Wednesday, October 14, 2015

မဲလ်စတုန်းမဟာတွင်းနက်ကြီး


စာရေးဆရာ ►►►မြသိန်း
A Descend Into The Maelstrom By Edgar Allan Poe


လူအိုပုံသဏ္ဍာန် ပေါက်နေသူသည် သူပြောလိုရာများကို ပြောပြီးသောအခါ ပင်ပန်းနွမ်းနယ်သွား၏။

►ဟိုတုန်းကဆိုရင် မင်းသွားလိုတဲ့ နေရာကို ငါနှံ့နှံ့စပ်စပ် လိုက်ပြနိုင်တယ်.. ဒီရေလမ်းခရီးမှာ ငါက ကျွမ်းပြီး
  သားပါ...
ဟု ထိုသူက ပြော၏။
►ဒါပေမယ့်လို့  လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဒီရေပြင်ကျယ်တစ်နေရာမှာ ငါ့တစ်သက် ကြောက်စရာအကောင်းဆုံး ဖြစ်ရပ်နဲ့ ကြုံခဲ့ရလို့ ငါမင်းကို လိုက်ပြဖို့ ဝန်လေးသွားပြီ.. မင်း ငါ့ဆံပင်ကို ကြည့်စမ်း.. ဆွတ်ဆွတ်ဖြူနေတယ် မဟုတ်လား.. အဲဒီဆံပင်ဟာ တစ်ရက်အတွင်းမှာ ဖြူသွားတာ...

ကျွန်ုပ်သည် လူအိုပုံသဏ္ဍာန် ပေါက်နေသော ထိုသူနှင့်အတူ တောင်စွန်းတစ်ခုပေါ်သို့ အတူတကွ တက်သွားကြသည်။ ၄င်းနေရာမှကြည့်လျှင် ကျယ်ပြန့်ပြီး အပြာရောင်သန်းနေသော ရေပြင်ကျယ်ကြီးကို တွေ့ရမည် ဖြစ်၏။

ကျွန်ုပ်သည် နော်ဝေးဒေသ၏ ကမ်းခြေအလှကို လေ့လာရန်နှင့် အပျော်လှေစီးရန် နော်ဝေးနိုင်ငံ မြောက်ပိုင်းသို့ ရောက်ရှိနေခြင်း ဖြစ်၏။ နော်ဝေးကမ်းခြေတစ်လျှောက်၌ ကျွန်းကြီးကျွန်းငယ်များကို ကျွန်ုပ်တို့ တွေ့ရ၏။

ကျွန်ုပ်တို့ ရောက်ခါစတွင် လေမှာငြိမ်နေသော်လည်း ဆယ်မိနစ်ခန့်အကြာ၌ လေပြင်းများ စတင် တိုက်ခိုက်လာလေတော့၏။ ကျွန်ုပ်တို့ရှိရာ နေရာရှိ ကျောက်တုံးအငယ်စားများပင် လေဒဏ်ကြောင့် လှုပ်ရှားလာ၏။
ကျွန်ုပ်တို့ နှစ်ယောက်သည် လေပြင်းနှင့်အတူ ပါမသွားရန် မြေကြီးပေါ်၌ ပြားချပ်အောင် ဝပ်နေကြရ၏။

►ဒီအခြေအနေဟာ အမြဲတမ်း မဖြစ်ဘူး.. တစ်ခါတစ်ရံမှ ဖြစ်တယ်.. မဲလ်စတုန်း မဟာတွင်းနက်ကြီးရဲ့ လှုပ်ရှားမှုတစ်မျိုး ဖြစ်တယ်...
ဟု ကျွန်ုပ် ခေါ်လာသော လမ်းပြက ပြော၏။ သူသည် မြောက်ဘက်ရှိ မှုန်ပျပျ ကျွန်းတစ်ကျွန်းကို ညွှန်ပြရင်း-
►အဲဒီကျွန်းဟာ မဲလ်စတုန်းကျွန်းပေါ့..
ဟု ပြော၏။

