Tuesday, October 13, 2015

အုတ်ဂူပေါ်မှကမ္ပည်းစာတမ်း


စာရေးဆရာ ►►►သိဏ်းသန်းအောင် (မြင်းခြံ)


ကောင်းမြတ်ဇော်က သူ့ ခြေလှမ်းများကို အိမ်ပေါက်ဝရောက်သည်နှင့် ခြေစုံရပ်လိုက်၏။ သူ့ရှေ့တွင် တံခါးချပ်နှစ်ခုအား ကြီးမားသော အာမခံသော့ခလောက်ကြီးက သစ္စာရှိရှိ တာဝန်သိသိဖြင့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေဟန် ပကတိငြိမ်သက်စွာ တည်ရှိနေဆဲပင်။ ကောင်းမြတ်ဇော် အိမ်ပြန်မရောက်ခဲ့သည်မှာပင် နှစ်လတာကာလ၏ ဟိုဘက်သို့ သီသီပင် စွန်းခဲ့ချေပေါ့။

ကောင်းမြတ်ဇော်မှာ ခေတ္တတော့ ခြေစုံရပ်ရင်း တွေဝေနေမိသေးသည်။ နောက်မှ ပျံ့လွင့်နေသော သူ၏ စိတ်အ
စဉ်အား စုစည်းယူလိုက်သည်။ ပြီးတော့မှ သူ့လက်ဆွဲအိတ်ကြီး၏ ဘေးအိတ်အတွင်းမှ အိမ်တံခါးသော့အား ရှာဖွေယူလိုက်သည်။ နောက်တစ်ဖန် သော့ချောင်းအား သော့ခလောက်ကြီး၏ သော့အိမ်ပေါက် အတွင်းသို့ ထိုးထည့်ကာ လှည့်ကြည့်လိုက်၏။ သော့ခလောက်က ကလစ် ဟု မည်လာခြင်း အလျှင်းမရှိ၊ ချေးကိုက်နေခြင်းပင် ဖြစ်လိမ့်မည်။ ကောင်းမြတ်ဇော်က ဒုတိယအကြိမ် လှည့်ကြည့်လိုက်ပြန်၏။ ထိုအခါမှာ သော့ခလောက်ကြီးမှာ ဖျောက်ခနဲအသံဖြင့် ပွင့်ထွက်သွားတော့သည်။

အိမ်တံခါးရွက်များအား ဖြည်းညင်းစွာ ဖွင့်ဟလိုက်ပြီးမှ ကောင်းမြတ်ဇော်က သူ့ခန္ဓာကိုယ်အား အတွင်းသို့ ဝင်လိုက်သည်။ သူ့မျက်နှာသို့ ပါးလွှာသော အမျှင်တန်းတို့က ဝင်ရောက်ထိကပ်ခြင်းကို ခံလိုက်ရသည်။ ပင့်ကူအိမ်အမျှင်တန်းတွေပဲ၊ အချိန်ကာလ ကြာမြင့်မှုအား အခွင့်ကောင်းယူ၍ ပင့်ကူတို့က နေရာယူ အိမ်ဖွဲ့ထားခြင်းပင်ဖြစ်သည်။ အတွင်းသို့ ဝင်ရောက်ပြီးကမှ လက်ဆွဲအိတ်ကို အသာချထား၍ ပြတင်းတံခါးများကို လိုက်ဖွင့်လိုက်သည်။
ဖျော့တော့သော အလင်းရောင်တန်းက အခန်းတွင်းသို့ ထိုးဖောက်ဝင်ရောက်လာတော့သည်။

အိမ်အတွင်းရှိ ပရိဘောပပစ္စည်းတို့မှာ နေရာမပျက် နဂိုအတိုင်း ရှိနေကြသော်လည်း ၄င်းတို့၏ မျက်နှာပြင်များပေါ်
ဝယ် ဖုန်မှုန့်တွေက မိတ်ကပ်ခြယ်သထားသကဲ့သို့ ပါပဲလား။ ကောင်းမြတ်ဇော်က ကြက်မွေးဖြင့် ဖုန်မှုန့်နှင့် ပင့်ကူမျှင်တို့ကို ခါထုတ်၍ ရှင်းလင်းပစ်လိုက်ရသည်။ ထိုမှတစ်ဖန် သူတို့၏ အိပ်ခန်းလေးအတွင်းသို့ ဝင်ရောက်ရန်ကိုမူ သူ ဝန်လေးနေဟန်ရှိသည်။

ဒီအိပ်ခန်းလေးမှာ သူနှင့် ဇနီးဖြစ်သူ စုနန္ဒာတို့ အိပ်စက်ရာ ချစ်ဗိမာန်လေးရယ်လေ၊ သူက အိပ်ခန်းအား စက္ကန့်
ပိုင်းလောက်မျှ ငေးစိုက်ကြည့်ရင်း သက်မတစ်ချက်အား မသက်မသာ ချလိုက်မိရလေ၏။ နောက်ပြီးမှ ခန်းဆီးလိုက်ကာလေးအား တွန်းဖယ်ကာ အတွင်းဆီသို့ ငေးစိုက်ကြည့်နေပြန်သည်။ နှစ်ယောက်အိပ် ခုတင်နိမ့်နိမ့်လေးက ပိုင်ရှင်မဲ့စွာဖြင့် အထီးကျန် ရပ်တည်နေဆဲပါကလား။

