Tuesday, October 13, 2015

မိသားစုမိတ်ဆွေ


စာရေးသူ   ►►►မောင်မောင်မြင့်သိန်း
Ref: Family Friend

အစ္စဘယ်လာ သူတို့နှင့်အတူ လာနေမည် ဆိုသောအခါတွင် မစ္စတာရောဘတ်တို့ အတော်ဘ၀င်မကျ ဖြစ်ခဲ့သည်။ သို့သော် ပြောရခက်သည့် အနေအထားက သူ့ဇနီးဂျိမ်း၏ သဘောထား။

►ဂျက်က သယ်လိုပဲ လူပေလူတေ အရက်သမားဖြစ်ဖြစ် ဆူဘန်ကိုတော့ ငဲ့ရမယ်..  ဆူဘန်က ကျွန်မတို့ကို သူ့မိသားစုလို သဘောထားခဲ့တာ...
►ဟုတ်ပါတယ်..ကိုယ့်မိသားစုလို သဘောထားကို ငါလက်ခံပါတယ်..  ဒါပေမယ့် သူ့ယောက်ျားက ငါတို့ကို နှပ်သွားတာ..  ဒီအိမ်ကို မတန်မရာ ဈေးခေါ်ပြီး ရောင်းသွားတာ...
မစ္စတာရောဘတ်က အတော်ကာလကြာပြီဖြစ်သော်လည်း အခဲမကြေသေးသည့် လေသံဖြင့် ပြောလိုက်သည်။

►ဒါကတော့ရှင်..ရောင်းသူတစ်ရာ ၀ယ်သူတစ်ဆယ်ပဲ..  သူခေါ်တိုင်း ပေးစရာမလိုဘူး..  ကျွန်မတို့က တန်တယ်ထင်ပြီး ပေါ့လိုက်တာပဲ..  သူ့အပြစ်လို့ ဆိုလို့ရမလား..ထားလိုက်ပါရှင်..  နှစ်တွေ ဒီလောက်ကြာပြီ..ဒီကိစ္စကို ပြောလို့ပဲ မပြီးနိုင်ဘူး...

မစ္စစ်ဂျိမ်းရောဘတ်တို့သည် ကော်ဖီတစ်ခွက်ကို ခရားထဲ ထပ်ငဲ့ထည့်ပြီးမှ ဆက်ပြောလိုက်သည်။
►အခု သူ့စာအရဆိုရင် ဂျက်က ကနေဒါမှာ အလုပ်သွားလုပ်မှာ..  သူ့ကို တစ်ယောက်ထဲ လွှတ်လို့ကတော့ စူဠလိပ် ရေထဲလွှတ်သလိုဖြစ်လိမ့်မယ်..  ဒါ့ကြောင့် ဆူဘန်ပါ လိုက်သွားမှ ဖြစ်မယ်..  ဒါပေမယ့် သူသွားလုပ်ရမှာက ကနေဒါတောဘက်..  အနေမကျသေးဘဲနဲ့ ကလေးမလေးကို ခေါ်သွားလို့ မဖြစ်ဘူး..  ကျောင်းတက်ဖို့ကလည်း ရှိသေးတယ်လေ..  အခုဒီမှာ ကျောင်းပိတ်ရက်ပေးနေပြီး နောက်တစ်လကျရင် ကျောင်းအိပ်ကျောင်းစားသွားနေလိုက်ရင် အဆင်ပြေတာပေါ့...