ကျွန်ုပ်တို့ နှစ်ယောက်သည် လေကွယ်ရာသို့ တဖြည်းဖြည်းချင်း ဆင်းသက်လာကြပြီး လုံခြုံသော နေရာအရောက်တွင် အနားယူလိုက်ကြ၏။
►ခင်ဗျားရဲ့ ဇတ်လမ်းကို ကျုပ် နားထောင်ချင်တယ်ဗျာ...
ဟု ကျွန်ုပ်က ပြော၏။
►ဖြည်းဖြည်းပေါ့...
သူက ပြောသည်။

►ဒီလိုကွ.. ငါရယ်၊ ငါ့ရဲ့ညီနှစ်ယောက်ရယ် ငါတို့ပိုင် သင်္ဘောကြီးတစ်စင်းနဲ့ နော်ဝေး၊ အင်္ဂလန်၊ ပြင်သစ် စတဲ့ဒေသတွေဘက်ကို အရောင်းအဝယ် ထွက်လုပ်ကြတယ်.. ငါးလည်းတင်တယ်.. ကုန်ခြောက်လည်း တင်တယ်..  အများဆုံးကတော့ ငါးတွေကို တင်တယ်...
►ခင်ဗျားတို့ လုပ်သက်က ဘယ်လောက် ရှိပြီလဲ...
►ခြောက်နှစ်လောက်ပေါ့...
►ခြောက်နှစ်ဆိုတဲ့ လုပ်သက်က နည်းနည်းကလေးပါ...
►ဆက်ပြောရမယ်ဆိုရင် (၁၈--)ခုနှစ်၊ ဇူလိုင်လ (၁၀)ရက်နေ့ပေါ့.. ဒီရက်ကို ငါ သေသေချာချာ မှတ်မိတယ်..
အဲဒီနေ့မှာ ငါတို့ နော်ဝေးဒေသမှာ တစ်သက်ပြောစမှတ် ဖြစ်လောက်တဲ့ ဟာရီကိန်းလေမုန်တိုင်းကြီး ပေါ်ပေါက်ခဲ့တယ်...

►ဟာရီကိန်းမုန်တိုင်းက ကမ္ဘာ့ဒေသအချို့မှာ ပေါ်ပေါက်လေ့ ရှိစမြဲပဲ မဟုတ်လား...
►ဒါပေမယ့်လို့ အခု ငါပြောမယ့် မုန်တိုင်းကတော့ တခြားမုန်တိုင်းနဲ့ မတူဘူး.. ငါပြောတာကို မင်း ဆက်နားထောင်ရင် သိလာလိမ့်မယ်...
►ပြောပါ...
►အဲဒီနေ့ရဲ့ နံနက်ပိုင်းနဲ့ နေ့လယ်ပိုင်းမှာ ငါတို့သင်္ဘောအပါအဝင် အခြား လှေသင်္ဘောကြီးငယ်တွေ သွားလာနေကြတဲ့ မြောက်ပင်လယ် ရေပြင်ဟာ ငြိမ်သက်နေတယ်.. အနောက်တောင်ဘက်ကတော့ လေပြည်လေညင်းလေးတွေ တိုက်နေလေရဲ့...
►ခင်ဗျားတို့က ဘယ်ကနေ ဘယ်ကို သွားနေကြတာလဲ...
►ငါတို့က ကုန်ပစ္စည်းတွေ တင်ပြီး နော်ဝေးကို ပြန်လာကြတာပေါ့.. အဲ-မွန်းလွဲ ၂နာရီလောက် ရောက်တော့
  ရာသီဥတုဟာ ပြောင်းလာတယ်.. လေပြင်း စတိုက်တော့တယ်..
  တိုက်ပုံတိုက်နည်းက ရှေးကနဲ့ မတူဘူး.. ပိုကြမ်းတယ်.. ငါတို့ သင်္ဘောပေါ်က လူတွေဟာ တော်ရုံတန်ရုံ လေကိုမကြောက်ဘူး.. အခုလေကိုတော့ လန့်ကြတယ်.. ကြောက်ကြတယ်.. အခြေအနေ မကောင်းဘူးကွ ဆိုပြီး ငါက ရွက်တွေကို ချခိုင်းလိုက်တယ်.. ကောင်းကင်ပြင်တစ်ခုလုံးဟာ ကြေးနီရောင် ပြောင်းသွားတယ်...