နှစ်လွှာပေါင်းမှ တစ်ရွက်မည်လေသော စွယ်တော်ရွက်ကဲ့သို့ နှစ်ဦးပေါင်းမှ တစ်ဘဝမည်သော သူတို့၏ ချစ်ရိပ်
မြုံ ချစ်ဗိမာန်ဘုံလေးထဲမှ ကောင်းမြတ်ဇော်ကို အထီးကျန်ဆန်စွာ ထားရစ်ခဲ့လေသော ချစ်ဇနီးစုနန္ဒာအား ယနေ့
တိုင် တမ်းတ၍ လွမ်းနေရဆဲပါ။ ကောင်းမြတ်ဇော်က မတ်တတ်ရပ်နေရာမှ အိပ်ခန်းလေးအတွင်းသို့ ဝင်၍
ခုတင်နိမ့်နိမ့်လေးပေါ်သို့ ဖြည်းညင်းစွာ ဝင်ထိုင်လိုက်သည်။ အိပ်ခန်းလေးအတွင်း၌ စုနန္ဒာ၏ အငွေ့အသက်တို့က ပျောက်ပျက်မသွားဘဲ ရှိနေဆဲပါလား။

မည်သည့်နေရာကိုပဲကြည့်ကြည့် စုနန္ဒာနှင့် ပတ်သက်သော အရာတွေချည်း၊ တစ်ချိန်က စုနန္ဒာ၏ ခြေရာလက်ရာ
တွေက အတိတ်အား အရိပ်ပမာ ရှိနေဆဲပင်၊ အရာရာ၌ စုနန္ဒာ၏ အရိပ်အငွေ့များနှင့် မကင်းခဲ့သော်ငြား ခုများတော့ ပိုင်ရှင်မဲ့အခြေအနေသို့ ရောက်ခဲ့သည်မှာ မကြာသေး၊ ဟိုးလွန်ခဲ့သည့် နှစ်လကျော်ကျော် သုံးလအတွင်း ရက်ပိုင်းတွေမှာပင် ဆိုပါစို့၊ တကယ်တော့ သူ့အသက်မကချစ်ခဲ့ရသော စုနန္ဒာတစ်ယောက် လူ့လောကကြီးထဲမှ စွန့်ခွာသွားခဲ့ချေပြီတည်း။

ချစ်ရသော စုနန္ဒာ ရုတ်တရက် လောကကြီးမှ ထွက်ခွာသွားလေသောအခါ ရင်နင့်အောင်ချစ်သည့် ကောင်းမြတ်
ဇော်အဖို့ အလွမ်းနာကို မဖြေသိမ့်နိုင်အောင် ဖြစ်ခဲ့ရသည်လေ။ ဝေဒနာအား အချိန်ပိုင်းက ကုစားပေးနိုင်သည်ဟု
ဆိုကြသည့်အတိုင်း ထိုအချိန်ပိုင်းအား မေ့မေ့ပျောက်ပျောက် ဖြစ်ရန်အတွက် လေလွင့်ခြင်း ခရီးထွက်ခဲ့ခြင်းပင်
ဖြစ်ပါ၏။ သို့စဉ်တိုင် ကောင်းမြတ်ဇော်မှာ စုနန္ဒာကို မှန်းဆ၍ တမ်းတနေဆဲ။ နွမ်းလျ၍ လွမ်းနေရဆဲပင်။ သူ့ဘဝထဲမှ ပြေးထွက်သွားခဲ့သော စုနန္ဒာ၏ နောက်ဆုံးနေ့ရက်များအား သူ့စိတ်ထဲတွင် ပြန်ပြောင်းမြင်လာရပြန်သည်။
ထိုနေ့က မိုးသည်းထန်စွာ ရွာခဲ့သည်ကို အမှတ်ရလာသည်။

သူတို့နှစ်ဦး တက္ကသိုလ်မှာ တွေ့ဆုံခဲ့ကြသည်။ ပထမနှစ်ပိုင်းတွင် အပေါင်းအသင်း သူငယ်ချင်းပဲပေါ့။ ဒုတိယနှစ်
ရောက်တော့ သံယောဇဉ်ကြိုးများဖြင့် ဖွဲ့သီထားသော ချစ်သူတို့ဘဝသို့ ရောက်ခဲ့ရသည်ဟုပင် ဆိုရပေမည်။
သူတို့ဘဝ အစစ အဆင်ပြေခဲ့ကြသည်ဟု ဆိုရချိမ့်မည်၊ နှစ်ဖက်မိဘများကလည်း တူညီသဘောထား ရှိထား
သည်မို့ ကျောင်းပညာ ပြီးဆုံးအောင် သင်ကြားတတ်မြောက်သည်နှင့် လက်ထပ်ထိမ်းမြားခဲ့သည်။
ကောင်းမြတ်ဇော်အတွက် ပိုအဆင်ပြေခဲ့သည်က ဘွဲ့ရသည်နှင့် ကုမ္ပဏီတစ်ခုတွင် အလုပ်ဝင်လုပ်နိုင်ခဲ့သည်။
လုပ်ငန်းတာဝန်အရ ပြည်နယ်၏ နယ်စပ်မြို့လေးတစ်မြို့မှာပင်ဖြစ်သည်။
ထို့ကြောင့် မိဘများနှင့်အတူ ကောင်းစွာမနေလိုက်ကြရ။ အိုးသစ်အိမ်သစ်နှင့် ဘဝသစ်အား တူနှစ်ကိုယ်
ထူထောင်နိုင်ခဲ့ကြသည်ဟုပင် ဆိုကြပါစို့။