တွန်ရောဘတ်တိုက သူဖတ်လက်စ သတင်းစာကို ပစ်ချလိုက်ပြီး ပြောလိုက်သည်။
►မင်းသဘောပဲ..  မင်းလုပ်ချင်ရာလုပ်..  ငါ့သဘောလုပ်နေလို့လည်း မင်းက လိုက်လျောမှာ မဟုတ်တာ..
  နောက်ပြီးတော့..အေးလေ..ကလေးမှာ အပြစ်မရှိပါဘူး..  ဒီအိမ်ကို သူ့အဖေက အပုပ်ချသွားတုန်းက ဒီကောင်မလေး ဆယ်နှစ်အရွယ်လောက်ပဲရှိမယ်...
တွန်ရောဘတ်တိုက ပြောပြောဆိုဆို စာကြည့်ခန်းထဲသို့ ၀င်သွားသည်။ လုံးချင်းစာအုပ်ပြီးရန် မပျက်မကွက်ထိုင်မှဖြစ်မည်။

သို့ဖြင့် ဒီဇင်ဘာလ အေးအေးချမ်းချမ်းနေ့တစ်နေ့၏ မြူဆိုင်းနေသည့် ညနေခင်းတစ်ခုတွင် အစ္စဘယ်လာသည် အိမ်ရှေ့တံခါးမှ ရွှင်ပျစွာ လျှောက်ဝင်လာခဲ့သည်။
►ဟယ်..အန်တီဂျိမ်း မတွေ့တာကြာပြီ...
►အင်း..သမီးလည်း အပျိုကြီးဖားဖားကို ဖြစ်လို့...
ဂျိမ်းက အစ္စဘယ်လာကို ဖက်လှဲတကင်း ပွေ့ဖက်ကြိုဆိုနှုတ်ဆက်လိုက်သည်။

►သူ့အခန်းဆီ ပို့လိုက်...
သူမနောက်မှနေ၍ လက်ဆွဲသေတ္တာနှစ်လုံးဆွဲ၍ ၀င်လာသော တွန်ရောဘတ်တိုက ပြောလိုက်သည်။
►ဒါနဲ့ ကျွန်မအတွက် ဘယ်အခန်းပြင်ထားတာလဲ...
အစ္စဘယ်လာက ထက်သန်စွာ မေးလိုက်သည်။
►ဟိုအပေါ်ထပ်က အိပ်ခန်းကြီးကိုပဲ ပြင်ဆင်ထားတယ်..  အပေါ်ထပ်ကဆို အဝေးကို ရှုခင်းလှတော့...
►အို..သမီးအကြိုက်ပေါ့..  အဲဒီအခန်းက အဘွားအခန်း..  အဲဒီပြတင်းပေါက်မှာ အဘွားနဲ့ကျွန်မ ထိုင်ပြီး နေ၀င်ဆည်းဆာကို ကြည့်တတ်ခဲ့ကြတယ်..  သိပ်လှတာပဲ...
အစ္စဘယ်လာ ပြောပြောဆိုဆိုပင် အပေါ်ထပ်သို့ မြူးကြွစွာ ပြေးတက်သွားသည်။

►ကောင်မလေး သိပ်စိတ်ချမ်းသာနေတယ်...
ဂျိမ်းက လှေကားတစ်ထစ်ချိုးရောက်သွားသော အစ္စဘယ်လာနောက်ကျောကို ကြည့်၍ ပြောလိုက်သည်။
►သူ့အိမ်သူ ပြန်ရောက်နေသလိုပဲ...
တွန်ရောဘတ်တိုက အတည်လိုလို အငေါ့လိုလိုပြော၍ သေတ္တာနှစ်လုံးကိုဆွဲကာ လှေကားပေါ်တက်သွားသည်။

အစ္စဘယ်လာသည် သူ့အခန်းထဲတွင်သာ အနေများသည်။ တစ်ခါတစ်ရံတွင်သာ အောက်ထပ်သို့ ဆင်းလေ့ရှိသည်။

►သမီး..မပျင်းဘူးလား..  ဒီမှာ မင်း ဦးလေးကလည်း သူ့စာရေးတဲ့အလုပ်နဲ့..  သူ့အဒေါ်ကလည်း မင်းကို အဖော်မပြုနိုင်တဲ့ အဘွားကြီးဆိုတော့...
►အို..မပူပါနဲ့..  ကျွန်မက လူကြီးတွေနဲ့ နေရတာကို သဘောကျတာ...
အစ္စဘယ်လာ၏ စကားကြောင့် ဂျိမ်း ပီတိဖြစ်သွားသည်။
►ငါ့သမီးက စကားအပြောအဆိုလည်း လိမ္မာလိုက်တာ...

