးပြီး သုံးလကြာမျှ ကျွန်တော်သည် နေ့နေ့၊ညည ကျွန်တော့် စိန်ဘီလူးမှန်ချပ်များကို သွေးခဲ့
သည်။ နောက်ဆုံးတွင် မှန်ဘီလူးမှန်ချပ်များသွေးပြီးသွားသည်။ မှန်ချပ်တစ်စပေါ်တွင် ရေစက်တစ်စက်ချသောအခါ ကျွန်တော့်လက်များ တုန်ခါနေခဲ့သည်။

ကျွန်တော်သည် ရေစက်မခန်းခြောက်သွားစေရန် ဆီအနည်းငယ်ဖြည့်လိုက်သည်။ မှန်အောက်တွင် မီးရောင်ထိန်ထိန်တစ်ခုဖွင့်လှစ်ပြီး စိန်မှန်ဘီလူးမှန်ချပ်မှတဆင့် ကြည့်လိုက်သည်။
တစ်ခဏမူ ကျွန်တော်သည် ရေစက်တွင် မည်သည့်အရာမှမတွေ့ရချေ။ ထို့နောက် အဖြူရောင်စင်စင်
အလင်းရောင်ကိုတွေ့ရသည်။ ကျွန်တော်သည် ကျွန်တော့်မှန်ဘီလူးမှမှန်ချပ်များကို ရေစက်နားသို့ တိုးကပ်
လိုက်သည်။ တဖြည်းဖြည်းနှင့် အဖြူရောင်အလင်းက ပြောင်းလဲသွားသည့် သဏ္ဍန်များ ပေါ်လာသည်။
ကျွန်တော်သည် တိမ်တိုက်များ၊ လှပသောသစ်ပင်များနှင့် ပန်းပင်များကို တွေ့ရသည်။
ဤပန်းပင်များ၏ အရာင်အသွေးများမှာ အတော်ပင်ထူးခြားလို့နေသည်။
အနီရောင်တောက်တောက်၊ ခရမ်းရောင်အပြင် ငွေရောင်၊ ရွှေရောင်တွေဖြစ်သည်။
ဒီသစ်ပင်တွေ၏ သစ်ကိုင်းတွေသည် လေပြည်တွင် ဖြည်းဖြည်းလှုပ်ခါလို့နေသည်။ ကြည့်လေရာအရပ်တိုင်းတွင် ကျွန်တော်သည် ရောင်ကွဲပေါင်းတစ်ထောင်နှင့် သစ်သီးဝလံပန်းမန်များကို မြင်ရသည်။

►ဆန်းပြားလိုက်တာ... ဒီလှပတဲ့နေရာမှာ သက်ရှိသတ္တဝါတစ်ကောင်တလေမှမရှိဘူး...
ကျွန်တော် တွေးလိုက်မိသည်။
သည့်နောက်တော့ ကျွန်တော်သည် အရာင်အသွေးတောက်ပသော သစ်ပင်နှင့် ချုံပုတ်များအကြားတွင် ဖြည်းလေးစွာ ရွေ့လျားနေသော အရာတစ်ခုကိုတွေ့ရသည်။ ခရမ်းရောင်သစ်ကိုင်းများနှင့် ငွေရောင်ချုံပုတ်တို့ ဘေးသို့ညင်သာစွာတွန်းလိုက်သည်။
ထိုအခါ ကျွန်တော့်မျက်စိရှေ့တွင် ကျွန်တော်မြင်ဖူးသမျှ အလှဆုံးမိန်းမတစ်ဦး ရပ်နေခဲ့သည်။
သူမ၏ အသွင်ကား ပြစ်မျိုးမှဲ့မထင်ပင်။ အသားရောင်က ပန်းနု၊ ကြီးမားသောမျက်လုံးပြာများနှင့် ရှည်လျားသော
ရွှေရောင်ဆံပင်ကား သူမပခုံးပေါ်မှကျော်၍ သူမ၏ ဒူးခေါင်းအထိရောက်သည်။
သူမသည် သက်တံအရောင်အသွေးရှိသော သစ်ပင်များမှ လှမ်းထွက်လိုက်သည်။ ရေထဲတွင် လွင့်မျောနေသော ပန်းတစ်ပွင့်ကဲ့သို့ သူမလေထဲတွင် လွင့်မျောသွါးသည်။ သူမ၏ လှုပ်ရှားမူများကို ကြည့်ရခြင်းမှာ လေထဲတွင်
ဆည်းလည်းသံလေးများ ထိခတ်သံများကို ကြားရသည်နှင့် တူနေခဲ့သည်။