ကြင်စဦး ဇနီးမောင်နှံများတွင် လွတ်လပ်မှုဆိုသည်မှာ မည်သည့်အရာနှင့်မျှ မလဲနိုင်သောအရာပင် မဟုတ်ပါလား။
ဇနီးမောင်နှံနှစ်ဦးတည်း နေခဲ့ကြသည့် သျှောင်နောက်ဆံထုံးပါ ဆိုဘိသကဲ့သို့ စုနန္ဒာမှာ မည်သည့်အလုပ်မျှ ဝင်မလုပ်ဘဲ ခင်ပွန်းသည် တာဝန်ကျရာသို့ လိုက်ခဲ့ရသည်မှာ စိတ်ချမ်းသာသည်ဟု ဆိုရပေမည်။ သို့သော်ငြားလည်း လူ့လောကတွင် အရာရာတိုင်း အချိန်တိုင်း၌ ချောမွေ့ ပြေပြစ်ခဲ့ရသည်ချည်းကား မဟုတ်ပါလေခဲ့။

ကုမ္ပဏီဆိုတော့ အချိန်ပြည့်လည်း လုပ်ငန်းခွင်ဝင်ရသည်။ တစ်ခါတစ်ရံ အိုတီ ဆင်းရသေးသည်။ အချိန်ပိုကြေးငွေရရှိသဖြင့် မတောင့်တ မကြောင့်မကြ နေခဲ့ရသည်ကတော့ မှန်ပါ၏။ သို့ပေမင့် လင်နှင့်မယား ထိတွေ့ချိန်က
နည်းပါးဘိခြင်း၊ ကြားလေသွေးရင် ဝေးသည်ဟုပင် ထင်ရသည့် အချိန်အခါမျိုးမို့ စုနန္ဒာမှာ ခင်ပွန်းသည်၏ လုပ်
ငန်းအပေါ် ငြိုငြင်စပြုလာသည်။ တကယ်တမ်းဆိုလျှင် သူတို့၏ အိမ်ထောင်ဘဝသက်တမ်းမှာ တစ်နှစ်ပင်
မရှိတတ်သေး။

တစ်နေ့တွင် ကောင်းမြတ်ဇော် အလုပ်ခွင်မှ အချိန်စော၍ ပြန်လာခဲ့သည်။ ယခင်ရက်များ၌ သူ့အလုပ်မှ အပြန်
စုနန္ဒာက အပြုံးလေးဖြင့် ကြိုဆိုနေတတ်သည်သာ။ ထိုနေ့က မှတ်မှတ်ရရ စုနန္ဒာတစ်ယောက် အိမ်မှာ မတွေ့ရဘဲ ပျောက်နေသည်။ ကောင်းမြတ်ဇော်မှာ အချိန်စောပြန်လာပါမှ ဆီးကြိုမည့်သူ မတွေ့ရဘဲ ဖြစ်ခဲ့ရတော့သည်။
ခါတိုင်း အချိန်ကုန်မှ အိမ်ပြန်လာတတ်သည်မို့ တစ်ယောက်တည်း ကျန်ရစ်ခဲ့သော စုနန္ဒာမှာ ပျင်းရိဖွယ် ဖြစ်ကောင်းဖြစ်နေပါလိမ့်မည်။

အနီးအနားမှ အသိမိတ်ဆွေ အိမ်တစ်အိမ်သို့ အပြင်းပြေ သွားရောက်နေဟန်တူသည်။ မိန်းမဆိုသည့် အမျိုးအစားကလည်း စကားပြောဖော် ရှိပါမှ နို့မဟုတ်လျှင် မနေတတ်မထိုင်တတ် ဖြစ်နေမည်မှာမလွဲ။
ကောင်းမြတ်ဇော်က ထိုအတွေးဖြင့်ပင် သူ့တွင် အပိုရှိနေသော သော့ဖြင့် အိမ်တံခါးကို ဖွင့်၍ အိမ်အတွင်းသို့ ဝင်
လာခဲ့ရတော့သည်။ မကြာမတင်မှာပင် မမျှော်လင့်ဘဲ မိုးက သည်းထန်စွာ ရွာချလိုက်ပါလေတော့သည်။