အစ္စဘယ်လာက ပထမတွင် သူမကို မျက်လုံးမှေးကြည့်လိုက်သည်။ ထို့နောက် သူမစကားကို အဓိပ္ပါယ်ပေါက်ပြီး ပြောလိုက်သည်။
►သမီးက လူကြီးတွေနဲ့ နေရတာကို ပြောတာ..  ဟို..အဒေါ်တို့နဲ့ နေရတာကို ပြောတာမဟုတ်ဘူး...
►ဒါဖြင့် ဘယ်သူနဲ့နေရတာကို ပြောတာလဲ...
ဂျိမ်းက နားမလည်စွာ မေးလိုက်သည်။
►ဘွားဘွားနဲ့လေ...
အစ္စဘယ်လာက သူမကို အပြုံးနှင့်ပြော၍ ကိတ်မုန့်တစ်လုံး၊ အအေးတစ်ခွက်နှင့် အိမ်ပေါ်သို့ တက်သွားသည်။
ဂျိမ်းက သူမကို မျက်လုံးအပြူးသားဖြင့် ကြည့်၍ မည်သည့်ကြောင့်မှန်းမသိ။ ကြက်သီးထသွားသည်။
အစ္စဘယ်လာအဘွားသည် အစ္စဘယ်လာဆယ်နှစ်အရွယ် ဤအိမ်မှ သူတို့ မပြောင်းရွှေ့ခင်ကပင် ဤအိမ်ကြီးတွင် ကွယ်လွန်ခဲ့သည် မဟုတ်ပါလား။

နောက်နှစ်ရက်အကြာတွင် တွန်ရောဘတ်တိုသည် သူ၏ ထုတ်ဝေသူနှင့် တွေ့ရန်ရှိ၍ မြို့သို့ ထွက်ခွာသွားခဲ့သည်။ အိမ်သန့်ရှင်းရေးလုပ်ပြီးနောက် အိမ်ရှေ့ခန်းသို့ ထွက်လာသောဂျိမ်းသည် တွန်ရောဘတ်တို၏ စာကြည့်တံခါးဝနားတွင် ရပ်နေသော အစ္စဘယ်လာကို တွေ့လိုက်သည်။

►ဒီအခန်းကို စာကြည့်ခန်းလုပ်ထားတာပဲလား...
►အင်း..စာကြည့်ခန်းပဲလေ..  ဘာဖြစ်လို့လဲ..  သမီး ၀င်ကြည့်ချင်လို့လား..  စာအုပ်တွေကြည့်ရင် ကြည့်..
  ဒါပေမယ့် စားပွဲပေါ်က စာအုပ်တွေတော့ ဘာမှမလုပ်နဲ့..  အဲဒီစာအုပ်တွေက မင်း ဦးလေး လက်ရှိစာရေးရာမှာ အသုံးပြုနေတဲ့ ကျမ်းကိုးတွေ...

►ဘွားဘွားလည်း သဘောကျမှာပဲ..  ဒီအခန်းကို သူလည်း စာကြည့်ခန်းလုပ်ထားခဲ့တာ..  ကျွန်မအတွက် ပုံပြင်စာအုပ်တွေ အများကြီး သူ့စင်ပေါ်က ထုတ်ထုတ်ပေးခဲ့တာ...
အစ္စဘယ်လာသည် ဂျိမ်း၏ စကားကို အရေးမထား။ သူပြောလိုသည့် စကားသာပြော၍ အခန်းထဲသို့
ဝင်သွားသည်။ ဂျိမ်းက နောက်က လိုက်သွားသည်။