►ဒါမျိုး ဟိုတုန်းက မကြုံဖူးဘူးလား...
►နည်းနည်းပါးပါးလောက်ပဲ ကြုံဖူးတယ်.. ဒီလောက် ဆိုးတာမျိုး တစ်ခါမှ မကြုံဖူးဘူး.. လေဆင်နှာမောင်းဟေ့ သတိသာ ထားကြပေတော့ လို့ ငါတို့ရဲ့ သင်္ဘောက ဝါရင့် သင်္ဘောသားကြီးတစ်ဦးက ပြောလို့မဆုံးခင်မှာ လေပြင်းကြီး စတိုက်တော့တယ်..
  ရေတွေ သင်္ဘောပေါ်ကို ရောက်လာတယ်.. လေက မွှေ့ရမ်းပြီး တိုက်တယ်..
  သင်္ဘောဟာ ချာလပတ် လည်နေတော့တာပဲ...
  ငါကတော့ အဲဒီအချိန်မှာ သင်္ဘောရဲ့ဦးပိုင်းမှာ သောက်ရေထည့်တဲ့ ရေစည်တွေနားမှာ.. ငါက ရေမရှိတဲ့ ရေစည်တစ်လုံးကို ဖက်တွယ်ထားရင်း ရေစည်ရဲ့ လက်ကိုင်ကြိုးကွင်းကို မြဲမြဲကိုင်ထားတယ်..
  သင်္ဘောဟာ လေဆင်နှာမောင်းရဲ့ ပတ်ချာလည် ဝှေ့ယမ်းမှုဒဏ်ကို ခံရင်း ရေထဲမှာ လည်နေတယ်..
  အဲဒီလို လည်ပတ်ရင်းနဲ့ ငါတို့ သင်္ဘောကြီးက ရေဝဲကြီးထဲ ရောက်မှန်းမသိ ရောက်နေတယ်ဆိုတာ ငါသတိပြုလိုက်မိတယ်...

►ဘယ်လိုဘယ်လို.. ခင်ဗျား ပြောတာ ကျုပ် မရှင်းဘူး...
►ဒီလိုလေ.. လေဆင်နှာမောင်းက ရှိသမျှအရှိန်ကို သုံးပြီး ပတ်ချာလည် ဝှေ့ယမ်းတော့ ရေတွေကို ယတ်ထုတ်ရင်း ရေပြင်ဟာ ဂလိုင်ကြီးလို တွင်းနက်ကြီးလို ဖြစ်သွားတာပေါ့...
►လေတိုက်နှုန်းက ဒီလောက်တောင်ပဲ အင်အားကောင်းလှချည်လား...
►ငါ့တစ်သက်မှာ ဒီလောက် အင်အားကောင်းတဲ့ လေမုန်တိုင်းမျိုး မတွေ့ခဲ့ဖူးဘူးကွ..
  လေကပြင်းလေ ရေခံတွင်းနက်ကြီးက နက်လေလေပဲကွ.. ငါတို့ သင်္ဘောဟာ အဲဒီ တွင်းနက်ထဲ တလည်လည်နဲ့ ဝင်သွားတော့တာပဲ...
►ကြောက်စရာကြီးပါလား.. အဲဒီ တွင်းနက်က ဘယ်လောက်ကျယ်သလဲ...