အငြိုးကြီးသည့်မိုးက တော်တော်နှင့်မတိတ်။ စုနန္ဒာအနေနှင့်လည်း မိုးရွာထဲ ပြန်လာနိုင်မည် မဟုတ်ပါချေ။
ကောင်းမြတ်ဇော်က အိပ်ခန်းတွင်းသို့ဝင်၍ အဝတ်အစားများအား လဲဝတ်နေလိုက်သည်။ ထိုအချိန်မှာပင်
စုနန္ဒာ အိမ်ပြန်ရောက်လာသည်။ သူမတွင် မိုးရေကို ကာကွယ်ရန် အကာအရံတစ်ခုတစ်လေမျှ လွှမ်းခြုံထားခြင်းမရှိ။ မိုးရွာထဲတွင် ပကတိရေများ စိုရွှဲစွာဖြင့် ပြန်ရောက်လာခဲ့ခြင်းသာတည်း။ ခင်ပွန်းဖြစ်သူ အိမ်ပြန်ရောက်နေသည်ကို တွေ့ရတော့ စုနန္ဒာ အံ့သြသွားရသည်။

►မိုးရွာကြီးထဲ ဘာဖြစ်လို့ မိုးရေအစိုရွှဲခံပြီး ပြန်လာခဲ့ရတာလဲ စုနန္ဒာရယ်..
  အအေးမိပြီး ဖျားနာနေမှဖြင့်..မိုးတိတ်မှ ပြန်လာလဲ ရတာပဲဥစ္စာ...
ဇနီးစုနန္ဒာက သူမ၏ ခန္ဓာကိုယ်ပေါ်မှ မိုးရေစက်များအား ခါထုတ်ခိုက်မှာပင် ကောင်းမြတ်ဇော်က စိုးရိမ်တကြီးနှင့် ပြောလိုက်၏။ သူ့လေသံတွင် ကြင်နာစိုးရိမ်မှုတွေ ပါနေသည်။

►အိုး..မိုးက ဘယ်အချိန် တိတ်မှန်းမှ မသိတာ..  နောက်ပြီး မောင်အလုပ်က ပြန်လာလို့ နန္ဒာကို မတွေ့ရင် စိုးရိမ်နေမှာ စိုးလို့ပေါ့...
►သြော်..နန္ဒာရယ်.. ဖြစ်မှဖြစ်ရလေ..  မောင်က နေထိုင်မကောင်း ဖြစ်မှာစိုးလို့...

ကောင်းမြတ်ဇော်၏ အဖြေက သည်မျှသာ ဖြစ်ပါလေ၏။ သူတို့မှာ နှစ်ဦးသား နေကြသည်ဆိုတော့ တစ်ဦးတစ်ယောက် နေထိုင်မကောင်းဖြစ်လျှင် မခက်ပါလား။ ကောင်းမြတ်ဇော်က အိပ်ခန်းတွင်းသို့ဝင်၍ တဘက်ပွပွကြီး
တစ်ထည်အား အမြန်ယူ၍ ပြန်ထွက်လာသည်။ တဘက်အား ချက်ချင်း စုနန္ဒာအားမပေးသေးဘဲ သူမအား
ကြည့်နေလိုက်သည်။ တစ်ကိုယ်လုံး မိုးရေများ စိုရွှဲနေသော စုနန္ဒာ၏ ခန္ဓာကိုယ်တွင် အဝတ်အစားများက ကပ်ကပ်ရပ်ရပ်နှင့် တစ်မျိုးကြည့်ကောင်းနေချေသည်လေ။
စုနန္ဒာ၏ ခန္ဓာကိုယ်ရုပ်လုံးမှာ ပကတိ ဖော်ထုတ်ပြသနေသလိုမို့ ကောင်းမြတ်ဇော်အမြင်ဝယ် ကြည့်၍ပင် ကောင်းနေချေသေးတော့သည်။ ပန်းပုဆရာကျော်တစ်ဦး၏ ထုလုပ်ထားသော လက်ရာပြောင်မြောက်သည့် အလှနတ်မိမယ်တစ်ဦးနှယ်ပါလား။

►ကဲ..တဘက်ကို ယူလာပြီး ဘာပြုလို့ မပေးသေးဘဲ နန္ဒာ့ကို စူးစူးစိုက်စိုက် ကြည့်နေတာလဲလို့..  ပေးပါ..ဒီက ချမ်းတောင်လာပြီ...
စုနန္ဒာက ခင်ပွန်းဖြစ်သူ ယူလာသော တဘက်ကို တောင်းလိုက်၏။ စုနန္ဒာ၏ ငါးရံကိုယ်လုံးလေးအားကြည့်၍
ပင့်သက်မိနေဟန်တူသည်။ အိမ်ထောင်ရှင်တစ်ဦး၏ ယိုယွင်းနေသော အနေအထားမျိုးမဟုတ်။
ပကတိ နုပျိုသစ်လွင်နေဆဲပင် မဟုတ်ပါလား။