သူမသည် သက်တံအရောင်အသွေးရှိသော သစ်ပင်များသို့ လျှောက်သွားပြီး သစ်ပင်တစ်ပင်ကို မော့ကြည့်လိုက်
သည်။ သစ်ပင်သည် သစ်သီးများ ပြည့်နေသော သစ်ကိုင်းတစ်ကိုင်းကို ရွေ့လျားသွားသည်။
သူမထံကိုင်းညွတ်လာရာ သူမ၏ သေးငယ်သောလက်တွင် လှည့်၍ စ စားလိုက်သည်။

ကျွန်တော်သည် ထိုတောက်ပနေသော အလင်းတန်းထဲသို့ဝင်ရောက်၍ ထိုလှပသော သစ်တောများထဲရှိ
သူမထံ လွင့်မျောဆင်းလိုက်နိုင်လျှင် ကောင်းပေစွဟု တောင့်တလိုက်မိသည်။
ရုတ်တရက်ဆိုသလိုပင် ကျွန်တော်သည် သေးငယ်လှပသောသတ္တဝါကို ချစ်မိသွားပြီမှန်း သဘောပေါက်လိုက်သည်။ ကျွန်တော့်ကို မည်သည့်အခါမျှ ပြန်ချစ်မည်မဟုတ်သောသူကို ကျွန်တော်ချစ်မိသွားလေပြီ။
ရေစက်တစ်စက်ထဲတွင် အကျည်းသားဖြစ်နေသူတစ်ဦးကို ချစ်မိသည်။
ကျွန်တော် အခန်းထဲမှပြေးထွက်လိုက်သည်။ ခုတင်ပေါ်တွင် ပစ်လှဲချလိုက်ပြီး အိပ်ပျော်သွားသည်အထိ ငို
ရှိုက်မိသည်။
တစ်ရက်ပြီးတစ်ရက် ကျွန်တော်သည် သူမကို ကြည့်ရူရန် ကျွန်တော့်မှန်ဘီလူးဆီသို့ ပြန်ခဲ့သည်။ ကျွန်တော် တိုက်ခန်းမှ ထွက်သည်မရှိခဲ့ချေ။ စားခြင်း၊ အိပ်ခြင်းပင် ပြုခဲသည်။

တစ်နေ့တွင်မူ ထုံးစံအတိုင်း ကျွန်တော့်အချစ်ကို ကြည့်ရူရန် အသင့်ရှိနေသော ကျွန်တော့်မှန်ဘီလူးသို့သွား
ခဲ့သည်။ သူမရှိနေခဲ့သည်။ သို့သော်  အင်မတန်ဆိုးရွားသော အပြောင်းအလဲတစ်ခုဖြစ်ခဲ့သည်။
သူမမျက်နှာ ပိန်လှီသွားပြီး သူမလမ်းပင် မလျှောက်နိုင်တော့ချေ။ သူမ၏ ရွှေရောင်ဆံပင်မှ လှပသော
အလင်းရောင်နှင့် မျက်ဝန်းပြာများ မရှိတော့ချေ။ ထိုအချိန်တွင် သူမကဲ့သို့သေးငယ်ပြီး သူမလောကထဲဝင်ရန် သူမကိုကူညီရန် ကျွန်တော့်အသက်ကိုပေးရန် အသင့်ရှိနေခဲ့သည်။