►ခန့်မှန်းခြေအရ ပေသုံးရာဝန်းကျင် လောက်တော့ရှိမယ်ထင်တယ်.. ငါလည်း ရေမရှိတဲ့ ရေစည်လွတ်ရဲ့ ကြိုးကွင်းကို ရှိသမျှအားနဲ့ ဖက်တွယ်ထားရင်း နောက်ဆုံးတော့ တွင်းနက်ထဲကို ရေစည်နဲ့အတူ ငါပါ ကျသွားတော့တာပဲ...
မဲလ်စတုန်းမဟာတွင်းနက်ကြီးဟေ့ လို့ သင်္ဘောပေါ်က ငါကျသွားစဉ် သင်္ဘောသားကြီးတစ်ယောက်ရဲ့
အော်ပြောသံကို ငါကြားလိုက်ရတယ်...
ငါတို့ ရောက်ရှိရာ နေရာမှာ မဲလ်စတုန်းကျွန်း အနီးမှာဖြစ်လို့ မဲလ်စတုန်းတွင်းနက်ကြီးလို့ အမည်ပေးလိုက်ပုံရတယ်...
ငါလည်း ရေထဲကို သစ်သားစည်နဲ့အတူ ကျသွားတုန်း သင်္ဘောကြီးက တွင်းနက်ကြီးထဲမှာ ချာလပတ်ယမ်းရင်း ငါ့အပေါ်မှာ ရှိနေတယ်ဆိုတာ ငါသတိပြုမိတယ်.. ရေစည်ကို ဖက်တွယ်ထားတဲ့ ငါဟာ အောက်ဘက်ကို ကြည့်လိုက်မိတော့ အလွန်နက်ရှိုင်းပြီး အောက်သို့ ကြည့်လေ မှောင်မည်းမည်း ဖြစ်နေတဲ့ တွင်းနက်ကြီးက တဝေါဝေါ
နဲ့အသံ ကျယ်လောင်စွာပြုရင်း ငါ့ထံလာခဲ့၊ ငါ့ထံလာခဲ့၊ လို့ ခေါ်နေသယောင် ငါထင်မှတ်မိတယ်....
ရေကလည်း နာရီလက်တံလို လည်ပတ်နေမှုက မြန်လွန်းမက မြန်လှတယ်...

ငါလည်း သတိရတစ်ချက်မရတစ်ချက်နဲ့ စည်ပိုင်းရဲ့ လက်ကိုင်ကွင်းကို မြဲမြဲကိုင်ထားရင်း စည်ပိုင်းကို အတင်းဖက်တွယ်ထားရတယ်....
တွင်းနက်ကြီးထဲက ရေတွေဟာ ဝေါဝေါဝေါင်းဝေါင်းနဲ့ လည်ပတ်သွားလာနေတာ နားကွဲမတတ် ကျယ်လွန်းလှတယ်...
ငါလည်း ရုတ်တရက် သတိလစ်သွားတယ်.. သတိပြန်ရလို့ မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ ငါတို့ရဲ့ သင်္ဘောဟာ ရေတွင်းနက်ကြီးရဲ့ အောက်ဘက်ကို တဝဲဝဲလည်လည်နှင့် ကျဆင်းနေတာတွေ့ရပြီး ငါဖက်တွယ်ထားတဲ့ သစ်သားစည်ကလည်း သင်္ဘောအပေါ်ဘက် ပေတစ်ရာကျော်ကျော်လောက်မှာ ရှိနေတာကို အံ့သြဖွယ် တွေ့ရတယ်...

လေးလံတဲ့ အရာဝတ္ထုများသည် အောက်သို့ အကျမြန်ပြီး ပေါ့ပါးသောအရာက ရုတ်တရက် အောက်သို့မကျဆိုတဲ့ အချက်ကို ငါ ရုတ်တရက် နားလည်လိုက်တယ်..
ဆွဲငင်အားက ပေါ့ပါးတဲ့ ရေစည်ကို ရုတ်တရက် ချက်ချင်းအောက်ကို ရောက်အောင် ဆွဲငင်ခေါ်ခြင်းမရှိ ဆိုတာကို ငါ သိရှိ နားလည်လိုက်တယ်...
ငါ တွင်းနက်ကြီးထဲကို ငုံကြည့်ရင်း ကြောက်စိတ်တွေ တစ်ကိုယ်လုံး လွှမ်းခြုံသွားရာက ဆံပင်တွေအားလုံး
ထောင်သွားသည်ကို သတိပြုလိုက်မိတယ်.. အဲဒီနောက် ငါ သတိလစ်သွားပြန်တယ်..
ငါ သတိပြန်ရလို့ အောက်ကိုကြည့်လိုက်တော့ ငါတို့ သင်္ဘောဟာ တွင်းနက်ရဲ့အောက်ခြေကို ရောက်သွားတယ် ဆိုတာ မှုန်မွှားမွှား မြင်လိုက်ရပြီး ငါကတော့ တွင်းနက်ရဲ့ အလယ်မှာ ရေတွေနဲ့အတူ တဝဲလည်လည် ဖြစ်နေတယ်...