►တော်..ရော့လေ..တဘက်။ ရေချိုးခန်းမှာ ရေထပ်ချိုးပြီးမှ အဝတ်အစားလဲလိုက်လေ။ 
  နန္ဒာသောက်ဖို့ ကော်ဖီမစ် မောင် အဆင်သင့် လုပ်ထားလိုက်မယ်...
မိမိဇနီးသည်၏ အလှဝယ် နစ်မျောနေရာမှ သတိပြန်ဝင်လာဟန်ဖြင့် ကောင်းမြတ်ဇော်က တဘက်ကိုပေးလိုက်သည်။ စုနန္ဒာက ပြုံးစစမျက်နှာထားဖြင့် ခင်ပွန်းဖြစ်သူအား ကြည့်ရင်း ခေါင်းလေးကို မသိမသာ ညိတ်ပြလိုက်ပါလေ၏။ ကောင်းမြတ်ဇော် ရေနွေးတည်နေချိန်တွင် စုနန္ဒာ၏ ရေချိုးနေသံကို ကြားလိုက်ရသည်။

နောက်တစ်နေ့မှာပင် စုနန္ဒာ မိုးမိရာမှ အအေးပတ်၍ ဖျားလေတော့သည်။ ကောင်းမြတ်ဇော်က အိမ်သုံးဆေးသေတ္တာမှ အဖျားပြတ်ဆေးများတိုက်၍ ပြုစုသည်။
►မောင်..အလုပ်သွားလို့ ဖြစ်ပါ့မလားနန္ဒာ..  မဖြစ်ရင် ကုမဏီကို အကြိုးအကြောင်း ပြောပြီး ပြန်လာခဲ့မယ်လေ.. တော်ကြာ နန္ဒာတစ်ယောက်တည်းမို့ အားငယ်နေမှာစိုးတယ်...
►နန္ဒာနေရထိုင်ရတာ ဒီလောက် မဆိုးပါဘူး..မောင်ရယ်..  ဆေးသောက်ထားတာပဲ အတော်ကြာ သက်သာသွားမှာပါ..  ကုမဏီလုပ်ငန်းဆိုတော့ မောင်ခွင့်ယူတာကို သူတို့က ကြိုက်ချင်မှကြိုက်မှာ...

စုနန္ဒာစကားကြောင့် ကောင်းမြတ်ဇော်၏ စိုးရိမ်စိတ်များ ကျဆင်းလျော့ကျသွားရတော့သည်။ ကုမ္ပဏီရောက်၍
လုပ်ငန်းဝင်သည့်တိုင် သူ့စိတ်မှာ ဇနီးစုနန္ဒာဆီသို့သာ ရောက်နေသည်။ အလုပ်လုပ်ရသည်မှာပင် အမှားမှား
အယွင်းယွင်းတွေနှင့် ကြုံရသည်။ ထိုစဉ် ကုမ္ပဏီမန်နေဂျာမှ သူ့အားခေါ်၍ အရေးပေါ်လုပ်ဆောင်ရမည့် တာဝန်
တစ်ခုကို ပေးအပ်ခြင်း ခံလိုက်ရပြန်သည်။ ကုမ္ပဏီ၏ ဆောက်လုပ်ဆဲလုပ်ငန်းအတွက် လိုအပ်သော ပစ္စည်းများအား သူကိုယ်တိုင် ဦးစီး၍ သွားယူရန်ပင်ဖြစ်သည်။

ထိုတာဝန်ပေးမှုကြောင့် ကောင်းမြတ်ဇော် ဦးနှောက်ခြောက်သွားရတော့သည်။ နေအိမ်မှာပင် လူမမာဇနီးတစ်
ယောက်ထဲပင် မဟုတ်ပါလား။ ကုမ္ပဏီ၏ တာဝန်ပေးမှုကလည်း ရှောင်လွဲ၍ မရစကောင်း။ နောက်ဆုံး ကြံရာမရ
ဖြစ်နေရာမှ သူ့လက်အောက် အလုပ်သမားတစ်ယောက်၏ ဇနီးအား အကူအညီတောင်း၍ စုနန္ဒာအား ပြုစုစောင့်ရှောက်ရန် တာဝန်ပေးခဲ့ရတော့သည်။

သူ့ဘဝဝယ် အရာခပ်သိမ်း အဆင်ပြေချောမွေ့ခဲ့သည်သာ။ ဒီတစ်ကြိမ်တော့ မဟုတ်ပါလေတော့။ ပစ္စည်းသွားယူ
ရာတွင် အဆင်မပြေသဖြင့် ထိုမြို့မှာ နှစ်ညအိပ်ခဲ့ရသည်။ ကုမ္ပဏီရောက်တော့လည်း ပစ္စည်းများအား စာရင်းနှင့်
သေချာစွာ ပေးအပ်ပြီးမှ ထွက်ခွာခွင့်ရခဲ့သည်။ သူ့ကုမ္ပဏီပြန်ရောက်စဉ် သူ့အား တစေ့တစောင်း ကြည့်နေခြင်းကို ခံခဲ့ရသည်။ သူတို့အကြည့်က တစ်မျိုးတော့ ထူးခြားမှု ရှိနေသလိုပင်။