သူမဖျားနာအောင် မည်သည့်အချက်က ပြုနေခဲ့သနည်း။ သူမ လွန်စွာနာကျင်နေဟန်ရှိခဲ့သည်။ ကျွန်တော်သည် ကူညီမူကင်းစွာ အသည်းကွဲလျက်ပင်။ သူမကို နာရီပေါင်းများစွာ ကြည့်နေခဲ့သည်။
သူမ အားနည်းသည်ထက် အားနည်းလာသည်။ သစ်တောကြီးများသည်လည်း ပြောင်းလဲလို့နေသည်။
သစ်ပင်များ၏ လှပသောအရောင်အသွေးတို့ ဆုံးပါးသွားကြသည်။
ကျွန်တော်တို့ ရေစက်ကို ရက်ပေါင်းများစွာ မကြည့်ခဲ့မိသည်ကို ကျွန်တော် ရုတ်တရက်သတိရလိုက်သည်။
ကျွန်တော်သည် ရေစက်ထဲသို့ မှန်ဘီလူးဖြင့် ကြည့်ခဲ့မိပါသော်လည်း ရေစက်ကိုမူ ဂရုမစိုက်မိခဲ့ချေ။
ကျွန်တော့်မှန်ဘီလူးအောက်မှန်ချပ်ကို ကြည့်လိုက်သည်နှင့် ကျွန်တော်သည် ကြောက်စရာအဖြစ်မှန်ကို သိလိုက်သည်။ ကျွန်တော်သည် ရေစက်မခန်းခြောက်စေဖို့ ဆီထပ်တိုးရန် မေ့လျော့နေခဲ့သည်။
ရေစက်ပျောက်ကွယ်သွားလေသည်။

ကျွန်တော်သည် အလောသုံးဆယ် အမြန်ပြေး၍ မှန်ဘီလူးမှန်ချပ်မှ ကြည့်လိုက်သည်။ သက်တံရောင်တောအုပ်
အားလုံးပျောက်ကွယ်သွားသည်။ ကျွန်တော့် အချစ်သည် အလင်းရောင်ပျပျတွင် လဲနေခဲ့သည်။
သူမ၏ ပန်းရောင်ခန္ဓာကိုယ်မှာ ခြောက်သွေ့ပြီး အသားအရေတွန့်နေခဲ့သည်။ သူမမျက်လုံးများက ဖှုန်မှုန့်တွေလို နက်လို့နေသည်။ တဖြည်းဖြည်းနှင့် သူမ ထာဝရ ပျောက်ကွယ်သွားတော့သည်။

ကျွန်တော် သတိလစ်သွားပြီး နာရီပေါင်းများစွာအကြာတွင် ကျွန်တော့်မှန်ဘီလူးအစအနများပေါ် နိုးလာခဲ့သည်။
ကျွန်တော် သတိလစ်သွားစဉ်က့်မှန်ဘီလူးပေါ်ကျသွားခဲ့ခြင်းဖြစ်သည်။ စိန့်မှန်ဘီလူးမှန်ချပ်ကဲ့သို့ပင်
ကျွန်တော့်စတ်လည်း ကွဲအက်နေခဲ့လေပြီ။ ကျွန်တော်သည် ကျွန်တော့်အိပ်ရာသို့ တွားသွားလိုက်သည်။

လပေါင်းများစွာအကြာတွင် ကျွန်တော်ပြန်လည် နေကောင်းလာသောအခါတွင် ကျွန်တော့်ငွေအားလုံး ကုန်နေချေပြီ။ ယခုမူ ကျွန်တော်ရူးနေပြီဟု လူတွေပြောလာကြသည်။ ကျွန်တော့်ကို သိပ္ပံရူးလင်လီ ဟုခေါ်ကြသည်။

လီယူဝင်ဟို့ခ်၏ ဝိညာဉ်နှင့် ကျွန်တော် စကားပြောဆိုခဲ့သည်ကို မည်သူမျှ မယုံကြည်ကြချေ။
ကျွန်တော်ဂျူးလ်(စ်)ဆိုင်မွန်ကို မည်သို့သတ်၍ ပီပြင်သော မှန်ဘီလူးမှန်ချပ်လုပ်ရန် သူ့စိန်ကို ခိုးယူခဲ့ကြောင်းပြောသောအခါ ရယ်မောကြသည်။
ရေစက်လေးထဲတွင် လှပသောကမ္ဘာကို ကျွန်တော် မည့်သည့်အခါကမှ မမြင်ခဲ့ဟု သူတို့ထင်သည်။

သို့သော် စိန့်မှန်ဘီလူးမှန်ချပ်အကြောင်း အဖြစ်မှန်ကို ကျွန်တော်သိသည်။
ယခု သင်တို့လည်း သိပါပြီ....

( ဖတ်ခဲ့ဖူးသည်များကို ရိုက်နှိပ် တင်ထားခြင်းဖြစ်သည်။ အားလုံးကို ကျေးဇူးတင်ပါသည်။ )
@yexin189

No comments:

Post a Comment