တွန်ရောဘတ်တိုက သူ၏ ရေးလက်စစာမူများနှင့် ပတ်သက်လျှင် ပွဲကြမ်းတတ်သည်။ အစ္စဘယ်လာကမူ သူ၏ စာကြည့်စားပွဲကို လျစ်လျူရှု၍ နံရံတစ်လျှောက် ကပ်ထားသည့် စာအုပ်စင်ကြီးများထက်မှ စာအုပ်များကို ကြည့်နေခဲ့သည်။

►ဘွားဘွားရဲ့ စာအုပ်အချို့တောင် ရှိသေးတယ်..  ဘွားဘွားသိပ်သဘောကျမှာပဲ..
အစ္စဘယ်လာ ၀မ်းသာအားရပြော၍ အခန်းထဲမှ ပြေးထွက်သွားသည်။ လှေကားပေါ် တဒုန်းဒုန်း ပြေးတက်သွားသည်။
ဂျိမ်း၏စိတ်ထဲတွင် ထိတ်သွားသည်။ အစ္စဘယ်လာကသာ ဘွားဘွားရေ ဟု ဟစ်အော်ရင်း ပြေးတက်သွားလျှင် ဂျိမ်းသည် နောက်ပြန်လှည့်မကြည့်၊ သည့်အပြင်အချက်တစ်ခုကိုလည်း ထည့်တွက် စဉ်းစားခြင်းမပြုဘဲ ထွက်ပြေးခဲ့မည်ကား အမှန်ပင်။ ခုတော့...။

သူသည် လှေကားထစ်မှနေ၍ တိုးတိုးတိတ်တိတ်လိုက်သွားသည်။ ကောင်မလေး ဘာလုပ်နေသနည်းဟု၊ အထဲမှ အသံများကြောင့် သူမ ကြက်သေသေသွားသည်။ အထဲမှ စကားပြောသံပါလား၊ ဤအိမ်တွင် အစ္စဘယ်လာနှင့် သူမသာရှိသည့်အခန်းတွင် အစ္စဘယ်လာသည် မည်သူနှင့်စကားပြောဆိုနေပါသနည်း။

ဂျိမ်းသည် တံခါးကို ခေါက်လိုက်သည်။
►သမီး..အစ္စဘယ်လာ..ဘယ်သူနဲ့စကားပြောနေတာလဲ...
►သမီးလား..သမီးဘွားဘွားနဲ့လေ..  သမီးဒီအိမ်ကို ပြန်ရထိုက်တယ်..  သမီးပြန်ရအောင် အဘွားလုပ်ပေးမယ်လို့ ပြောနေတာလေ..  ဟုတ်တယ် မဟုတ်လား...

အစ္စဘယ်လာ၏ စကားကို နားထောင်ရင်း မျက်လုံးပြူးသထက်ပြူးသွားသော ဂျိမ်းသည် အခန်းအတွင်းဘက်သို့
အစ္စဘယ်လာက လှည့်၍ ထောက်ခံစကားတောင်းလိုက်သောအခါ အလိုလိုလိုက်ကြည့်မိလိုက်သည်။

ဂျိမ်းရော်နယ်တို..အစ္စဘယ်လာ၏ အခန်းရှေ့တွင် သတိမေ့လဲမကျသွားခင် နောက်ဆုံးမြင်လိုက်သည့်အရာကား..
သူမကို ရှုတည်တည်ကြည့်နေခဲ့သော အစ္စဘယ်လာ၏ အဘွားပင် ဖြစ်လေတော့သည်။

( ဖတ်ခဲ့ဖူးသည်များကို ရိုက်နှိပ် တင်ထားခြင်းဖြစ်သည်။ အားလုံးကို ကျေးဇူးတင်ပါသည်။ )
@yexin189

No comments:

Post a Comment