ကောင်းမြတ်ဇော် အိမ်သို့ အပြေးအလွှား ပြန်ရောက်လာခဲ့သည်။ အိမ်တွင် ကုမ္ပဏီမှ လူတစ်ချို့ကိုလလည်း
တွေ့လိုက်ရပါလေ၏။ သူခရီးထွက်စဉ် စုနန္ဒာအား လာရောက် စောင့်ရှောက်နေကြသူတွေပဲထင့်။
သူမရှိစဉ် လာရောက် စောင့်ရှောက်ကြသဖြင့် စိတ်ထဲမှ ကျေးဇူးပင် တင်လိုက်မိသည်။ သို့ပေမင့် အထင်နှင့်
အမြင် လွဲမှားခဲ့ပါပြီ။ ကောင်းမြတ်ဇော် အလာကောင်းသော်လည်း အခါနှောင်းသွားခဲ့ချေပြီတကား။ စုနန္ဒာ သူ့ကို
ပင် မစောင့်တော့။ အအေးမိဖျားနာရာမှ နမိုးနီးယားဝင်ကာ လူ့လောကနှင့်အတူ သူ့ကိုပါ အပြီးအပိုင်စွန့်ခွာသွားခဲ့ပြီတဲ့လေ။ တည်ဆောက်ပြီးစ သူတို့၏ အိမ်ထောင်သက်ကလေး တစ်နှစ်ပြည့်လုဆဲဆဲမှာပင် ပြိုကွဲပျက်စီးသွားရပါချေပြီကော။

ကောင်းမြတ်ဇော်မှာ အရူးကြီးပမာ ကျန်ရစ်ခဲ့ရတော့သည်။ ကုမ္ပဏီ လူကြီးများက စုနန္ဒာ၏ အခြေအနေ မကောင်း
၍ ဖုန်းဆက်အကြောင်းကြားခဲ့သော်လည်း နယ်စပ်မြို့ငယ်ကလေး ဖြစ်နေသဖြင့် ဖုန်းကွန်တက်မရဘဲ ဖြစ်ခဲ့ရ
သည်ဟု စိတ်မကောင်းစွာ ပြန်ပြောကြသည်။ ဆရာဝန်ပင့်၍ ကုသခဲ့ကြသော်လည်း အခြေအနေမှာ လွန်နေပြီ
ဖြစ်၍ အားလုံးမှာ စိတ်မချမ်းမသာ ဖြစ်ရုံမှတပါး အခြားဘာမှ မတတ်နိုင်တော့ဘဲ လက်မှိုင်ချကာ စိတ်မကောင်းဖြစ်ခဲ့ကြရသည်ဟု ဆိုသည်။
နောက်ဆုံးတွင် ချစ်သူသက်ထား ဇနီးမယားလေး စုနန္ဒာအား နယ်စပ်မြို့လေး၏ သုသာန်တစပြင်ဝယ် ရင်နင့်ဖွယ် အုတ်ဂူသွင်း၍ သဂြိုလ်ခြင်းအမှုကို ပြုလုပ်ခဲ့ရတော့သည်။

တစ်ခုတော့ ထူးဆန်းဘိသို့ ရှိနေသည်မှာ ဒီမြို့လေး၏ ဓလေ့စရိုက်ပင် ဖြစ်ပါလေ၏။ တစ်ကျောင်း တစ်ဂါထာ
တစ်ရွာတစ်ပုဒ်ဆန်းဆိုသလို ထိုမြို့လေးမှာ ထူးခြားမှုတစ်ခု ရှိနေသည်ကို တွေ့ရသည်။ ထိုဒေသတွင် သေဆုံး
သူများအား အုတ်ဂူသွင်း၍ သဂြိုလ်ခြင်းပြုကြရာတွင် ထိုပုဂ္ဂိုလ် သက်ရှိထင်ရှား ရှိခဲ့စဉ်က ကောင်းမှုအ၀၀ဖြစ်စေ၊ ကျန်ရစ်သူ၏ သေဆုံးသူအကျိုးခံစားချက် မှာကြားလိုချက်များအား အုတ်ဂူတွင် ကမည်းထိုး စာလုံးထွင်း၍ မှတ်တမ်းတင်ကြရသည်တဲ့လေ။
ကောင်းမြတ်ဇော်အနေဖြင့် ရောမရောက်၍ ရောမလိုပင် ကျင့်ကြံရတော့သည်။ သူ့အနေဖြင့် တစ်စုံတစ်ရာ ရေးသားဖော်ပြခြင်း မပြုလိုတော့ဘဲ သူ၏ ခံစားချက်ကိုသာ စုနန္ဒာ၏ အုတ်ဂူတွင် စာလုံးထွင်းကမည်းထိုးထားလိုက်တော့သည်။
စုနန္ဒာ၏ အုတ်ဂူတွင် ထင်ထင်ရှားရှားကမည်းထိုး ရေးထားသည်မှာ-

(မေတ္တာပြိုင်ဆဲ သစ္စာခိုင်မြဲ ရွှေလက်တွဲစဉ်
 ပေါင်းခွင့်မကြုံ ဤ လူ့ဘုံမှ
 ရေစက်ကုန်၍ စွန့်ခွာပြေးထွက်
 သွားရစ်လေသူ မောင့်ချစ်သူအား
 တို့များတစ်သက် မမေ့ရက်တည
့်) ဟူ၍ ပင်။