ဒီအချိန်မှာ ငါသတိပြုမိတာက တွင်းနက်ထဲက ရေတွေဟာ လည်ပတ်မှုနှုန်း နှေးကွေးလာတာပဲ ဖြစ်တယ်..
လေတိုက်နှုန်းကလည်း လျော့ကျစပြုနေပြီ.. လေတိုက်နှုန်းဟာ လေပြည်လေညင်းသာသာပဲ..
တွင်းနက်ကြီးထဲက ရေတွေရဲ့ လည်ပတ်နှုန်းကလည်း နှေးကွေးလာပြီး ရေတွေဟာ အပေါ်ကို တက်နေပြီး
ငါဖက်တွယ်ထားသော ရေစည်ဟာလည်း အပေါ်သို့ တရွေ့ရွေ့ တက်နေကြောင်း တွေ့ရတယ်..
ငါ အရမ်းဝမ်းသာသွားတယ်..
နေဝင်စပြုနေပြီ.. နေရောင် လျော့လျော့လေးက ဖြာကျနေတယ်.. ခဏအကြာမှာ ငါဟာ သစ်သားရေစည်နဲ့အတူ ပင်လယ်ရေပြင်ပေါ်ကို ရောက်လာတော့တယ်...
ငါ မသေတော့ဘူး.. သေတွင်းက လွတ်မြောက်ပြီလို့ စိတ်ကို တုံးတုံးချလိုက်တယ်.. စည်ပိုင်းကို ဖက်တွယ်ရင်း ငါ သတိလစ်သွားတယ်...
ငါသတိပြန်ရတော့ နော်ဝေးကမ်းခြေတစ်နေရာက တံငါသည်တွေရဲ့ အိမ်တစ်အိမ်ထဲ ရောက်နေတာကို သိရတယ်
အဲဒီ တံငါသည်က ငါ့ကို ကယ်ပြီး သူ့တဲကို ခေါ်လာခဲ့တာ ဖြစ်တယ်..
ငါလည်း တစ်ညလုံးလုံး သတိလစ်သွားတယ်..
ငါ့အရင်က မည်းနက်နေတဲ့ ဆံပင်တွေဟာ ဆွတ်ဆွတ်ဖြူသွားတာကို ငါ့ကိုသိတဲ့ တံငါသည်တွေက ပြောကြတယ်.. မှန်ထဲကို ကြည့်လိုက်တဲ့အခါ မှန်ကန်နေကြောင်း တွေ့ရတယ်..
ငါက ငါ့ဖြစ်ရပ်ကို ပြောပြတယ်.. သူတို့က မယုံကြဘူး.. ငါဦးနှောက်ပျက်သွားပြီး တွေ့ကရာ လျှောက်ပြောတယ်လို့ ယူဆကြတယ်..
သူတို့က ဘယ်လို ယူဆယူဆ ငါကတော့ မဲလ်စတုန်းမဟာတွင်းနက်ကြီးကို စဉ်းစားမိရင်း ကြက်သီးဖြန်းဖြန်းထပြီး သင်္ဘောနဲ့အတူ ပါသွားတဲ့ ငါ့ညီတွေနဲ့ သင်္ဘောသားတွေကို သတိရမိတယ်...

 အဲဒီနေ့ကစပြီး ငါလည်း မဲလ်စတုန်းကျွန်းဘက်ကို လုံးဝ မသွားတော့ဘူး.....///


ဖတ်ခဲ့ဖူးသည်များကို တင်ထားခြင်းဖြစ်ပါသည်။ အားလုံးကို ကျေးဇူးတင်ပါသည်။
@yexin189

No comments:

Post a Comment