ယခင်က အရက်မသောက်တတ်သည့် ကောင်းမြတ်ဇော် ယခုတော့ အရက်သောက်နေခဲ့ပြီလေ။ ချစ်ဇနီး
စုနန္ဒာ သေဆုံးသွားပြီးနောက် စိတ်ပြေလက်ပျောက် အရက်သောက်ဖြစ်ခဲ့ခြင်းပင် ဖြစ်သည်။ စုနန္ဒာအား သတိရတမ်းတ လွမ်းဆွတ်နေခြင်းတို့မှ စိတ်၏ ဖြေရာ အဖြေရှာသည့်အနေဖြင့် အရက်ကို အဖော်လုပ်ခဲ့သည်ဟူသော အကြောင်းပြချက်ပင် ဖြစ်သည်။

တစ်ညနေ အရက်ဘားမှအပြန် အိမ်ခန်းဆီမဝင်တော့။ အိမ်ရောက်လျှင် သူ၏ အထီးကျန်ဘ၀က ဇနီးဖြစ်သူအား
ပို၍ပို၍ အောက်မေ့တမ်းတနေမည်သာဖြစ်သည် မဟုတ်ပါလား။ ကောင်းမြတ်ဇော် ဇနီးသည်သေဆုံး၍ နှစ်လ
ပြည့်သောနေ့မို့ ပို၍ အရက်ကို သောက်ဖြစ်လာခဲ့သည်။ အရက်၏ ရီဝေေ၀အရှိန်လေးက စုနန္ဒာ၏ အုတ်ဂူရှိရာ သုသာန်တစပြင်သို့ ခပ်ထွေထွေဖြင့် ရောက်လာခဲ့ရတော့သည်။ သုသာန်သချိုင်းဆိုသည်က လူသူအရောက်အ
ပေါက်နည်းပါးသော အရပ်ပင်။ သူတစ်ယောက်သာလျှင် စိတ်ရူးပေါက်၍ ရောက်လာခဲ့ခြင်းမျှသာ။

စုနန္ဒာ၏ အုတ်ဂူထက်တွင် သစ်ရွက်ကြွေတို့က ပြည့်မောက်နေသည်။ နှစ်လတာကာလအတွင်း ပြောင်းလဲခြင်းမရှိသော အမိုးအကာမဲ့သော အုတ်ဂူတိုင်းမှာ သစ်ရွက်အမှိုက်သရိုက်တွေနှင့်သာ ဖြစ်သည်။ ကောင်းမြတ်ဇော်က ကြောက်ရွံ့မှုကင်းသော မျက်လုံးများဖြင့် အခြားအုတ်ဂူများရှိရာ ဘေးဘီသို့ ရီဝေစွာ ဝေ့ကစားကြည့်လိုက်၏။
အုတ်ဂူတစ်ခု၏ ဘေးနား သစ်ပင်တွင် တံမြက်စည်းတစ်ချောင်း ထောင်ထားသည်ကို တွေ့လိုက်ရသည်။
ထိုတံမြက်စည်းကိုယူ၍ ဇနီးဖြစ်သူ၏ အုတ်ဂူပေါ်မှ သစ်ရွက်အမှိုက်များအား ဖယ်ရှင်းထုတ်လိုက်သည်။
ဇနီး၏အုတ်ဂူအား ဖယ်ရှင်းသုတ်သင်ပြီးသောအခါ နေမင်း၏ နီဖျော့ဖျော့ အလင်းရောင်မှာ ပြိုကျလုဆဲဆဲ အချိန်သို့ပင် ရောက်နေပေပြီ။ ယမကာ၏ အရှိန်နှင့် သန့်ရှင်းရေးလုပ်လိုက်သည့် လှုပ်ရှားမှုတို့ကြောင့် အနည်းငယ်ပင်ပန်းနွမ်းနယ်သလို ဖြစ်သွားသည်။

ကောင်းမြတ်ဇော် အမောဖြေရန်အလို့ဌာ အနီးနားရှိ သုသာန်ဇရပ်ပေါ်သို့တက်၍ သူ၏ ခန္ဓာကိုယ်ကြီးအား ပစ်လှဲချလိုက်တော့သည်။ မူးယစ်သည့်အရှိန်က သူ့အား မှေးကနဲ အိပ်ပျော်သွားစေတော့သည်။
အိပ်မက်ထဲတွင် တစ်စုံတစ်ယောက်က ပုတ်နှိုးလိုက်သလို ခံစားလိုက်ရသဖြင့် မှိတ်ထားသော မျက်လုံးများအား
လေးကန်စွာကဖြင့် ဖွင့်ကြည့်လိုက်ရလေ၏။ ထိုအခိုက်အတန့်မှာပင် ဖြစ်သည်။ သုသာန်တစပြင်တစ်ခုလုံး လှုပ်လှုပ်ရွရွ ဖြစ်သွားတော့သည်။

ကောင်းမြတ်ဇော် ထိတ်ထိတ်ပျာပျာဖြင့် ထထိုင်လိုက်၏။ သုသာန်အတွင်းရှိ အုတ်ဂူတိုင်းမှ အရိုးစုများက အပြင်
ဘက်သို့ ထိုးဖောက်ထွက်လာကြသည်ကို မြင်တွေ့လိုက်ရသည်။ အရိုးစုများက သေဆုံးစဉ်က မိမိတို့ အုတ်ဂူတွင်
ရေးထိုးထားကြသော ချီးကျူးထောပနာပြုထားသည့် စာတန်းများအားကြည့်၍ ပြုတ်ကျမသွားသေးသော သွားများပေါ်အောင် တဟားဟား ရယ်မောနေကြသည်မှာ ကျောချမ်းစရာပင်။

အရိုးစုများ၏ ရယ်သံတွေက သူ့အား ခြောက်လှန့်နေဘိသို့ ခံစားလိုက်ရသဖြင့် အမူးတွေအားလုံး ပျက်ပြယ်ကုန်
ပေပြီ။ ကောင်းမြတ်ဇော် လှဲနေရာမှ ထရပ်လိုက်၏။ သူမှင်တက်မိသလို ဖြစ်နေစဉ်မှာပင် အရိုးစုများက အနီးရှိ
အုတ်ကြိုးအုတ်ပဲ့ကျောက်ခဲများဖြင့် ရေးထိုးထားသော ကမ္ပည်းစာတမ်းများကို ဖျက်ဆီးပစ်လိုက်ကြသည်။
ထူးဆန်းအံ့သြဖွယ်ကောင်းလေစွ။

နောက်တစ်ဖန် ပျက်စီးသွားသော စာတမ်းများနေရာတွင် အသစ်တစ်ဖန် ကမ္ပည်းစာတမ်းများ ရေးထိုးလိုက်ကြ
ပြန်သည်။ ထိုအချိန်မှာပင် ကောင်းမြတ်ဇော် တစ်စုံတစ်ခုအား ဖျက်ကနဲ သတိရလိုက်လေတော့သည်။
ထိုအရာကား သူ့ဇနီးစုနန္ဒာ၏ အတိတ်က ဖြစ်ရပ်အမှန်များအား သိချင်လာခြင်းပင် ဖြစ်ပါလေ၏။ သူ့ဇနီး စုနန္ဒာ
သည်ပင်လျှင် သူတို့နည်းတူ သက်ရှိဘဝက သူမ၏ လုပ်ရပ်များအား ဖော်ထုတ်ရေးသားလေပြီလား။
ထိုအဖြေအား ကောင်းမြတ်ဇော် သိချင်စိတ်တွေ တရိပ်ရိပ်ပေါ်လာသည်။ ထို့ကြောင့်ပင် ဇနီး စုနန္ဒာ၏ အုတ်ဂူရှိ
ရာသို့ မပြေးရုံတမယ် သွားကြည့်လိုက်တော့သည်။ စုနန္ဒာ၏ အုတ်ဂူကိုလည်း အရိုးစုတစ်ခုက တဟားဟားရယ်မော၍ ဖျက်ဆီးနေပါပကောလား။

အရိုးစုမှာ စုနန္ဒာ၏ အရိုးစုဖြစ်မှန်း သူ ကောင်းကောင်းသိလိုက်သည်။
အဘယ့်ကြောင့်ဆိုလျှင် စုနန္ဒာ သေဆုံးစဉ်က သူမ၏ အလောင်းတွင် သူမအမြတ်တနိုးရှိလှသော လည်စီးနီနီလေးအား ကောင်းမြတ်ဇော် ကိုယ်တိုင် ရစ်ပတ်ပေးလိုက်ခြင်းကြောင့်ပင်ဖြစ်သည်။

ယခုတော့ ထိုအရိုးစု၏ လည်တိုင်တွင် အထင်အရှား ရှိနေပါကလား။
လည်စီးနီနီလေးက လရောင်အောက်တွင် တလွင့်လွင့်နှင့် လှုပ်ရှားနေသည်။ ကောင်းမြတ်ဇော် ကိုယ်တိုင်အမှတ်
တရ ရေးထိုးထားခဲ့သော အုတ်ဂူပေါ်မှ စာတန်းမှာ ကွယ်ပျောက်နေပြီ။ စုနန္ဒာ၏ အရိုးစုက ဖျက်ဆီးထားသော သူမ၏ အုတ်ဂူပေါ်၌ အတိတ်မှ သူမ၏ ဖြစ်ရပ်အမှန်ကို ပြန်လည်ရေးသားနေတော့သည်။

သူ့နှုတ်မှလည်း တတွတ်တွတ်နှင့် ခပ်တိုးတိုး ရေရွတ်ရင်း ဖတ်လိုက်ခြင်းဖြစ်သည်။
စာတမ်း၏ ဖော်ပြချက်ကား...

(ခင်ပွန်းယောက်ျား၊ ရှိသော်ငြားလည်း
 ဖောက်ပြားစိတ်ဝင်၊ မဆင်ခြင်ဘဲ
 လင်ငယ်နှင့်တွေ့ ကြည်ပျော်မွေ့စဉ်
 အဖျားဝင်၍ သေခဲ့ရသည်
)......။

စာဖတ်သူများ ကျန်းမာ၊ ချမ်းသာကြပါစေ။
@yexin189

No comments:

Post a Comment